ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် သုံးဦး ထောင်ဒဏ်ချမှတ်ခံရ

ဂျိုရှုဝါ ဝေါင်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ် ၃ ဦး

ပြီးခဲ့တဲ့နှစ်က ‌ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် လူငယ် သုံးဦးကို ဒီဇင်ဘာ ၂ ရက်မှာ ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့မညီတဲ့ လူစုလူဝေး ပြုလုပ်မှုတွေဖြစ်ပြီး သူတို့သုံးဦးဟာ အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အကြီးအကျယ် အငြင်းပွားမှုတွေရှိနေတဲ့ အမျိုးသား လုံခြုံရေး ဥပဒေကို တရုတ်နိုင်ငံက ပြဌာန်းခဲ့ပြီးတဲ့နောက် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် လာခဲ့တာဖြစ်ပါတယ်။

ဂျိုရှုဝါ ဝေါင်းက ထောင်ဒဏ် ၁၃ လခွဲ ကျခံရမှာဖြစ်ပြီးတော့ ကျန်နှစ်ဦးကတော့ ထောင် ၁၀ လနဲ့ ခုနစ်လစီ အသီးသီး ကျခံရမှာဖြစ်ပါတယ်။

ဂျိုရှုဝါ ဝေါင်း (အလယ်) ရုံးထုတ် လာစဥ်

ဒါပေမဲ့ ဂျိုရှုဝါ ဝေါင်း အပါအဝင် တက်ကြွလှုပ်ရှားသူ သုံးဦးကတော့ ဒီဥပဒေ မပြဌာန်းခင်မှာ ဖြစ်ပွားခဲ့တဲ့ စွပ်စွဲမှုတွေဖြစ်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။

ဂျော့ရှုဝါ ကို တစ်ဦးတည်း သီးသန့်ခွဲ ပြီးတော့ ချုပ်ထားပြီး တရားရုံးက ဒီအမိန့် မချခင် အချိန်အထိ သူတို့ကို ချုပ်ရမန် ယူထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဇွန်လက ‌‌ဟောင်ကောင် ရဲတပ်ဖွဲ့ဌာနချုပ်အနီး စတင်ခဲ့တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေမှာ သူတို့သုံးဦးဟာ ကိုယ်တိုင်ပါဝင်ခဲ့သလို ဒီဆန္ဒပြပွဲတွေ ဖြစ်အောင် ဦးဆောင်စီစဥ်ခဲ့တဲ့ အတွက် သူတို့မှာ အပြစ်ရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်မှာ တရုတ်နိုင်ငံက အမျိုးသား လုံခြုံရေး ဥပဒေ ပြဌာန်းဖို့ စီစဉ်တာကို ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ အဓိကရုဏ်းတွေ လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရ အနေနဲ့ ဟောင်ကောင်မှာ အမျိုးသား လုံခြုံရေး ဥပဒေ ပြဌာန်းပြီး တိုင်းပြည်ကို သစ္စာဖောက်မှုတွေ၊ ခွဲထွက်ရေး ကြိုးပမ်းမှုတွေ၊ အကြည်ညိုပျက်အောင် လုပ်ဆောင်မှုတွေ၊ အဖျက်အမှောက် လုပ်ရပ်တွေ ရှိလာရင် အရေးယူနိုင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်ရင် ရာဇဝတ်မှုအနေနဲ့ အရေးယူနိုင်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ်တသက် အထိ ချမှတ်နိုင်ပါတယ်။

ဒီလုံခြုံရေး ဥပဒေကြမ်းကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ပြောဆိုမှုတွေနဲ့ ပုံနှိပ်ဖော်ပြမှုတွေကြောင့် လူတွေဟာ ရာဇဝတ်သားတွေ ဖြစ်သွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

ဟောင်ကောင်အတွက် ဘေဂျင်းက ရည်ရွယ်ရေးဆွဲခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့နောက် ဟောင်ကောင်မှာ အဲဒီဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့သလို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့ရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လုံခြုံရေးဥပဒေသစ်အရ တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ လုပ်ဆောင်တာ တစ်နည်းအားဖြင့် ဟောင်ကောင်လွတ်လပ်ရေးလှုပ်ရှားမှုတွေ၊ အစိုးရ နဲ့ အစိုးရက ချမှတ်ထားတဲ့ နိုင်ငံရေးစနစ်တွေကို ဆန့်ကျင်တာတွေကို ရာဇဝတ်မှုတွေအနေနဲ့ အရေးယူနိုင်ပြီး ပြစ်မှုမြောက်တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ် တစ်သက် အထိ ချမှတ်နိုင်ပါတယ်။

ဟောင်ကောင်မှာ ဒီဥပဒေကို ကျင့်သုံးရင် ဟောင်ကောင်သူ၊ ဟောင်ကောင်သားတို့ လက်ရှိရနေတဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ နိုင်ငံသားလွတ်လပ်ခွင့်တွေ ဆုံးရှုံးကန့်သတ်ခံရတော့မယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဗြိတိန်အစိုးရက သူတို့ကိုလိုနီပြုထားတဲ့ ဟောင်ကောင်ကို ၁၉၉၇ မှာ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးစဉ်ချိန်က သဘောတူထားကြတဲ့ အဲဒီအချိန်ကနေ နောင် နှစ်ပေါင်း ၅၀ (၂၀၄၇ ခုနှစ်အထိ) ဟောင်ကောင်နေပြည်သူတွေရဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို အာမခံရမယ်ဆိုတဲ့အပေါ်တရုတ်ရဲ့ အခုဥပဒေသစ်က ဖျက်သိမ်းလိုက်တာလို့လည်း ဝေဖန်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55158367

ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် သုံးဦး ထောင်ဒဏ်ချမှတ်ခံရ  ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် သုံးဦး ထောင်ဒဏ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.