မြိုင်ကြီးငူ စစ်ရှောင်စခန်းနေထိုင်သူတွေ ရိက္ခာပြတ်


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် လေးထောင်ဝန်းကျင်ဟာ စားနပ် ရိက္ခာပြတ်လတ်ပြီး အများစုက ဆန်ပြုတ်သောက်နေကြရတယ်လို့ စခန်းအတွင်းနေထိုင်သူတွေက ပြောပါတယ်။

စခန်းရဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လကတည်းက လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြား ခဲ့ပေမယ့် အကူအညီမရသေးဘူးလို့ စခန်း ဥက္ကဋ္ဌ စောထွန်းက ပြောပါတယ်။

“စားနပ်ရိက္ခာအတွက် ကျနော်လည်း နိုဝင်ဘာလမှာ လှိုင်းဘွဲ့မြို့နယ် အထွေထွေချုပ်ဆီမှာ စာတင်ထားပါတယ်။ စားနပ်ရိက္ခာ တောင်းတဲ့ စာရွက်စာတမ်းနဲ့ တောင်းပြီးတော့ သူတို့က ပြည်နယ်ကတဆင့် တင်ပေးထားပေါ့၊ အခုထိ ဘာမှ အဖြေမပေါ်သေးဘူး။ အခု ၁၂ လပိုင်းမှာလည်း ဘာအဖွဲ့မှလည်း စားနပ်ရိက္ခာ မလာဘူး။ တချို့က ငတ်နေတယ်။ တချို့တွေလည်း ဆန်ပြုတ်နဲ့ပဲ သောက်နေကြရတယ်”

အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရက စခန်းကို ရံဖန်ရံခါ စားနပ်ရိက္ခာထောက်ပံ့ခဲ့ပါတယ်။

ဒုက္ခသည်တွေက စားဝတ်နေရေးအတွက် စခန်းအပြင်မှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာပါ။

ကပ်ဘေးကာလာမှာတော့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတဲ့အတွက် သူတို့အတွက် နေ့စားအလုပ်တွေလည်း မရှိတော့ပါဘူး။

ဒီလိုအခြေအနေမှာ ထောက်ပံ့မှုတွေရှိမှဖြစ်မယ်လို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ နန်းမူမူ က RFA ကို ပြောပါတယ်။

“အခုက စားဝတ်နေရေး ဒုက္ခရောက်နေကြတယ်။ အစိုးရ ပံ့ပိုးမှုတွေ မရတာ ၁၀ လ ရှိပါပြီ။ စစ်ဘေးရှောင် ပြည်သူတွေအတွက် အကုန်လုံးက စားနပ်ရိက္ခာအတွက် အခက်ခဲတွေဖြစ်နေကြတယ်လေ။ တချို့တော့ ဝယ်စားနိုင်ကြသလို တချို့တွေက လုံးဝ မ၀ယ်စားနိုင်ကြတဲ့လူတွေလည်း အများကြီးပေါ့နော်။ အဲဒီတော့ အခုလို တကယ်အခက်ခဲ ရှိနေတဲ့အချိန်မှာ ပံ့ပိုးမှုတွေ လိုအပ်နေပါတယ်”

ကပ်ဘေးကာလမှာ အစိုးရက လက်လုပ်လက်စားတွေကို ထောက်ပံ့တဲ့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ စခန်းအတွင်း နေထိုင်သူတွေ ဒီလို ထောက်ပံ့ခံရတာမရှိဘူးလို့ စခန်းတာဝန်ခံက ပြောပါတယ်။

အခက်တွေ့နေတဲ့ ဒုက္ခသည်တွေကို အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးနိုင်မယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့  အရပ်ဘက်အဖွဲ့ဝင် နန်းစေးအွာက မျှော်လင့်နေပါတယ်။

“လူကယ်ပြန်ဌာနရှိတယ်။ လူမှုဝန်ကြီးလည်း ရှိတယ်။ ကျမထင်တယ် သူတို့တွေသိရင်တော့ သူတို့က အချိန်မရွေးပြန်ပြီးတော့ ပြန်ကူညီပေးမယ်လို့ ကျမ ယူဆတယ်။ ပြီးတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဘက်က အစိုးရအနေနဲ့ ဘတ်ဂျက်မရှိခဲ့ရင်လည်း အရပ်ဘက်လူမှုအဖွဲ့တွေလည်း ကိုယ့်ရဲ့ပြည်နယ်အထဲမှာ ရှိတယ်ပေါ့နော်။ သူတို့တွေလည်း အကူအညီတောင်းရင်လည်း ရနိုင်တယ်။ သူတို့တွေအနေနဲ့ ဘယ်လိုကူညီ ပံ့ပိုးပေးနိုင်မလဲပေါ့။ အဲဒီအနေအထားနဲ့ အကူညီတောင်းရင် အသိပေးရင်တော့ ဝိုင်းလုပ်ပေးကြမယ် လို့ ထင်ပါတယ်”

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

စားဝတ်နေရေးခက်ခဲနေလို့ စခန်းတွင်းနေထိုင်ကြသူတွေက မိမိတို့ ဇာတိရွာတွေကို ပြန်လည်နေထိုင်ချင်ကြပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ရှိနေလို့ ပြန်ဖို့ မဝံ့ရဲကြပါဘူး။

မြေမြုပ်မိုင်းအန္တရာယ် မရှိတော့ရင် စခန်းနေပြည်သူတွေအများစုက နေရပ်ပြန်လိုကြတယ်လို့ ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ စောအေးမြက ပြောပါတယ်။

“ကိုဗစ်ကြီးက ဖြစ်နေတယ်။ အလှူရှင်တွေကလည်း ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်ဆိုတော့ သူတို့တွေ ဒုက္ခရောက် ကြရတာပေါ့။ အဓိက ဖြေရှင်းတဲ့နည်းကတော့ နေရာအသစ် ရှာပေးလိုက်၊ အကယ်၍ ပြန်နိုင်တဲ့သူတွေကို စီစဉ်ပေးပြီး ပြန်နိုင်အောင်။ လူတိုင်းလူတိုင်း ရွာတိုင်းရွာတိုင်းတွေမှာ အိမ်နဲ့ယာနဲ့ရှိပေမယ့်လို့ အခုက ခြေသလုံးအိမ်တိုင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေလည်းပါတယ်။ သူတို့ရဲ့ ဆန္ဒအတိုင်း ဖြစ်ချင်မှဖြစ်မှာပေါ့။ ဒီရွာမှာ အကုန်လုံး ဒီမှာပဲနေဆို သူတို့တွေ အားလုံးက နေချင်မှနေမယ်။ အကုန်လုံးပြန်ဆိုရင် အကုန်လုံးပြန်ကြမယ် ကျိန်းသေတယ်”

ဒီဇင်ဘာ ၈ ရက်နေ့ မနက်မှာ စခန်းကို ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် လာရောက်ခဲ့ပြီး စခန်းပြင်ပ မြိုင်ကြီးငူရပ်ကွက်မှာ နေရာချထားပေးနိုင်ရေး စီစဉ်နေကြောင်း အသိပေးခဲ့တယ်လို့ စခန်း ဥက္ကဋ္ဌ စောထွန်းက ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ ခွဲထွက် DKBA တို့ကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၀၀၀ ကျော် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း နှစ်ခုမှာ လာရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ပြည်တွင်းနေရာရွှေ့ပြောင်းနေရသူတွေ တသိန်းခြောက်သောင်းကျော်လောက် ရှိနေသေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် ပြည်တွင်းနေရာရွှေ့ပြောင်းရမှု စောင့်ကြည့်အဖွဲ့ IDMC က ၂၀၁၉ ဒီဇင်ဘာမှာ ထုတ်ဝေတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

တချို့က တောတောင်တွေထဲမှာ ခိုအောင်းနေကြဆဲ ဖြစ်သလို၊ တချို့လည်း သူတို့ဆန္ဒမရှိတဲ့ အစီအစဉ်တွေအတိုင်း နေထိုင်ကြရပြီး အနည်းစုကပဲ ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းပေါင်း ကိုးခုမှာတော့ လူဦးရေ ကိုးသောင်းဝန်းကျင် ရှိနေတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင် နေပြီဆိုပေမယ့် အဲဒီ စခန်းတွေကနေ ပြည်တွင်းကို ပြန်ကြသူ နှစ်သောင်းနီးပါးပဲ ရှိနေသေးတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/karen-refugees-food-shortage-12092020020445.html

မြိုင်ကြီးငူ စစ်ရှောင်စခန်းနေထိုင်သူတွေ ရိက္ခာပြတ် မြိုင်ကြီးငူ စစ်ရှောင်စခန်းနေထိုင်သူတွေ ရိက္ခာပြတ် Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.