ဗြိတိန်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးနေပြီ


ဗြိတိန်နိုင်ငံက အင်္ဂလန် စကော့တလန် နဲ့  ဝေလပြည်နယ် တို့မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီကနေ့ စတင်ထိုးနှံပေးမှာပါ။ မြောက်ပိုင်းအိုင်ယာလန်မှာတော့ ဒီသီတင်းပတ်မှာပဲ စတင်ထိုးနှံပေးမှာဖြစ်ပေမဲ့ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

 အမေရိကန် ဆေးကုမ္ပဏီ Pfizerနဲ့ ဂျာမနီ ဆေးကုမ္ပဏီ BioNTech ကထုတ်လုပ်တဲ့ ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုတာဖြစ်ပြီး ဒီဆေးကို ၃ ပတ်ခြားပြီး ၂ ကြိမ်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဗြိတိန်အမျိုးသားကျန်းမာရေးဌာန NHS အကြီးအကဲက အင်္ဂလန်က ဆေးရုံ ၅ဝ ကို ကာကွယ်ဆေးတွေ ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရက အခု ဒီဇင်ဘာလကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူဦးရေ သန်း ၂၀ အတွက် ထိုးဆေးအလုံးရေ သန်း ၄ဝ အထိ ရရှိဖို့ မျှော်လင့်ထားတာပါ။ ဒီပမာဏဟာ ဗြိတိန်လူဦးရေ ရဲ့ ၃ ပုံ ၁ ပုံဖြစ်ပါတယ်။  

ဒီဆေးက ရောဂါကို ၉၅ ရာခိုင်နှုန်း အကာအကွယ်ပေးနိုင်ကြောင်း၊ ဆေးကို စမ်းသပ်ပြီးပြီဖြစ်ကြောင်းနဲ့ လူ ၁၀ ယောက်မှာ ၁ ယောက်သာ ဆေးရဲ့လက္ခဏာတွေ တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလက္ခဏာတွေကတော့ ဆေးထိုးတဲ့နေရာမှာ အနည်းငယ် နာကျင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အဆစ်အမြစ်ကိုက်တာနဲ့ ကိုယ်ပူတာ စတာတွေဖြစ်ပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်ကင်းသွားနိုင်တယ်လို့ ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးသုံးပစ္စည်း ကွပ်ကွဲရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ 

 ဂျာမဏီကလဲ ကိုဗစ်ကာကွယ်ဆေးကို လာမဲ့ ဇန်နဝါရီ လဆန်းပိုင်းမှာ  စတင်ထိုးနှံပေးမယ်လို့ ဆိုပါတယ်။  ဂျာမဏီက ၂ဝ၂၁ ခုနှစ် ပထမ ၃ လအတွင်း လူဦးရေ ၁ဝ သန်းအတွက် ထိုးဆေးအလုံးရေ သန်း ၂ဝ ရည်မှန်းထားတာပါ။  အသုံးပြုမဲ့ဆေးကိုတော့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ 

 မြန်မာနိုငံမှာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ရရှိနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံ့ရေး လုပ်ငန်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Gavi, the Vaccine Alliance ရဲ့ COVAX အစီအစဉ်ကနေ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီအတောအတွင်းမှာပဲ တရုတ်ကထုတ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၂ သိန်း  ရောက်လာပြီလို့ အင်ဒိုနီးရှားအစိုးရက ကြေညာပါတယ်။ အင်ဒိုနီးရှားက လူ ၉ သန်းကို စမ်းသပ်ထိုးနှံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထိုးဆေးအလုံးရေ ၁၈ သိန်းကိုလဲ လာမဲ့ ဇန်နဝါရီလအတွင်း ရရှိဖို့ အင်ဒိုနီးရှားအစိုးရက မျှော်လင့်နေပါတယ်။  

Sinovac ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံကထုတ်လုပ်တာဖြစ်ပြီး တရုတ်အစိုးရက ဒီနှစ်ကုန်မှာ ကာကွယ်ဆေး တနှစ်ကို သန်း ၆ဝဝ ထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့လဲသိရပါတယ်။ ဒီကာကွယ်ဆေး သန်း ၆ဝဝ အတွက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ အသုံးပြုထားတယ်လို့လဲ ဆိုပါတယ်။ Sinovac ကိုဗစ်ကာကွယ်ဆေးကို အခုနောက်ဆုံးအဆင့်အနေနဲ့ လူတွေမှာ စမ်းသပ်မှုတွေကို ဘရာဇီး၊ တူရကီ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ လုပ်ဆောင်နေပါတယ်။  Sinovacဆေးရဲ့ထူးခြားချက်က တခြားဆေးတွေလို အင်မတန်အေးတဲ့နေရာမှာ သိုလှောင်စရာမလိုဘဲ သာမန်ရေခဲသေတ္တာမှာ သိမ်းဆည်းထားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်မှာ ဒီဆေးကို အရေးပေါ်သုံးဖို့ ခွင့်ပြုချက်ရပြီးဖြစ်ပေမဲ့ နောက်ဆုံးအဆင့် ဈေးကွက်ကိုတင်ပို့ဖို့ တရားဝင်ခွင့်ပြုချက် မရသေးပါဘူး။ 

ဒီအတောအတွင်း တောင်ကိုးရီးယားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဗိုင်းရပ်စ်ကူးစက်မှု ရှာဖွေရေးမှာ ပါဝင်မယ်လို့ သမ္မတ နန်းတော်က ကြေညာပါတယ်။ တနင်္ဂနွေနေ့က ကူးစက်မှု ၆ ရာကျော် တွေ့ပြီးတဲ့နောက်မှာ သမ္မတက အခုလို အမိန့်ထုတ်လိုက်တာပါ။  ဆိုးလ်မြို့ဧရိယာအတွင်း ကိုဗစ် ၁၉ စစ်ဆေးရေးဌာနတွေကို ညဘက်နဲ့ ရုံးပိတ်ရက်တွေမှာပါ တိုးချဲ့ဖွင့်လှစ်မယ်လို့ လည်း ဆိုပါတယ်။ ကိုယ့်ကိုကိုယ် သံသယရှိသူတွေအနေနဲ့ စစ်ဆေးရေးဌာနကို အမြန်ဆုံးသွားကြဖို့လဲ သမ္မတက တိုက်တွန်းလိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံအတော်များများမှာ အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇ သန်းခွဲ ကျော် သေဆုံးသူ စုစုပေါင်းက ၁ သန်းခွဲ ကျော်ရှိနေပါတယ်။ ကူးစက်မှုအများဆုံးက အမေရိကန်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၅ သန်းကျော် နဲ့ သေဆုံးသူ ၂ သိန်း ၉ သောင်းကျော်ရှိပါတယ်။ ဒုတိယက အိန္ဒိယနိုင်ငံဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ၉ သန်းခွဲ ကျော် နဲ့ သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိပါတယ်။ တတိယကူးစက်မှုအများဆုံးက ဘရာဇီးလ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၆ သန်း ၆ သိန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၇ သောင်း ၇ ထောင်ကျော်ရှိပါတယ်။ 

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁ သိန်း ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၂၁၃၂ ဦး ရှိနေပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

ဗြိတိန်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးနေပြီ ဗြိတိန်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးနေပြီ Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.