ကိုဗစ်ကာလ အကျပ်အတည်းကြောင့် စစ်ကိုင်းမှာ လူစုလူဝေးနဲ့ အလှူခံ


စစ်ကိုင်းတောင်ခြေက မြစင်္ကြာဘုန်းကြီးကျောင်းကို လာပြီးအလှူခံကြသူတွေဟာ နေ့စား ကျပန်း အလုပ်သမားတွေ၊ ဆင်းရဲသားတွေနဲ့ တောင်းရမ်းစားသောက်သူတွေ ဖြစ်ပါတယ်။ တစ်နေ့ကို လူဦးရေ ၂၀၀ လောက် နေ့စဉ်မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဘုန်းကြီးကျောင်းက စွန့်မယ့် စားသောက်စရာ တွေကို လာရောက် စောင့်ဆိုင်းနေကြတာ လေးလလောက် ရှိနေပါပြီ။ သူတို့တွေထဲမှာ အစိုးရရဲ့ ကိုဗစ်ကာလ ထောက်ပံ့ကြေးရသူတွေရော မရတဲ့သူတွေရော ပါဝင်ပါတယ်။

ကိုဗစ်ကာလမှာ အလုပ်အကိုင်မရှိလို့ မြစင်္ကြာကျောင်းတိုက်မှာ အလှုရှင်တွေ လှူဒါန်းတာကို လာစောင့် နေတာလို့ ကျပန်းအလုပ်သမား ဦးထွန်းဝင်းက ပြောပါတယ်။

ဘယ်မှလည်း မထွက်ရ၊ သစ်သီးဆိုင်တွေကလည်း ပိတ်ထားတော့ အလုပ်မရှိ ဖြစ်နေတယ်လို့ စစ်ကိုင်းမြို့က သစ်သီးဈေးသည်တစ်ဦးက ပြောပါတယ်။

အလှူရှင်တွေလည်း လာရောက်လှူဒါန်းကြတာ တွေ့ရပါတယ်။ လာရောက်လှူဒါန်းပေးသူတွေကို ကျေးဇူးတယ်တယ်လို့ ကျပန်းလုပ်သား ဦးမြဦးက ပြောပါတယ်။

ဒီနေ့မှာတော့ ဘုန်းကြီးကျောင်းက စွန့်မယ့် ထမင်း၊ ဟင်းကို လာရောက် စောင့်ဆိုင်းသူတွေကို လူစုလူဝေး ဖြစ်လို့ဆိုပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က လူစုခွဲ လာရောက်ဖြေရှင်းခဲ့ပါတယ်။

လူစုလူဝေးမဖြစ်အောင် နောက်ရက်တွေမှာ သူတို့ရှိတဲ့နေရာတေကို သွားပို့ပေးဖို့ စီစဉ်ထားတယ်လို့ စစ်ကိုင်းမြို့က အရန်မီးသတ် တပ်ခွဲမှူး ဦးကျော်စိုး က ပြောပါတယ်။

ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့် လူစုလူဝေးမဖြစ်အောင် ဘုန်းကြီးကျောင်းကဆွမ်းတွေကို အိမ်တွေ အထိ လိုက်ဝေခွင့်ပေးဖို့ ဆရာတော်တွေဆီ ခွင့်တောင်းထားတယ်လို့ စစ်ကိုင်းမြို့ သုခကာရီ ကျန်းမာ‌ရေးနဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပါတယ်။

ဒီလို စားဝတ်နေရေး ခက်ခဲနေကြတဲ့အထဲမှာ စစ်ကိုင်းတောင်ခြေက သီလရှင်တွေလည်း ပါဝင်ပါတယ်။

ကိုဗစ်ကာလမှာ သီလရှင်တွေ ဆွမ်းဆန်စိမ်းအလှူခံမထွက်ရလို့ စားဝတ်နေရေးခက်ခဲနေတဲ့အကြောင်း စစ်ကိုင်းမြို့က သီလရှင် ဆရာလေး ဒေါ်ကဉ္စနက ပြောပါတယ်။

အခုဘုန်းကြီးကျောင်းတွေမှာ အလှူလာခံနေကြတဲ့အထဲမှာ ပါဝင်တဲ့ စစ်ကိုင်းမြို့ မြရတနာရပ်ကွက်က ဆင်းရဲ့နွမ်းပါးသူတွေကို အစိုးရထောက်ပံ့ကြေး၊ ရိက္ခာတွေ ပေးတာတွေအပြင် ကျူးကျော်အဖြစ်ကနေ တရားဝင်နေထိုင်ခွင့်ရဖို့အထိတောင် တိုင်းအစိုးရအဖွဲ့က လုပ်ပေးနေတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို အခုလ ၁၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ နေအိမ်မှာပဲ နေထိုင်ရေး သတ်မှတ်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁၃၉၀) ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ (၁၄ )ဦးရှိနေပါပြီ။

မြန်မာတစ်နိုင်ငံလုံးမှာတော့ ပိုးတွေ့သူ တစ်သိန်းတစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီဖြစ်ပြီး ဆေးရုံ ဆင်းခွင့်ရသူက ကိုးသောင်းငါးထောင်ကျော်နဲ့ သေဆုံးသူ ၂၄၄၃ ဦး ရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/sagaing-monestry-food-donation-12212020052249.html

ကိုဗစ်ကာလ အကျပ်အတည်းကြောင့် စစ်ကိုင်းမှာ လူစုလူဝေးနဲ့ အလှူခံ  ကိုဗစ်ကာလ အကျပ်အတည်းကြောင့် စစ်ကိုင်းမှာ လူစုလူဝေးနဲ့ အလှူခံ Reviewed by THITHTOOLWIN on 03:18 Rating: 5

No comments:

Powered by Blogger.