ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့်မရ


နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရင်ပြင်နီလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာမှာ ကျောင်းသားသမဂ္ဂတွေက ကမ္ဗည်းကျောက်တိုင် စိုက်ထူဖို့ စီစဉ်လုပ်ဆောင်ခဲ့ပေမယ့် စိုက်ထူခွင့် မရခဲ့ကြပါဘူး။

သမဂ္ဂအဆောက်အအုံဟောင်း နေရာမှာ ကျောက်စာတိုင်စိုက်ထူဖို့ ကျောင်းသားသမဂ္ဂတွေက နိုဝင်ဘာ လကုန်ပိုင်းလောက်က စတင်လုပ်ဆောင်ခဲ့ပေမယ့် တိုင်းအစိုးရ ညွှန်ကြားချက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းအာဏာပိုင်တွေက ကျောက်စာတိုင် လုပ်တဲ့နေရာက ဝင်းတံခါးကို အခုလထဲမှာ ပိတ်လိုက်တဲ့အတွက် ဆက်လုပ်ခွင့် မရခဲ့တာပါ။

ဒီနေ့မှာ ကျောက်စာတိုင် စိုက်ထူဖို့ လုပ်ဆောင်ထားပေမယ့် ရန်ကုန်တက္ကသိုလ် ဝင်ထွက်ခွင့်ကိုပါ ကျောင်းအာဏာပိုင်တွေက ပိတ်လိုက်တာလို့ ကျောင်းသားတွေက ပြောပါတယ်။

ကမ္ဗည်းကျောက်တိုင် စိုက်ထူတာကို ဟန့်တားနေတာဟာ အစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ဖုံးဖိဖို့ကြိုးစားနေလားလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က မေးခွန်းထုတ်ပါတယ်။

"အစိုးရအနေနဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပေါ့ ကျောင်းသားလှုပ်ရှားမှု ပတ်သက်တဲ့အရာအားလုံးကို မှေးမှိန်အောင် လုပ်ထားတာရှိတယ် ဖုံးကွယ်ထားတာတွေ အများကြီးရှိတယ်ပေါ့ ကျနော်တို့က လက်ရှိမှာ ကျနော်တို့ကတော့ ကျောက်စာတိုင်ရဲ့ နေရာပြဆိုင်းဘုတ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်က တစ်ခုပေါ့ ကျဆုံးခဲ့ရတဲ့ နှစ်တစ်ရာ ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြတဲ့ နောင်တော်ရဲဘော်တွေ အသက်ပေးစတေးခဲ့ကြတဲ့ ကျောင်းသားတွေအတွက် ဒီဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဟာကို စိုက်တာဖြစ်တယ် ဒါပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖော်ပြဖို့အတွက် ဒီလုပ်ငန်းကို လုပ်တာဖြစ်တယ်ပေါ့ ဒီလုပ်ငန်းကို ကျောင်းအုပ်ချုပ်ရေးတင် မဟုတ်ပဲနဲ့ တိုင်းအစိုးရ ကျနော်တို့ကို ပိတ်ပင်တဲ့ အခြေအနေတွေ ရှိတယ်ပေါ့ ကျနော်တို့ မေးခွန်းထုတ်စရာ ရှိတာက စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဝိုင်းပြီးတော့ ဖုံးဖိဖို့ ကြိုးစားနေသလား ဆိုတဲ့ဟာမျိုး မေးခွန်းထုတ်စရာ ရှိတယ်ပေါ့"


၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်း စစ်အစိုးရက ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တာနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုဗုံးခွဲ ဖျက်ဆီးခဲ့လို့ သေဆုံးခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် တွေရှိခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် သပိတ်အကြောင်းနဲ့ ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေ၊ ကျောင်းနေအရွယ်အားလုံး ပညာသင် ကြားနိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အချက်တွေ သာပါဝင်ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီမိုကရေစီအရေး ဆန္ဒပြခဲ့ကြလို့ စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းပြောတာ မရှိပါဘူး။

ရင်ပြင်နီမှာ သမိုင်းအထောက်အထားတွေပါတဲ့ ကျောက်တိုင် စိုက်ထူခွင့် မပေးတဲ့ကိစ္စဟာ မဖြစ်သင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်အံ့သြတယ်ဗျ ဘာကြောင့်ဆိုလဲဆိုတော့ အခုလက်ရှိအစိုးရရဲ့ ဦးစီးဦးဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တွေ အကုန်လုံးက စစ်အာဏာရှင်လက်ထက်မှာ ထောင်သွင်း အကျဉ်းကျခံရတဲ့သူ တွေဖြစ်တယ် ကိုယ်တိုင်လည်း ခံစားခဲ့ရပြီးသွားပြီ။ စစ်အာဏာရှင်စနစ်မှာ ဘယ်လို ဖိနှိပ်ခံရတယ်ဆိုတာ ကိုယ်တိုင်လည်း ထောင်ကျပြီးတော့ ခံစားပြီးသွားပြီ။ ဒါကြောင့်မို့လို့ အခုအချိန်ကာလမှာ ဒါတွေ ဒီသမိုင်းတွေကို ဘာကြောင့် ပြန်မဖော်ရဲရတာလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်စရာရှိတယ်။ စစ်တပ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေး ဆိုပြီးတော့ လုပ်တဲ့နေရာမှာ ရင်ကြားစေ့ရေးကိစ္စက သူ့ဘက်က ရင်ကြားစေ့တာမဟုတ်ဘဲ ကိုယ့်ဘက်ကချည်းပဲ အတင်းလိုက်ပြီးတော့ ရင်ကြားစေ့သလို ဖြစ်နေတဲ့အခါမျိုးမှာ ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ လူထုရဲ့အားကို ယုံကြည်တယ်ဆိုရင် ဒါမျိုး မလုပ်သင့်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်"

ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့် မပေးတဲ့အပေါ် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

NLD အနေနဲ့ အရင်က အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ထုတ်ပြန်ချက်တွေမှာ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရတဲ့ အခြေအနေတွေကို ထည့်သွင်း ဖော်ပြတာတွေရှိပေမယ့် အစိုးရဖြစ်ပြီး နောက်ပိုင်းမှာ ဂရုစိုက်မှု အားနည်းလာတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာတော့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ဒီနေ့ အကျဉ်းချုပ် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံ။

ပထမကျောင်းသား သပိတ်ကနေစပြီး ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ်ကို တွန်းလှန်းခဲ့တဲ့ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု အားလုံးကို အသိအမှတ်ပြုကြောင်း NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

"ကျောင်းသားသမဂ္ဂ ကိစ္စတွေကို ချန်လှပ်ပြီးတော့ တပ်မတော်နဲ့ ရင်ကြားစေ့ဖို့အတွက်ပဲ အဲဓိကထားတယ်ဆိုတဲ့ အဲဒီအကြောင်းအချက်ကိုတော့ ကျနော်ကတော့ သိပ်ပြီးမပြောချင်ဘူး ကျနော်တို့လည်း ဒီလောက်အထိ ပြည့်ပြည့်စုံစုံ အနေအထားတွေကို မသိဘူးလေ ကျနော် ပြောနိုင်တာက ဘာလဲဆိုတော့ ကျနော်တို့က ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုတယ် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကိုလည်း အသိအမှတ်ပြုတယ် ကျောင်းသားလှုပ်ရှားမှုနဲ့ အတူ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာလို့လည်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာလည်း ပေါ်ပေါက်လာတာ အဲဒီဟာကိုတော့ ကျနော်တို့ မေ့လို့မရဘူး ဆိုတာပဲ ပြောချင်ပါတယ်"

၈၈ ကျောင်းသားခေါင်းဟောင်း တစ်ဦးလည်းဖြစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီးက အမျိုးသားအောင်ပွဲနေ့မှာ ခေတ်အဆက်ဆက် မတရားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားမျိုးဆက်တွေ အားလုံးကို ဂုဏ်ပြုဖို့လိုတယ်လို့ ပြောပါတယ်။

"ဒီအမျိုးသားအောင်ပွဲနေ့ နှစ် ၁၀၀ ပြည့်ကို ပြောပြီဆိုရင် ခေတ်အဆက်ဆက်မှာ မတရားမှုကို ဆန့်ကျင်ပြီးတော့ လွတ်လပ်မှု တန်းတူညီမျှမှုအတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသား မျိုးဆက်အသီးသီးကို အလေးအနက်ဂုဏ်ပြု ဦးညွတ်ရမှာဖြစ်ပါတယ်။ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်လည်း ဖြစ်တယ် ပြီးတော့ ပထမကျောင်းသား သပိတ် နှစ် ၁၀၀ ပြည့်လည်းဖြစ်တဲ့ အချိန်မှာ လက်ရှိထောင်တွင်းမှာ အကျဉ်းကျခံနေရတဲ့ နောက်ထပ်လည်း အမှုတွေ မတရားစွဲခံနေရတဲ့ ကျနော်တို့ ညီငယ်ညီမငယ်ကျောင်းသား မျိုးဆက်တွေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော် ဆုလည်းဆုတောင်းတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။ ကျောင်းသားလူငယ်တွေဟာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝ အခြေအနေတွေကို ကျနော်တုန်းကလိုမျိုး အကျဉ်းထောင် နံရံလေးဘက် ကြားမှာ ကုန်ဆုံးတာမျိုး ကျနော်တို့ မဖြစ်စေချင်ဘူး"

ရန်ကုန်တိုင်း အစိုးရအနေနဲ့ကတော့ ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကြားတောရလမ်းက ဦးအရိယကျောင်းတိုက်မှာ တိုင်းဝန်ကြီးချုပ် ဦးစီးပြီး ကျင်းပခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/monument-not-allowed-in-yangon-university-12092020060031.html

ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့်မရ  ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့်မရ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.