မန္တလေးနဲ့ဧရာဝတီမှာ ကိုဗစ်စည်းကမ်း မလိုက်နာသူ ၃၄၀၀ ကျော်ကိုအရေးယူ


မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နေ့စဉ်တိုးနေတာကြောင့် မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ပိုးကူးစက်မှုထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းဖောက်ဖျက်သူ စုစုပေါင်း ၃၄၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။

မန္တလေးခရိုင်မှာ နှစ်ပတ်တာ နေအိမ်နေထိုင်ရေးသတ်မှတ်ရက် စတင်ပြီး ၂ ရက်အတွင်း စည်းကမ်း မလိုက်နာသူ ၂၅၀၀ ကျော်ကို အရေးယူလိုက်ပါတယ်။

နေအိမ်မှာနေထိုင်ရေး စတင်တဲ့ ပထမရက်မှာ (ဒီဇင်ဘာ ၅ ရက်နေ့) ၆၈၉ ယောက်၊ ဒုတိယရက်မှာတော့ (ဒီဇင်ဘာ ၆ ရက်နေ့) ၁၈၂၈ ယောက် စုစုပေါင်း ၂၅၁၇ ယောက်ကို အရေးယူပြီး တစ်ယောက်ကို ငွေကျပ် ၅၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

နေ့စဉ်အခြေနေကို နာရီအလိုက် တိုင်းအစိုးရကိုတင်ပြရတာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးကိုလည်း တိုင်းအစိုးရကို တင်သွင်းရတာဖြစ်တယ်လို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။

“အရင်က လမ်းတွေပေါ်မှာ ဥဒဟိုသွားနေကြတာ။ အခုကတော့ အမှန်တကယ်လိုအပ်လို့ သွားလာနေတဲ့သူတွေ လောက်ပဲရှိတယ်။ တစ်ခုပြောချင်တာက နေအိမ်နေထိုင်ရေးလုပ်တာက ပြည်သူတွေကို လုံဝအိမ်ပြင်မထွက်ရဘူး ပြောတာမဟုတ်ဘူး။ လုပ်ငန်းရှိရင်၊ အရေးပေါ်ကိစ္စရှိရင် ထွက်ပါ။ ထွက်ခွင့်ကတ်တွေလည်း ပေးထားတယ်“

မန္တလေးခရိုင်မှာ ချမ်းမြသာစည်မြို့နယ်က ဒဏ်ရိုက်ခံရသူအများဆုံးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်ကတော့ အနည်းဆုံးဖြစ်ပါတယ်။

ဒဏ်ရိုက်မှုအများဆုံဖြစ်ရပ်ကတော့ နယ်မြေကျော်သွားလာတာတွေနဲ့ ကတ်မပါပဲသွားလာတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း မန္တလေးခရိုင်အတွင်းက မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာတိုးလာနေပါတယ်။ ပိုးကူးခံရသူတိုးလာတာကြောင့် မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်မှာပဲနေထိုင်ရေး သတ်မှတ်လိုက်ပြီး မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားတာပါ။ အဲဒီအမိန့်ကို ဖောက်ဖျက်တာကြောင့် အရေးယူနေတာဖြစ်ပါတယ်။

မန္တလေးမြို့က မိုးဝေကျော် လဖ္ဘက်ရည်ဆိုင်ပိုင်ရှင် ဦးဝေမိုးအောင်က နေအိမ်မှာနေထိုင်ရေး သတ်မှတ်ထားတဲ့ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းမှာ အစိုးရက ဘယ်လို စီစဉ်ထားလဲဆိုတာကို သိချင်နေတယ်လို့ ပြောပါတယ်။

“ ဒီထုတ်ပြန်ချက်တွေနဲ့ကတော့ အဆင်မပြေဘူး။ အပေါ်က အမိန့်ကတစ်မျိုး၊ အောက်ခြေမှာက တစ်ရပ်ကွက်၊ တစ်မြို့နယ်တောင် မတူဘူး။ နယ်မြေကျော်ရင် မရဘူးဆိုတာတွေရှိတယ်။ ၁၂ နာရီနောက်ပိုင်း ပိတ်ခိုင်းတယ်လို့လည်းကြားတော့ လာဝယ်ချင်တဲ့သူလည်း အပြင်မထွက်တော့ဘူး။ ဒီရက်အတွင်း ရောင်းကြေးတွေ တအားထိုးကျသွားတယ်“

မန္တလေးခရိုင်အတွင်းမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီ၊ စားသောက်ကုန်၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်တဲ့စက်ရုံ၊ ကုန်းတွင်းဆိပ်၊ စာပို့လုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း စတဲ့လုပ်ငန်းတွေကို ဒီကာလမှာ ဖွင့်လှစ်ခွင့်ပေးထားပြီး ကျန်တဲ့လုပ်ငန်းတွေကတော့ ရပ်နားထားရမှာဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ တိုးလာတာကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်တာဖြစ်ပြီး လာမယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောထားပါတယ်။

မန္တလေးမြို့က စာရေးဆရာ ဆူးငှက်ကတော့ စားဝတ်နေရေးနဲ့ စည်းကမ်းလိုက်နာမှုကြားမှာ ဟန်ချက်ညီဖို့ အရေးကြီးပြီး မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“အကောင်းဆုံးဖြေရှင်းနည်းကတော့ အိမ်ပြင်မထွက်နဲ့၊ လူစုလူဝေးမသွားနဲ့၊ မတ်စ်တပ်၊ လက်ဆေး၊ ခြောက်ပေကွာနေဆိုတာ အကောင်းဆုံးပဲ၊ သို့သော် ဒါကိုလိုက်နာမှုအားနည်းတဲ့အခါမှာ အာဏာစက်တော့ သုံးရတောပေါ့၊ လုပ်သင့်လုပ်ထိုက်ပါတယ်။ လုပ်ရတော့မှာပဲ၊ စားဝတ်နေရေးကလည်း ရှိနေတဲ့အခါမှာ ဟန်ချက်ညီအောင်ထိန်းဖို့ကတော့ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်။ ဥပဒေထုတ်သူမှာလည်း တာဝန်ရှိတယ်။ လိုက်နာသူမှာလည်း တာဝန်ရှိတယ်။ လုပ်ရမယ့်အချိန်မို့ နောက်တောင်ကျနေပြီ“

မန္တလေးတိုင်းမှာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပိုးတွေ့လူနာတွေ ယခင်ကထက် သိသိသာသာတိုးလာပြီး မန္တလေးခရိုင်မှာဆိုရင် လူတစ်ထောင်မှာ လေးယောက် ပိုးတွေ့ရှိနေကြောင်း ဒေါက်တာဇော်မြင့်မောင်က သတိပေးထားပါတယ်။

အနံ့ပျောက်လို့ မန္တလေးဆေးရုံကြီးကို လာရောက်ပြသသူ နှစ်ယောက်မှာ တစ်ယောက် ပိုးတွေ့ရှိနေတာလည်းဖြစ်ပါတယ်။

မနေ့က (ဒီဇင်ဘာ ၆ ရက်နေ့) အထိဆိုရင် မန္တလးတိုင်းအတွင်း ပိုးတွေ့လူနာ ၇၅၄၂ ယောက်ရှိပြီး ရောဂါပျောက်ကင်းသူ ၄၉၂၆ ယောက်နဲ့ သေဆုံးသူ ၈၃ ယောက်ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း လူစုလူဝေးဖြစ်ခဲ့တာကြောင့် ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းတွေမှာ ပိုးကူးစက်မှုတွေ တိုးလာနိုင်ကြောင်း သတိပေးပြောကြားထာပါတယ်။

ဧရာဝတီတိုင်းမှာလည်း ကိုဗစ်ကာကွယ်တားဆီးရေး စည်းကမ်းချက်ဖောက်ဖျက်တာကြောင့် အရေးယူခဲ့တဲ့ အမှု ၅၀၀ နီးပါးရှိခဲ့ပြီး လူပေါင်း ၉၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။

ညမထွက်ရအမိန့် ဖောက်ဖျက်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူထားတာက အမှုပေါင်း ၃၃၀ ရှိပြီး လူ ၆၃၇ ယောက်ကို အရေးယူခဲ့တာပါ။ အဲဒီအမှုတွေအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းစုစီ ဥပဒေတွေနဲ့ပါ အမှုဖွင့် အရေးယူခဲ့တာ ၁၄၂ မှုနဲ့ အရေးယူထားသူ ၃၀၁ ယောက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

“ကိုဗစ်နိုင်တီးနဲ့ ပတ်သတ်ပြီး တခြား ဥပဒေတွေနဲ့ အမှုဖွင့်တာတွေက မေလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ ငြိမ်းစုစီ က ၁ မှု၊ ရာဇသတ်ကြီး ပုဒ်မ နဲ့ ကျတော့ နှစ်မှု ဖွင့်တယ်။ ကူးစက်နဲ့ ကျတော့ ၄၉ မှု ဖွင့်တယ်။ သဘာဝဘေးနဲ့ ကျတော့ ၈၈ မှု ဖွင့်တယ်။ ဆက်သွယ်ရေးနဲ့ ကျတော့ နှစ်မှုပေါ့၊ အားလုံး ပေါင်း ဆိုရင် ၁၄၂ မှု ရှိတယ်။ အဲ့ဒီမှာ အမျိုးသား တရားခံက ၂၄၄ ယောက်၊ အမျိုးသမီး တရားခံက ၅၇ ယောက်၊ အားလုံးပေါင်းဆိုရင် ၃၀၁ ယောက် ရှိတာပေါ့။

ရာဇသတ်ကြီးနဲ့ ဖွင့်တာတွေက ကူးစက်တို့၊ သဘာဝဘေး တို့ မဖွင့်လှစ်ခင်တုန်းကတော့ ကျန်းမာရေးအဖွဲ့တွေရဲ့ ဆောင်ရွက်တာတွေမှာ နှောင့်ယှက်တာတွေဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃ တို့လိုမျိုး၊ အဲ့ဒါမျိုးတွေနဲ့ ဖွင့်တာတွေ ရှိတာပေါ့”

ဧရာဝတီတိုင်းအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်လို့ အရေးယူမှုမှာ ပုသိမ်ခရိုင်က အများဆုံးဖြစ်ပြီး ဟင်္သာတခရိုင်က ဒုတိယအများဆုံးနဲ့ မအူပင်ခရိုင်က တတိယအများဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ် အတည်ပြုလူနာ (၉၉၁၅၅ ယောက်) တစ်သိန်းနီးပါးရှိလာပြီဖြစ်ပြီး သေဆုံးသူ (၂၁၁၀ ယောက်) နှစ်ထောင့်တစ်ရာကျော် ရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-mdy-12072020041342.html

မန္တလေးနဲ့ဧရာဝတီမှာ ကိုဗစ်စည်းကမ်း မလိုက်နာသူ ၃၄၀၀ ကျော်ကိုအရေးယူ  မန္တလေးနဲ့ဧရာဝတီမှာ ကိုဗစ်စည်းကမ်း မလိုက်နာသူ ၃၄၀၀ ကျော်ကိုအရေးယူ Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.