သြစတြေးလျမှာ ကိုဗစ် ကူးစက်မှုတွေ တိုးလာလို့ ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်

ဆစ်ဒနီမှာ လူတွေ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထား

ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ များလာတာကို ထိန်းချုပ်တဲ့ အနေနဲ့ သြစတြေးလျရဲ့ လူဦးရေ အများဆုံးပြည်နယ်မှာရှိတဲ့ ဆစ်ဒနီမြို့ ဧရိယာမှာ ကန့်သတ်မှု အသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

လူတွေကို အိမ်မှာပဲနေကြဖို့ ထုတ်ပြန်ထားပြီး လာမယ့် ဗုဒ္ဓဟူးနေ့အထိ နေအိမ်တွေမှာ လူ ၁၀ ဦးထက် ပိုပြီး မစုကြဖို့နဲ့ သာရေးနာရေးနဲ့ အခမ်းအနား စုဝေးမှုတွေမှာ အစိုးရ သတ်မှတ်တဲ့ ၂ စတုရန်းမီတာ သတ်မှတ်ချက်ကို လိုက်နာရင် လူ ၃၀၀ ထက်ပိုပြီး မစုကြဖို့လည်း ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

လော့ဒေါင်းကာလ ၅ ရက် သတ်မှက်လိုက်ပြီး အသွားအလာ ကန့်သတ်ထားတဲ့ ဆစ်ဒနီမြို့ မြောက်ပိုင်း ကမ်းခြေမှာ ‌ရောဂါကူးစက်မှုတွေ တွေ့ခဲ့ရပါတယ်။အဲ့ဒီကတည်းက စပြီး ဆစ်ဒနီမြို့ခံတွေဟာ ခရစ်စမတ်ကာလ မတိုင်မီ မြို့ကနေ အလျင်အမြန် ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ဘေးချင်းကပ်ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားပြည်နယ်ကတော့ ဆစ်ဒနီက ထောင်နဲ့ချီတဲ့ လူတွေ ဝင်ရောက်နေကြတဲ့ နယူးဆောက်‌ဝေးနဲ့ ဂရိတ်တားဆစ်ဒနီ နယ်စပ်ဝင်ပေါက်တွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညသန်းခေါင်က စပြီး ပိတ်မယ်လို့‌ ကြေညာထားပြီး၊အဲ့ဒီက ဝင်ရောက်လာတဲ့ လူတွေဟာလည်း ၁၄ ရက် ကွာရန်တင်းဝင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

သြစတြေးလျတောင်ပိုင်း ပြည်နယ်ကတော့ ဆစ်ဒနီမြို့ မြောက်ပိုင်းကမ်းခြေက လာတဲ့သူတွေကို လုံးဝအဝင်မခံတော့ဘဲ ဒီဇင်ဘာလ ၂၀ ရက်နေ့ သန်းခေါင်က စလို့ ဂရိတ်တားဆစ်ဒနီဘက်က လာတဲ့သူတွေအားလုံး ၁၄ ရက် ကွာရန်တင်း ဝင်ရမယ်လို့ ပြောထားပါတယ်။

ရောဂါ ဖြစ်ပွားမှုတွေ များလာနေတဲ့အတွက် ဆစ်ဒနီက ဟော့ဘတ် ရွက်လှေပြိုင်ပွဲကို ဖျက်ရဖို့လည်း ရှိနေ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အတွင်း သြစတြေးလျမှာ ပြည်တွင်းကနေ ကိုဗစ် ကူးစက်ခံရသူ တစ်ဦးသာ ရှိခဲ့ပါတယ်။

သြစတြေးလျမှာ လူ ၂၈၀၀၀ ကျော် ကူးစက်ခံရပြီး ၉၀၈ ဦး သေဆုံးခဲ့ကာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံ ဖြစ်တယ်လို့ ဂျွန်ဟောကင်း တက္ကသိုလ်က ခန့်မှန်းချက် ထုတ်ထားခဲ့ပါတယ်။

စနေနေ့က ၅ ရက်လော့ဒေါင်းချလိုက်တဲ့ ဆစ်ဒနီ မြောက်ပိုင်းကမ်းခြေ

ဆစ်ဒနီ အနီးတစ်ဝိုက် ဂရိတ်တားဆစ်ဒနီနဲ့ ဒေသအချို့မှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက် အသစ်တွေကတော့ ဒေသတွင်းကူးစက်မှု မရှိရင် ပြန်လည် ရုပ်သိမ်းပေးမယ်လို့ ပြောထားပါတယ်။

အဲဒီကန့်သတ်ချက်တွေမှာ

-နေအိမ် အဆောက်အအုံအတွင်းက သာရေး နာရေးအခမ်းအနားတွေ ဝတ်ပြု ဆုတောင်း ပွဲတွေမှာ လူတစ်ဦးနဲ့ တစ်ဦး ၄ စတုရန်း မီတာ ခွာနေရမယ် ဆိုတာကို ပြန်လည် ကျင့်သုံးမှာဖြစ်ပါတယ်။

-အဲ့ဒီ သတ်မှတ်ချက်နဲ့ညီရင် လူစုလူဝေးကို ၃၀၀ အထိ ခွင့်ပြုမယ်။

-သီချင်း ဆိုတာကို အဆောက်အအုံအတွင်း ခွင့်မပြုပါဘူး ။

-ကပွဲ ခန်းမတွေကိုလည်း ခွင့်မပြုပါဘူး၊ ဒါပေမဲ့ မင်္ဂလာဆောင် အခမ်းအနား အတွက်တော့ လူ၂၀ အထိ ခွင့်ပြုပါမယ်။

ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

နယူးဆောက်ဝေး ပြည်နယ်ဝန်ကြီးချုပ်ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သွားလာတဲ့ အခါမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ မထုတ်ပြန်ထားပေမဲ့ လူတွေကို နှာခေါင်းစည်း တပ်ထားကြဖို့ကို တိုက်တွန်းထားပါတယ်။ဒါ့အပြင် ဒေသခံတွေကို လာမယ့် ရက် အနည်းငယ်အတွင်း သူတို့ရဲ့ သွားလာ လှုပ်ရှားမှုတွေကို ကန့်သတ်ကြဖို့နဲ့ အပြင်သွားဖို့ မလိုအပ်ပါက အိမ်မှာပဲ နေကြဖို့ကို ပြောထားပါတယ်။

သြစတြေးလျက အုပ်စုလိုက်ကူးစက်မှု အသစ်

တနင်္ဂနွေနေ့က ဆစ်ဒနီမြောက်ပိုင်းကမ်းခြေ မှာ ရောဂါကူးစက်မှုမှာ ၆၈ ခု ဖြစ်ပွားခဲ့ပြီးတော့ အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါအသစ် ၃၀ ဖြစ်ပွားခဲ့မှု ပါဝင်ခဲ့ပါတယ်။ ခရစ်စမတ် ပွဲတော်ကာလ မတိုင်မီ ရက်အနည်းငယ်အတွင်းမှာ အခုလို အုပ်စုလိုက် ကူးစက်မှုတွေ ရှိလာတာကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်တွေဟာ ခရစ်စမတ် ပွဲလမ်းသဘင် အစီအစဉ်တွေကို အကျိုးသက်ရောက်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့အထိ လူနှစ်သိန်းခွဲကျော်လောက်ဟာ အလုပ်သွားတာ၊ ကျန်းမာရေးလေ့ကျင့်တာ၊ လိုအပ်တဲ့ ပစ္စည်းတွေအတွက် စျေးဝယ်ထွက်တာ၊ သာရေး နာရေးကိစ္စ သွားလာတာကလွဲလို့ နေအိမ်တွေကနေ ဘယ်ကိုမှ မသွားကြဖို့ တားမြစ် ခံထားရပါတယ်။

ဆစ်ဒနီမြို့ အခြားနေရာတွေက လူတွေကိုလည်း အဲ့ဒီကူးစက်မှုဖြစ်တဲ့နေရာတွေကို မသွားကြဖို့ အမိန့်ထုတ်ထားပါတယ်။ နယူးဆောက်ဝေးပြည်နယ် အစိုးရက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပြီး ဒေသခံတွေကို ဘုရားရှိခိုးကျောင်း၊စျေးဝယ်စင်တာ စတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို သွားရင် နှာခေါင်းစည်းတပ်ကြဖိုကို နှိုးဆော် ထားပါတယ်။

သြစတြေးလျက ကိုရိုနာကူးစက်မှု အခြေအနေကို နောင် လာမယ့် ၅ ရက်မှာ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ရောဂါဗေဒပညာရှင် မယ်ရီ လူအီး မက်ကလောင်း ကပြော ပါတယ်။

" ကူးစက်မှုတွေဖြစ်တဲ့ မြောက်ပိုင်းကမ်းခြေကိုပဲ စောင့်ကြည့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သြစတြေးလျ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လာရမယ်ဆိုရင် ပိုပြီးတင်းကျပ်ဖို့ လိုပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

ဆစ်ဒနီ ‌ဒေသခံတွေကို နေအိမ်တွေကနေ ဘယ်ကိုမှ မသွားကြဖို့ တားမြစ်ထား

ဓာတ်ခွဲ စမ်းသပ်မှုတွေအရ ကူးစက်ခံရမှုတွေဟာ မကြာသေးမီက ကွာရန်တင်းဝင်ခဲ့တဲ့ ခရီးသွားတွေဆီက တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါပိုး ဗီဇနဲ့ တူတယ်လို့ တွေ့ရှိခဲ့ကြောင်း ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒေသအတွင်း ကူးစက်မှုတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာကို တော့ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိစစ်ဆေးထားတဲ့ စုံတွဲတစ်တွဲဟာ စမ်းသပ်ချက်အဖြေမရမီ နေအိမ်မှာ သီးခြားခွဲနေဖို့ ပျက်ကွက်ခဲ့ပြီးနောက် ကူးစက်မှုတွေ စတင်ခဲ့တာလို့ လည်းဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ သူတို့ဟာ မြောက်ပိုင်း ကမ်းခြေက ကလပ်နဲ့ ဘားတွေကို သွားရောက်ခဲ့ကြပြီးတော့ အဲ့ဒီကနေ ကူးစက်မှုတွေ အများအပြား ဖြစ်ခဲ့တာလို့ စစ်ဆေးတွေ့ရှိရပါတယ်။

ပြည်ပ ခရီးသွားရာဇဝင်မရှိသူ ဒီစုံတွဲဟာ ဘယ်ကနေ ဘယ်လို ကိုဗစ်- ၁၉ ရောဂါ ကူးစက် ခံခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နိုင်ငံတကာ ပြန်လာတဲ့ ခရီးသွားတွေကို ဟိုတယ်ကွာရန်တင်းထားရာကနေ ကူးစက်မှုတွေဖြစ်လာတဲ့အတွက် ပြီးခဲ့တဲ့ မတ်လကစလို့ သြစတြေးသျဟာ နယ်စပ် ဝင်ပေါက်တွေအားလုံးကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကနေပြီးတော့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55386499

သြစတြေးလျမှာ ကိုဗစ် ကူးစက်မှုတွေ တိုးလာလို့ ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်  သြစတြေးလျမှာ ကိုဗစ် ကူးစက်မှုတွေ တိုးလာလို့ ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန် Reviewed by THITHTOOLWIN on 01:36 Rating: 5

No comments:

Powered by Blogger.