ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း

ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း ရန်ကုန်ဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများကို ကုသပေးနေတဲ့ အထူးကြပ်မတ်ဆောင် ICUက သူနာပြုများကို တွေ့ရစဉ်  / Photo : Min Thein Aung / RFA


ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ စီးပွားရေး နာလန်ထဖို့ မြန်မာနိုင်ငံအနေနဲ့ ကပ်ဘေးတုံ့ပြန်မှု အစီအမံတွေကို မြန်မြန်ဆန်ဆန် ချမှတ်အကောင်အထည် ဖော်ရတော့မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရဲ့ ကိုယ်စားလှယ်  Mariam Sherman က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ကာလတိုမှာ အစိုးရက ဗိုင်းရပ်စ်ပိုးကူးစက်မှု လျှော့ချနိုင်ရေးကို ဦးစားပေးရမယ်၊ အခြေခံလူတန်းစားတွေနဲ့ တကယ်လိုအပ်နေသူတွေ စားဝတ်နေရေး အဆင်ပြေအောင် ကူညီရမယ်၊ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ရမှာ ဖြစ်သလို ရေရှည်မှာတော့  ထုတ်လုပ်မှုအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားကောင်းအောင်လုပ်ပြီး  ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပိုင်းက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ် လို့ Mariam Sherman က အကြံပြုပါတယ်။  

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ Covid 19 ကပ်ရောဂါကြောင့်  ပြီးခဲ့တဲ့နှစ်ညွှန်းကိန်း ၆.၈ ရာခိုင်နှုန်းကနေ  ဒီနှစ်မှာ  ၁.၇ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်လို့  ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကပ်ဘေးကာလ ကန့်သတ် ထိန်းချုပ်မှုတွေကြောင့် သုံးစွဲမှု၊ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျစေခဲ့ပြီး အလုပ်အကိုင်နဲ့  စီးပွားရေးဆိုင်ရာလည်ပတ်မှုတွေကို ထိခိုက်စေခဲ့တယ်လို့ ပြောထားပါတယ်။

အကျိုးရလဒ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ၂၂.၄  ရှိခဲ့ရာကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့  ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်သွားတယ်၊ ကိုဗစ် ပထမလှိုင်းကာလ အခြေခံလူတန်းစားတွေ စီးပွားရေးကျပ်တည်း၊ နေ့စဉ်ဘဝမှာ စားဝတ်နေရေး ခက်ခဲလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။  

ဒုတိယလှိုင်းမတိုင်ခင် သြဂုတ်လနောက်ပိုင်းမှာလည်း အများအပြားက အကြွေးပြန်ဆပ်ဖို့ ရုန်းကန်ခဲ့ရတယ်၊  လက်ရှိ ဒုတိယလှိုင်းမှာတော့ ကပ်ဘေးကာလ အကန့်အသတ်တွေကြောင့် စီးပွားရေးဆိုင်ရာ အခက်အခဲတွေ ပိုဖြစ်စေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

‌လာမယ့် မတ်လပိုင်းက စတင်ပြီး စီးပွားရေး တဖြည်းဖြည်းပြန်လည် တိုးတက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။    

ဒါပေမဲ့လည်း ဒေသတွင်းမှာရော ကမ္ဘာတလွှားမှာပါ ကပ်ဘေးနောက်ဆက်တွဲ အခြေအနေကို  ရင်ဆိုင်ရာမှာ ဖြစ်တာကြောင့် အခက်အခဲ အကျပ်အတည်းက ကြီးကြီးမားမား ရှိနေမှာဖြစ်တယ်၊ ကာကွယ်ဆေး မထိုးကြရသေးတဲ့အတွက် အသွားအလာ ပိုမိုကန့်သတ်တာတွေ အလုပ်အကိုင် ရှားပါးတာတွေကို ကြုံတွေ့လာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတကာက စီးပွားရေးကျွမ်းကျင်သူတွေကတော့ ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ နိုင်ငံတွေမှာ မဖြစ်ခင်က အခြေအနေကို ပြန်ရောက်ဖို့ နှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ဘေးကာလအတွင်းမှာ မကြာခဏဆိုသလို  ပြည်သူကို မိန့်ခွန်းပြောကြားရာမှာ  စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး လည်ပတ်နိုင်အောင်၊ တိုးတက်လာနိုင်အောင်  ကြိုးစားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

စက်တင်ဘာလ ၁၁ ရက်နေ့ မိန့်ခွန်းမှာတော့ စီးပွားရေးလုပ်ငန်းတွေ သာမန်အနေအထား အမြန်ဆုံး ပြန်ရောက်ရေး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေ ပျံသန်းဖို့ စတင် စီစဉ်နေပြီး ပြည်ပလေကြောင်းများ ပြန်လည် အတက်အဆင်း လုပ်တာမျိုးလို ဆက်သွယ်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်ရေးကိုလည်း စီစဉ်နေတယ်၊ စက်ရုံ အလုပ်ရုံတွေလည်း အမြန်ဆုံး ပြန်ဖွင့်ပေးမယ်၊ အသွားအလာ ကန့်သတ်မထားတဲ့ ဒေသတွေမှာ စားသောက်ဆိုင်လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ ခွင့်ပြုမယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ မိန့်ခွန်းမှာတော့ လူတစ်သိန်းကျော် ကူးစက်ခံခဲ့ရတဲ့ ကပ်ရောဂါအတွက် နိုင်ငံရဲ့ဘဏ္ဍာငွေကို အသုံးပြုရလို့ စီးပွားရေး ပြန်လည်ထူထောင်ဖို့ နည်းသွားတယ်လို့ ပြောကြားခဲ့ပါတယ်။  


RFA Burmese

https://www.rfa.org/burmese/news/world-bank-urges-government-to-manage-post-disaster-12162020055409.html

ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း  ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.