ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ပြီး ယူကေက ဝင်ရောက်မှုကို ကန့်သတ်တဲ့နိုင်ငံတွေ တိုးလာ

 ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ပြီး ယူကေက ဝင်ရောက်မှုကို ကန့်သတ်တဲ့နိုင်ငံတွေ တိုးလာ

ဗိုင်းရပ်စ် မျိုးကွဲသစ်တစ်ခု တွေ့ရှိခဲ့ပြီးနောက် ဥရောပနိုင်ငံ အတော်များများ အပါအဝင် ကမ္ဘာတစ်ဝန်းက နိုင်ငံအချို့က ယူကေက လာရောက်တဲ့ လေကြောင်းခရီးစဥ်တွေကို ရပ်ဆိုင်းတာတွေ ရှိလာပါတယ်။

ဒါ့အပြင် ယူကေက လာရောက်မယ့် ခရီးစဥ်တွေကို ကန့်သတ်မှုတွေ လုပ်လာတဲ့ နိုင်ငံ အရေအတွက်ဟာလည်း တိုးလာပါတယ်။

ဂျာမနီ အပါအဝင် အီတလီ၊ဘယ်လဂျီယံ၊အိုင်ယာလန်၊တူရကီ၊ဒိန်းမတ်၊နယ်သာလန်၊အိုင်ယာလန်၊ သြစတြီးယား ‌၊ပေါ်တူဂီ၊ဆွီဒင် နဲ့ ကနေဒါတို့ဟာ ယူ‌‌ကေ က လာရောက်တဲ့လေယာဥ်ခရီးစဥ်တွေကို ရပ်ဆိုင်းထားပါတယ်။

ပြင်သစ်ကတော့ ယူကေနဲ့ နယ်စပ်ကို ၄၈ နာရီကြာ ပိတ်ထားပြီး ကုန်တင်ယာဥ်တွေ ဖယ်ရီကူးတို့တွေလည်း ဒိုဗာ ဆိပ်ကမ်းကနေကျော်ပြီး သွားလာလို့ မရတော့ပါဘူး။

ပြင်သစ်နယ်စပ်က ယူကေ အဝင်ကိုပိတ်ထား

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲသစ်တစ်ခု အင်္ဂလန်တောင်ပိုင်းဒေသမှာ တွေ့ရပြီး အဲ့ဒီ ပိုးမျိုးစိတ်ကို ပိုပျံ့နှံ့နေတာ တွေ့လာရတယ် ဆိုပြီး ယူကေ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ထုတ်ပြောလိုက်တဲ့အခါ လူတွေအကြား စိုးရိမ်မှုတွေ၊ မေးခွန်းတွေနဲ့ ရှိလာခဲ့တာဖြစ်ပါတယ်။

ဥရောပပြင်ပက ကနေဒါကတော့ ယူကေက လေယာဥ်ခရီးစဥ်တွေကို ၇၂ နာရီ အကြာ ပိတ်ထားတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနိုင်ငံတွေထဲ အခုနောက်ဆုံး အိန္ဒိယနဲ့ ပြင်သစ် နိုင်ငံတို့လည်း ပါ၀င်လာခဲ့တာဖြစ်ပြီး ဒီဇင်ဘာ၂၁ ရက်နေ့ ညကနေ ၄၈ နာရီအတွင်း ယူကေကလာတဲ့ လမ်းကြောင်းမှန်သမျှကို ပိတ်လိုက်ပြီလို့ ပြင်သစ် အစိုးရ ပြောခွင့်ရသူ ဆိုပါတယ်။

ယူကေက လာရောက်မှုတွေကို ကန့်သတ်မှု စတင်နေတဲ့ အခြားနိုင်ငံတွေကတော့ ဟောင်ကောင်၊ အစ္စရေး၊ အီရန်၊ ခရိုအေးရှား၊ အာဂျင်တီးနား၊ အယ်လ်ဆာဗေးဒေါ၊ ချီလီ၊ မော်ရိုကို၊ကူဝိတ် တို့လည်း ပါဝင်ပါတယ်။

ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်တစ်မျိုး ပြန့်ပွားနေတာကြောင့် လန်ဒန်မြို့ နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသ အများစုမှာ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်တွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့က စပြီးတိုးမြင့်ချမှတ်လိုက်တယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဦးဆောင်ပြီး ယူကေအစိုးရအဖွဲ့ရဲ့ အရေးပေါ်ကော်မတီ အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပဖို့လည်း ရှိနေပါတယ်။

ယူကေကို ခရီးသွားလာမှု ကန့်သတ်တားမြစ်ထားတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှု တွေလုပ်ဖို့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကတော့ ဘရပ်ဆဲလ်မှာ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

ယူကေမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ ပတ်သက်ပြီး မြန်မာ ကျန်းမာ‌ရေးဝန်ကြီးဌာနကလည်း အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မျိုးစိတ်ထက် ပိုမို ပျံ့နှံ့ကူးစက်လွယ်ပြီး အခုလို ကမ္ဘာပေါ်မှာ ပိုမို ကူးစက်မှုမြန်တဲ့ မျိုးစိတ်သစ်တွေ့လာတဲ့အတွက် ပြည်သူလူထု အနေနဲ့ အခုထက်ပိုပြီး ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55396824

ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ပြီး ယူကေက ဝင်ရောက်မှုကို ကန့်သတ်တဲ့နိုင်ငံတွေ တိုးလာ  ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ပြီး ယူကေက ဝင်ရောက်မှုကို ကန့်သတ်တဲ့နိုင်ငံတွေ တိုးလာ Reviewed by THITHTOOLWIN on 03:23 Rating: 5

No comments:

Powered by Blogger.