ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဂျပန် စုံတွဲရှာဖို့ အစိုးရ ကူညီမယ်

ဂျပန်မှာ ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်း

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းတွေ ကျဆင်းနေတဲ့အတွက် စုံတွဲရှာတဲ့နေရာမှာ ကွန်ပျူတာ ဥာဏ်ရည်တု အေအိုင် နည်းပညာ ကို သုံးစွဲဖို့ အစိုးရက အထောက်အပံ့ပေးဖို့ပြင်ဆင်နေပါတယ်။

လာမယ့်နှစ်ကစတင်ပြီး အေအိုင်နည်းနဲ့ စုံတွေရှာပေးရေး အစီအစဥ်အတွက် ဒေသန္တရ အစိုးရတွေဟာ ရန်ပုံငွေ ရရှိမှာပါ။

ဂျပန် နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားမှု ၈၆၅၀၀၀ ပဲ ရှိခဲ့ပြီး ဒါဟာ စံချိန်တင် မွေးဖွားနှုန်းကျဆင်း ခဲ့တာဖြစ်ပါတယ်။

သက်ကြီးရွယ်အို လူဦးရေများတဲ့ ဂျပန်အနေနဲ့ မျိုးဆက်ပွားနှုန်းလည်း ကျဆင်းနေတဲ့အတွက် အဖြေရှာနေရပါတယ်။

ဒါကြောင့် အေအိုင် ကွန်ပျူတာ ဥာဏ်ရည်တု နည်းပညာကို နောက်ဆုံး အနေနဲ့ အသုံးချလာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကလေးမွေးဖွားနှုန်းတိုးမြင့်လာဖို့အတွက် အစိုးရဟာ ဒေါ်လာ ၁၉ သန်း သုံးစွဲဖို့ လျာထားတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

လူကိုယ်တိုင် စုံတွဲရှာပေးတဲ့ ကုမ္ပဏီတွေ ဂျပန်မှာ အများအပြား ရှိပေမဲ့ ကိုယ်ရေးအချက်အလက်တွေ တိုက်ဆိုင်ပေးတဲ့ အခါမှာ ပိုမိုလျင်မြန်ပြီး လွယ်ကူစေနိုင်မယ့် အေအိုင် နည်းပညာတွေကို သုံးစွဲဖို့ ဆုံးဖြတ်လာကြတာပါ။ တချို့ ကုမ္ပဏီတွေဟာ ဆိုရင် အရင်ကတည်းက ကွန်ပျူတာ နဲ့အချက်အလက် တိုက်ဆိုင် စစ်ဆေးပေးတာကို သုံးစွဲနေခဲ့ကြပြီးသား ဖြစ်ပါတယ်။

အရင် ရှိခဲ့ပြီးသား ကွန်ပျူတာ စနစ်တွေက စုံတွဲတွေရဲ့ အသက်နဲ့ ဝင်ငွေကို တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ အလုံးစုံ တူညီမှ စုံတွဲပေးခဲ့ကြတာပါ။

အခု အစိုးရက ထောက်ပံ့ပေးမယ့် အေအိုင် နည်းပညာမှာတော့ စုံတွေရဲ့ ဝါသနာ နဲ့ တန်ဖိုးထားမှုတွေကိုပါ ကိုက်ညီမှု ရှိမရှိ ကြည့်ရှုပေးနိုင်မယ့် နည်းလမ်းတွေ ထည့်သွင်းထားတယ်လို့ ဂျပန်သတင်းဌာနတွေက ပြောပါတယ်။

အေအိုင် ကွန်ပျူတာ ဥာဏ်ရည်တုသုံးပြီးတော့ စုံတွဲရှာပေးမယ့် အစီအစဉ်မှာ ဒေသန္တရ အစိုးရတွေရဲ့ စီမံကိန်းကို ထောက်ပံ့ဖို့စီစဉ်ထားတယ်လို့ အစိုးရ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီအစီအစဉ် ကနေ ဂျပန်ရဲ့ မွေးဖွားနှုန်း ကျဆင်နေတာကို ကူညီ နိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်းသူက ထပ်လောင်း ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ လူဦးရေ ၁၂၇ သန်း ရှိခဲ့တဲ့ ဂျပန်နိုင်ငံ အနေနဲ့ လူဦးရေ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပြီး အခုရာစုနှစ် အကုန်မှာ ၅၃ သန်းလောက် ကျဆင်းသွားမယ်လို့ တွက်ချက်ထားပါတယ်။

အစိုးရ အနေနဲ့ နိုင်ငံရဲ့ လူမှုဖူလုံရေး ကုန်ကျစားရိတ်တွေ ကာမိစေဖို့ အလုပ်လုပ်နိုင်တဲ့ လုပ်သား အင်အားကို တိုးချဲ့ဖို့ ရည်ရွယ်ပြီး အခုလို စုံတွဲရှာပေးတဲ့ နည်းလမ်းတွေကို သုံးစွဲလာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းနဲ့ ဂျပန်လူထုကို ထောက်ပံ့တာ ပိုကောင်းတယ်လို့ ထင်နေသူတွေလည်းရှိပါတယ်။ ဥပမာ အားဖြင့် လူငယ်တွေ အလုပ်အကိုင် ဝင်ငွေရအောင် ကူညီတာက မွေးဖွားနှုန်း ကျဆင်းမှုကို တိုးမြှင့်ပေး နိုင်မယ်လို့ ယူဆကြောင်း ဂျပန် တန်ပယ် တက္ကသိုလ်က ပါမောက္ခ ဆာချီကို ဟိုရီဂူချီက ပြောပါတယ်။

မကြာသေးခင်က ထုတ်ပြန်ထားတဲ့ လေ့လာမှု တစ်ခုမှာ ဝင်ငွေနည်းတဲ့ ဂျပန်လူငယ်တွေဟာ အချစ်ရေးကို စိတ်ဝင်စားမှု မရှိတော့တာကို တွေ့ရှိရတယ်လို့လည်း ဆာဂျီကို ဟိုရီဂူချီက ထောက်ပြ ပြောဆိုပါတယ်။

လူငယ်တွေ ချိန်းတွေ့ဖို့ စိတ်မဝင်စားတော့ဘူး ဆိုရင် အေအိုင်နဲ့ စုံတွဲ ရှာပေးတဲ့ ကိစ္စက အလုပ်မဖြစ်နိုင်ဘူးလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံမှာ လုပ်ငန်းခွင် ဝင်နေတဲ့ မိခင်တွေကို ပိုပြီးကူညီဖို့ လေ့လာသူတွေက တိုက်တွန်းနေတာ ကြပါပြီ။ အမျိုးသမီးတွေဟာ အိမ်အလုပ်တွေကို အကုန်တာဝန်ယူရတဲ့ ယဥ်ကျေးမှုရှိတဲ့ အတွက် အိမ်ထောင်ပြုဖို့ ဝန်လေးလာကြတယ်လို့လည်း သူတို့က ထောက်ပြပါတယ်။

အစိုးရအနေနဲ့ အမျိုးသမီးတွေ အချိန်ပြည့် လုပ်ငန်းခွင်ဝင်ရောက်ရေး အတွက် တွန်းအားပေးမှုတွေ လုပ်နေပေမယ့် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုက ကွာဟချက် ကြီးမားနေဆဲပါ။

၂၀၁၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ အစီရင်ခံစာထဲမှာ ဂျပန်ဟာ ကျားမ တန်းတူညီမျှရေးမှာ ကမ္ဘာ့အဆင့် ၁၂၁ ရှိပြီး ပြီးခဲ့တဲ့နှစ်က ထက် ၁၁ ဆင့်ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55235128

ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဂျပန် စုံတွဲရှာဖို့ အစိုးရ ကူညီမယ်  ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဂျပန် စုံတွဲရှာဖို့ အစိုးရ ကူညီမယ် Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.