ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုသိရ

ပြင်သစ်သမ္မတ မက်ခရွန်

ပြင်သစ်သမ္မတ အီမန်နျူဝဲလ် မက်ခရွန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့တယ်လို့ ပြင်သစ်သမ္မတအိမ်တော်ရုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၄၂ နှစ်အရွယ် သမ္မတ မက်ခရွန်ဟာ ရောဂါလက္ခဏာတွေ ပြခဲ့တဲ့အတွက် ဆေးစစ်ကြည့်ခဲ့တာ ဖြစ်ပြီး အခုအခါ ၇ ရက် တစ်ဦးတည်း သီးသန့်ခွဲနေမှာ ဖြစ်တယ်လို့ သမ္မတအိမ်တော်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ မက်ခရွန် ဟာ နိုင်ငံကို ဦးဆောင် အုပ်ချုပ်နေဆဲ ဖြစ်ပြီး သီးသန့်ခွဲနေနေရာကနေ လှမ်းကြီးကြပ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုတွေ တိုးပွားလာနေတာကို တားဆီးဖို့အတွက် ညမထွက်ရ အမိန့်ကို အခုသီတင်းပတ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ကပ်ရောဂါ စတင်ခဲ့ကတည်းက ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုပေါင်း ၂ သန်း ရှိခဲ့ပြီး သေဆုံးသူပေါင်း ၅ သောင်း ၉ ထောင် ၄ ရာ ရှိခဲ့ကြောင်း ဂျွန်ဟော့ပ်ကင်စ် တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ အတည်ပြု သိရပါတယ်။

"သမ္မတကြီးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း ဓာတ်ခွဲ အတည်ပြုသိထားရပါတယ်"လို့ ပြင်သစ်သမ္မတအိမ်တော်ရုံးက ဒီကနေ့ ကြာသပတေးနေ့မနက်မှာ ထုတ်ဖော်ပြောခဲ့တာပါ။ "ပထမဆုံး ရောဂါလက္ခဏာ ပြပြချင်းမှာပဲ ဆေးစစ် စမ်းသပ်မှု လုပ်ခဲ့ရာမှာ အခုလို ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုသိခဲ့တာ ဖြစ်ပါတယ်"လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ မက်ခရွန်ကို ဗိုင်းရပ်စ်ပိုး ဘယ်လို ကူးခဲ့သလဲ ဆိုတာ အသေအချာ မသိရသေးပေမဲ့ ဘယ်သူတွေနဲ့ သူတိုက်ရိုက် ထိတွေ့ခဲ့သလဲ ဆိုတာကိုတော့ ထုတ်ဖော် သိထားတယ်လို့ သမ္မတအိမ်တော်ရုံးက ပြောပါတယ်။

အသက် ၅၅ နှစ်အရွယ် ပြင်သစ်ဝန်ကြီးချုပ် ယဲန်း ကက်စ်တက်စ် လည်း သမ္မတ မက်ခရွန်နဲ့ ထိတွေ့ကောင်း ထိတွေ့နိုင်ခဲ့တယ်လို့ ယူဆတာကြောင့် သူလည်း သီးသန့် ခွဲနေနေရပါတယ်။ သူဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးရေး ပေါ်လစီအကြောင်း ဆီးနိတ်အထက်လွှတ်တော်မှာ တင်ပြဖို့ ရှိပါတယ်။ အခုတော့ သူ့အစား ကျန်းမာရေးဝန်ကြီး အိုလီဗီယေ ဗယ်ရန် က တင်ပြရမှာပါ။

အသက် ၆၇ နှစ်အရွယ် သမ္မတကတော် ဘရစ်ဂျစ်ကိုလည်း ရောဂါ ကူးစက်ခံထားရသလား ဆိုတာကိုတော့ သမ္မတအိမ်တော်ရဲ့ ကြေညာချက်မှာ ထည့်သွင်း မဖော်ပြထားပါဘူး။


မစ္စတာ မက်ခရွန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင် အတော်များများထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့တာပါ။ အောက်တိုဘာလတုန်းက ရောဂါကူးစက်ခံခဲ့ရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆိုရင် ဆေးရုံမှာ ၃ ရက်ကြာ နေခဲ့ရပါတယ်။

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆိုရင်လည်း ယူကေနိုင်ငံမှာ ကိုဗစ်-၁၉ ပထမအကျော့ စဖြစ်ခဲ့တဲ့ မတ်လတုန်းက ရောဂါကူးစက်ခံခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ဒုတိယအကျော့ ကိုဗစ်လှိုင်း ဖြစ်ပွားနေတာကို တားဆီးဖို့ နိုင်ငံတဝန်း လော့ခ်ဒေါင်းချခဲ့ပေမဲ့ ကန့်သတ်မှုတွေကို အခုသီတင်းပတ် အစောပိုင်းက ပြန်ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်းတွေက ဆက်မြင့်မားနေဆဲ ဖြစ်ပြီး ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အသစ်ချမှတ်လိုက်တဲ့ ကန့်သတ်ချက် စည်းမျဉ်းတွေအရ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ပြဇာတ်ရုံတွေနဲ့ ရုပ်ရှင်ရုံတွေလည်း ပိတ်လိုက်ရပါတယ်။

ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအသစ် ၁၇၇၀၀ ထပ်တွေ့ခဲ့ပါတယ်။

အခုအခါ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သွားဖို့ ရှိတဲ့ လက်ဘနွန်ခရီးစဉ် အပါအဝင် သမ္မတ မက်ခရွန် သွားဖို့ စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း သမ္မတအိမ်တော် ပြောခွင့်ရ အမျိုးသမီးက အတည်ပြုပြောကြားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55333355

ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုသိရ  ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုသိရ Reviewed by THITHTOOLWIN on 08:45 Rating: 5

No comments:

Powered by Blogger.