တရားမဝင်ကိုဗစ်စစ်ဆေးမှု အာဏာပိုင်တွေအရေးယူ

ကိုဗစ်ရောဂါ စစ်ဆေးတဲ့ test kit တခုကို ကိုင်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးရှိ၊ မရှိ တရားဝင်ခွင့်ပြုချက်မရဘဲ စစ်ဆေးပေးနေသူတွေကို အာဏာပိုင်တွေ အရေးယူ၊ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကိုဗစ်ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးပေးနေတာတွေ၊ ရောဂါပိုး စစ်ဆေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ရောင်းချနေတာတွေကို အာဏာပိုင်တွေ စတင်အရေးယူနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာလည်း တရားဝင်ခွင့်ပြုချက်မရှိဘဲ အခကြေးငွေယူပြီး ရောဂါပိုး ရှိ၊ မရှိ အိမ်တိုင်ယာရောက် စစ်ဆေးပေးနေသူ တစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောပါတယ်။

“ဒီတရားမဝင် ကျနော်တို့ မြို့နယ်ထဲမှာ Test Kit နဲ့ စစ်ဆေးပြီးတော့မှ လုပ်နေတာရှိတယ်ပေါ့။ ငွေကြေးယူပြီးတော့မှ လုပ်နေတာတွေ ရှိတယ်။ တိုင်းကျန်းမာရေးကလည်း ညွှန်ကြားတယ်ပေါ့နော်။ ဖမ်းဆီးအရေးယူပေးဖို့ ကျနော်တို့ လာပြီးတော့ ဆွေးနွေးတာပေါ့၊ ဆွေးနွေးတဲ့အခါ ကျနော်က ဒီမြန်မာနိုင်ငံရဲတို့ အခြားဒီလိုအပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းစပ်ပြီးတော့မှ စီမံပေးတဲ့ သဘောပါဗျ။”

ခွင့်ပြုချက်မရှိဘဲ စစ်ဆေးပေးသူကိုတော့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း ဦးစိန်သောင်းက ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ ကိုဗစ်ရောဂါကူးစက်မှုတွေ တိုးလာနေပြီး ထိုင်းနိုင်ငံသား တချို့မှာပါ ကူးစက်မှုတွေ ကြုံခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း ကျန်းမာရေးဌာနက တရားဝင် အသိအမှတ်ပြုမထားတဲ့ ရောဂါပိုးစစ်ဆေးတဲ့ ပစ္စည်းတွေကို ရောင်းချတာကြောင့် အရေးယူတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေပြီး တရားဝင်ရော၊ တရားမဝင်ပါ ဝင်ထွက်သွားလာမှုတွေ ရှိနေတာကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့လည်း တာချီလိတ်မြို့နယ်က ဆေးအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောပါတယ်။

“တကယ်တမ်းကျ ဒီမှာက နယ်စပ်က ဟိုဘက်၊ ဒီဘက်က တောက်လျှောက်အောက်လမ်းဆိုတာကရှိနေတော့ ပေါက်နေတာ၊ ပေါက်နေတဲ့အခါကျတော့ ဒီတရုတ်နဲ့ရော၊ လာအိုနဲ့ရော၊ ထိုင်းနဲ့ရောပေါ့နော်။ ကျနော်တို့ ဒီရှမ်းပြည်နယ်တစ်ခွင်ကပေါ့၊ အဲ့ဒီလိုရှိတဲ့အခါကျတော့ အဲ့ဒီတွေက ရှိနိုင်တယ်။ ပုံမှန်အတိုင်းက အခုပြောသလိုပေါ့။ အခု စိတ်မချတဲ့ Test တွေ အဲ့ဒီလို ရောင်းဝယ်တာတွေ တကယ်ရှိရင်တော့ ကျနော်တို့က အရေးယူရမှာပဲ ယူကို ယူရမယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားသလို၊ ပြည်တွင်းပြည်ပ ခရီးသွားတာတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်ဆံသူတွေ၊ သံသယရှိသူတွေကို ရောဂါပိုး ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးပေးနေပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုး ရှိ၊ မရှိ ပြင်ပမှာ စစ်ဆေးဖို့ ကြိုးပမ်းသူတွေလည်း ရှိနေတာပါ။

အစိုးရရုံးစိုက်ရာ နေပြည်တော်နယ်မြေမှာတော့ လူထုကျန်းမာရေး ပြဿနာကြုံနေရချိန်မှာ ဥပဒေမဲ့ လုပ်ရပ်တွေ မဖြစ်အောင် သတိပေးထားတယ်လို့လည်း နေပြည်တော်နယ်မြေ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ တရားဝင် ခွင့်ပြုချက်မရှိဘဲ စမ်းသပ်စစ်ဆေးမှုတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြံုနိုင်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ နေပြည်တော်မှာလည်း အဲ့ဒီလိုဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့ ဒီဆေးဝါးရောင်းချတဲ့ ဆိုင်နဲ့ Network တွေမှာ အကုန်လုံးသတိပေးထားပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဥစ္စာက ကျနော်တို့False Negative ပေါ့နော်။ တကယ်ရောဂါရှိရဲ့သားနဲ့ ရောဂါမရှိဘူးလို့ ပြလိုက်မိလို့ရှိရင် အဲ့ဒီလူကနေပြီး တခြားသူနဲ့ ထိတွေ့လူတွေ ကူးစက်သွားမှာဖြစ်တဲ့အတွက် အဲ့ဒီလိုမျိုး Test Kit တွေကတော့ မသုံးသင့်ပါဘူးဗျ။ ကျနော်တို့မှာ ဆေးခန်းဥပဒေလည်းရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီအမျိုးသား ဆေးဝါးဥပဒေတွေလည်း ရှိပါတယ်။ ဆေးဝါးဥပဒေက ဒီ FDA ခွင့်မရှိလို့ရှိရင် ဒီပစ္စည်းက ရောင်းချပိုင်းခွင့် မရှိပါဘူး။ အဲ့ဒါကျနော်တို့ ဥပဒေအရ အရေးယူရပါလိမ့်မယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ရှာဖွေစစ်ဆေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသာ တင်သွင်းနေတာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို ခွင့်ပြုမထားပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ ၁၀၀,၀၀၀ ကျော် ရှိနေပါတယ်။


အဂ္ဂနွန်/VOA (Burmese)

https://burmese.voanews.com/a/illegal-covid-tests/5692820.html

တရားမဝင်ကိုဗစ်စစ်ဆေးမှု အာဏာပိုင်တွေအရေးယူ တရားမဝင်ကိုဗစ်စစ်ဆေးမှု အာဏာပိုင်တွေအရေးယူ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.