မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဥ်တွေ့ရှိမှု တစ်ထောင်အောက်ကို ကျဆင်းလာတာ ၃ ရက် ရှိသွားပြီ ဖြစ်သလို ပိုးတွေ့ရှိနှုန်း ၅ ရာခိုင်နှုန်း အောက်ကို ကျသွားတာလည်း ၃ ရက် ရှိသွားပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁၀၁၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ မှာတော့ ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၈၄၈ဦး တွေ့ရှိရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ကတည်းက ကျဆင်းမှုတွေ စတင်လာခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။
လနဲ့ချီပြီး ပိုးတွေ့လူနာ တစ်ရက်ကို တစ်ထောင်ဝန်းကျင် ဆက်တိုက်ဆိုသလို ရှိခဲ့တဲ့ ရန်ကုန်တိုင်းမှာ တစ်ရက်ကို ပိုးတွေ့လူနာ ငါးရာအောက်ကို ကျဆင်းလာသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း အတည်ပြုလူနာသစ် တွေ့ရှိမှုက တစ်ထောင်အောက်ကို ကျဆင်းလာတာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Mg Winဒါပေမဲ့ အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို တွေ့ရှိနေရပြီဖြစ်လို့ ပြည်သူတွေ အနေနဲ့ ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ၂၁ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဓာတ်ခွဲနမူနာ ၂၀၅၂၆ ခုကို စစ်ဆေးရာမှာ အတည်ပြုလူနာက ၉၄၇ ဦးတွေ့ရှိ ခဲ့တာဖြစ်ပြီးဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့ ဓာတ်ခွဲနမူနာ ၂၁၀၁၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ မှာ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၄၈) ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့မှု ကျဆင်းနေတာ ဖြစ်ပါတယ်။
"ရန်ကုန်ရယ် ပဲခူးရယ်ကတော့ အတော်လေးကျလာတယ်၊ အခြေအနေကောင်း တစ်ခု ရလာတာပေါ့၊ ဒါပေမဲ့ နောက်တစ်ပတ်လောက်တော့ စောင့်ကြည့်ဖို့လိုလိမ့်မယ် ၊ မန္တလေးကတော့ ရောဂါ ဖြစ်ပွားမှုတွေ ရှိနေသေးတဲ့အတွက် ဆက်ပြီး တိုက်ပွဲဝင်နေတုန်းပဲ ဖြစ်ပါတယ်"လို့ ပိုးတွေ့နှုန်း ကျဆင်းလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၆ သိန်းနီးပါး စစ်ဆေးခဲ့ပြီး အတည်ပြုလူနာက ၁၁၆၁၃၄ ဦးတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
မန္တလေးမှာ အသိပညာပေးလုပ်ငန်းတွေ အစိုးရကဆောင်ရွက်စဥ်ဒီအထဲကမှ ဆေးရုံဆင်းလူနာ ကိုးသောင်းခွဲကျော်ရှိပြီး ကုသမှုခံယူနေဆဲ လူနာက တစ်သောင်းခြောက်ထောင်ကျော် ကျန်နေဆဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကို အခုအခါမှာ အစိုးရဆေးရုံတွေအပြင် ပုဂ္ဂလိက ဆေးရုံအချို့မှာပါ ကိုဗစ် ရှိမရှိ စမ်းသပ်စစ်ဆေးတာကို လုပ်ကိုင်နိုင်ဖို့ စတင် ခွင့်ပြုထားပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးသုတေသနဦးစီးဌာနဟာ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇတစ်ခုလုံးကို လေ့လာသုတေသန ပြုမှုတွေ ဆောင်ရွက်နိုင်ခဲ့သလို လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ကိုလည်း ဆက်လက်စစ်ဆေးလေ့လာသွားမယ်လို့ ဆိုထားပါတယ်။
ကမ္ဘာပေါ်မှာ လျင်လျင်မြန်မြန် ရောဂါကူးစက်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့လာရလို ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေး စည်းကမ်းတွေကို ဒီထက်ပိုပြီး တိတိကျကျ လိုက်နာဖို့လိုကြောင်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ အတည်ပြုလူနာ တွေ့ရှိနှုန်း ၅ ရာခိုင်နှုန်းအောက်ကို ၃ ရက်ဆက်တိုက် ကျဆင်းလာခဲ့ပြီး သေဆုံးနှုန်းကတော့ ၂.၁ ရာခိုင်နှုန်းမှာ ဆက်လက် ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
BBC Burmese
No comments:
Post a Comment