စင်္ကာပူရွှေ့ပြောင်းလုပ်သား တဝက်ကျော် ကိုဗစ်ကူးစက်ခံရ

စင်္ကာပူနိုင်ငံသားအများစု ဘေးကင်းတယ်ဆိုပေမယ့် ရွှေ့ပြောင်းလုပ်သားထက်ဝက် ကိုဗစ်ကူးစက်ခံရ

ပြီးခဲ့တဲ့ ၉ လတာအတွင်း စင်္ကာပူနိုင်ငံမှာ လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တဝက်နီးပါးမှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ အချက်အလက် ထွက်ပေါ်လာတဲ့ ကိစ္စဟာ အံ့အားသင့်စရာမကောင်းဘူးလို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့က ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမား ၁၅၂,၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄၇% ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတယ်လို့ အချက်အလက်အသစ်မှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကို ထည့်သွင်းမရေတွက်ရင် စင်္ကာပူနိုင်ငံမှာ လူ ၄,၀၀၀ အောက်ပဲ ကိုဗစ် ကူးစက်ခဲ့တာပါ။

ရွှေ့ပြောင်းလုပ်သား အမျိုးသားအများစုဟာ အလုပ်သမား အိပ်ဆောင်အကြီးကြီးတွေမှာ အတူနေထိုင်ကြတာပါ။

ဧပြီလတုန်းက ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိပြီးနောက်ပိုင်း လူဦးရေ ထူထပ်တဲ့ အဆောက်အအုံတွေမှာ အခန်းတခုအတွင်း အတူနေထိုင်ကြတဲ့ အမျိုးသားတွေဟာ တခြားလူတွေနဲ့ အဆက်အဆံမလုပ်ရဘဲ သီးခြားခွဲပြီး ကွာရန်တင်းဝင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတော့ သာမန်ပြည်သူတွေနဲ့ အိပ်ဆောင်တွေမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု လုံးဝမရှိသလောက်နီးပါးအထိ လျော့ကျသွားခဲ့ပါတယ်။

ဒါကြောင့် အာဏာပိုင်တွေဟာ ကန့်သတ်ထားမှုတွေကို အများပြည်သူအတွက် ထပ်မံဖြေလျှော့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စင်္ကာပူနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အထူးသဖြင့် ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ အများအပြားလုပ်ကိုင်နေကြတဲ့ တောင်အာရှကလာတဲ့ ဝင်ငွေနည်း ရွှေ့ပြောင်းအလုပ်သမားတွေကတော့ သူတို့ရဲ့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်အပေါ် ကန့်သတ်တားဆီးမှုတွေ ဆက်လက်ခံရဦးမှာဖြစ်ပါတယ်။

ဒီကန့်သတ်မှုတွေကို လာမယ့်နှစ်ကျမှ တဖြည်းဖြည်း ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်။

"စင်္ကာပူနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အကျဉ်းသားတွေလို ဆက်ဆံစရာ အကြောင်းမရှိဘူး" လို့ Transient Workers Count Too (TWC2) ပရဟိတအဖွဲ့က အဲလက်စ် အူ က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ထုတ်ပြန်ချက်အသစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ယူပြီး စစ်ဆေးတဲ့ PCR ( Polymerase Chain Reaction) နည်း နဲ့ လူတဦးမှာ တချိန်က ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပဋိပစ္စည်း ကို စမ်းသပ်စစ်ဆေးတဲ့ serology နည်း၊ ၂ နည်းလုံးနဲ့ စမ်းသပ်စစ်ဆေးမှုအဖြေတွေကို ပေါင်းစပ်ဖော်ပြထားတာဖြစ်ပါတယ်။

PCR ပုံမှန်နည်းအတိုင်း စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ အလုပ်သမား ၅၄,၅၀၀ ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး serology နည်းနဲ့ စမ်းသပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ နောက်ထပ် ၉၈,၀၀၀ မှာ ပိုးကူးစက်ခံခဲ့ရတာကို တွေ့ရှိခဲ့တာပါ။

အလုပ်သမား ၅၀,၀၀၀ ကျော် ပိုး ကူးစက်ခံထားရတဲ့ အရေအတွက်ကို အရင်ကတည်းက လူထုကြား ထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် ကျန်အရေအတွက်ကိုတော့ တနင်္လာနေ့ကမှ ထုတ်ပြန်ခဲ့တာပါ။

အလုပ်သမားပြည်သူတရပ်လုံးကို ၂ နည်းလုံးနဲ့ အနည်းဆုံး တကြိမ်စီ စမ်းသပ်စစ်ဆေးပေးပြီးသွားပြီလို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လအတွင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

အတိတ်တုန်းက ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးတာကို တွေ့ရှိခဲ့တဲ့ သူတွေအပါအဝင် ပိုးစက်ခံရသူတိုင်းကို သီးခြားခွဲနေခိုင်းခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမား ၁၅၂,၀၀၀ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ ပမာဏဟာ စင်္ကာပူနိုင်ငံတဝန်း အလုပ်သမား အိပ်ဆောင်တွေမှာ နေထိုင်ကြတဲ့ စုစုပေါင်း အလုပ်သမားဦးရေ ၃၂၃,၀၀၀ ရဲ့ ထက်ဝက်နည်းပါးဖြစ်ပါတယ်။

ဒါပေမဲ့ ပဋိပစ္စည်း (antibody) အပေါ် အခြေခံပြီး serology နည်းနဲ့ စမ်းသပ်စစ်ဆေးမှု နောက်ထပ် ၆၅,၀၀၀ ရဲ့ အဖြေတွေ မကြာမီ ထပ်ထွက်လာဦးမှာ ဖြစ်လို့ အခုအရေအတွက်ထက် ပိုမို များပြားလာနိုင်ပါတယ်။

"လက်ရှိ ကိန်းဂဏန်းအချက်အလက်အသစ်တွေကို ကျွန်တော်တို့ အံ့အားမသင့်ပါဘူး" လို့ မစ္စတာ အူက ပြောပါတယ်။

"နှစ်လယ်ပိုင်းတုန်းက ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့တဲ့ အလုပ်သမားတွေ ပြောတာကတော့ သူတို့ကို သူတို့အခန်းမှာပဲ နေကြဖို့ ညွှန်ကြားထားပြီး တယောက်တည်း သီးခြားခွဲနေခိုင်းတာ မရှိဘူး။ သူတို့အခန်းဖော်တွေနဲ့ ပြောဆိုဆက်ဆံတာတွေ ဆက်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ "

အလုပ်သမားအဆောင်တွေမှာ တဦးနဲ့တဦး ခပ်ခွာခွာနေဖို့ ခဲယဉ်း

"ဒါဟာ သမိုင်းပါပဲ" လို့ မစ္စတာ အူက ဆိုပါတယ်။

"အောက်တိုဘာလနောက်ပိုင်းကတည်းက အလုပ်သမားတန်းလျားတွေမှာ ရက်အတော်ကြာကြာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအသစ် မတွေ့ရှိတော့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိနဲ့ တပုံစံတည်း ကြေညာချက် ထုတ်ပြန်ထားပေမယ့် စင်္ကာပူနိုင်ငံဟာ အလုပ်သမားတွေကို အကျဉ်းသားတွေလို ဆက်လက် ဆက်ဆံနေသေးတဲ့အပေါ် ကျွန်တော်တို့ အလွန်အမင်း စိတ်ပူမိတယ်" လို့လည်း ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအသစ်တွေ မရှိသလောက်နီးပါးဖြစ်သွားပြီး အလုပ်သမားတွေလည်း သီတင်းနှစ်ပတ်တိုင်း ပုံမှန်း စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီးနောက်ပိုင်း သူတို့အပေါ် အခုလို တင်းကြပ်တဲ့ ကန့်သတ်မှုမျိုး ထားစရာအကြောင်းမရှိဘူးလို့လည်း မစ္စတာ အူက စောဒက တက်ပါတယ်။

စင်္ကာပူရဲ့ အောင်မြင်မှုနဲ့ ကျဆုံးမှု

စင်္ကာပူနိုင်ငံမှာ ဇန်နဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိခဲ့ပေမယ့် ပိုးကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်ဆံသူတွေကို ခြေရာခံလိုက်တဲ့ အစီအစဉ် အသေအချာ လုပ်ခဲ့တာကြောင့် အစပိုင်းမှာ ပိုးကူးစက်ခံရမှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြား ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့တဲ့အချိန်မှာတော့ ခြေရာခံလိုက်ဖို့နဲ့ ပိုးကူးစက်ခံရသူတိုင်းကို သီးခြားခွဲနေခိုင်းဖို့ အာဏာပိုင်တွေ အခက်တွေ့ခဲ့ပါတယ်။

ဒါကြောင့် အလုပ်သမား လူမှုအသိုင်းအဝိုင်းကြားမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် အဆမတန် ထောင်တက်သွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ နှာခေါင်း၊ အာခေါင် တို့ဖတ်ယူပြီး စမ်းသပ်စစ်ဆေးတဲ့နည်းနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသူ ၅၈,၃၄၁ မှာ ၉၃ ရာခိုင်နှုန်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

ပိုးကူးစက်ခံရမှု မြင့်တင်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အလုပ်သမားအဆောင် အများစုကို ဧပြီလကတည်းက ကွာရန်တင်း သီးခြားခွဲထားခဲ့ပါတယ်။

တကယ်တမ်းတော့ အလုပ်သမားထောင်နဲ့ချီကို အဲဒီအဆောင်တွေထဲမှာ ပိတ်လှောင်ထားခဲ့တာပါ။

လက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်တဲ့ အလုပ်သမားတွေကိုတောင် သူတို့ရဲ့ အလုပ်ရုံတွေကို သွားတာနဲ့ သူတို့အဆောင်အနီးဝန်းကျင်က သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ တခါတရံ ဈေးဝယ်တာကိုပဲ ခွင့်ပြုထားတယ်လို့ မစ္စတာ အူက ပြောပါတယ်။

"အလုပ်သမားတွေကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အကျဉ်းသားတွေလို ဆက်ဆံခဲ့တယ်။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မရှိပဲ သူတို့ရဲ့ ကာယ ဝါယမစိုက်ထုတ်မှုကို အသုံးပြုခဲ့တယ်" လို့လည်း ဆိုပါတယ်။

တနင်္လာနေ့မှာ စင်္ကာပူ အာဏာပိုင်တွေက "အလုပ်သမားအိပ်ဆောင်တွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကန့်သတ်တားမြစ်မှုတွေကို တဖြည်းဖြည်း ဖြေလျော့သွားတော့မယ်" လို့ ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ပထမ လေးလပတ်မှာ တချို့အလုပ်သမားတွေဟာ အများပြည်သူသွားလာတဲ့ နေရာတွေဆီကို တလတကြိမ် သွားရောက်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဘေးကင်းလုံခြုံမှုအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုပြီး ခြေရာခံလိုက်တဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/55332103

စင်္ကာပူရွှေ့ပြောင်းလုပ်သား တဝက်ကျော် ကိုဗစ်ကူးစက်ခံရ  စင်္ကာပူရွှေ့ပြောင်းလုပ်သား တဝက်ကျော် ကိုဗစ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.