ကူးစက်မှုများတဲ့ မန္တလေးမှာ ဆိုင်ထိုင်စားစနစ် ပြန်ခွင့်ပြု


မန္တလေးတိုင်းထဲက ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ထားပြီးသား စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက် လို့ရတဲ့စနစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ပိုင်း စတင်ဖွင့်လှစ်ခွင့်ရတော့မှာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက လိုက်လံစစ်ဆေးပြီး A အဆင့်ဆိုပြီး သတ်မှတ်ပေးလိုက်တဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ က သိရပါတယ်။

မန္တလေးခရိုင်အတွင်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၅ ကစပြီး Stay At Home နေအိမ်နေထိုင်ရေး သတ်မှတ်ထားခဲ့တာ ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိပါ။ အခုဆိုရင် ပိုးတွေ့လူနာတွေများနေတဲ့ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ အမရပူရမြို့နယ်တွေတော့ Stay At Home အနေနဲ့ သတ်မှတ်ထားဦးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားရေးမှူး ဦးစိန်မြင့်က ပြောပါတယ်။

“စာထဲမှာပါတဲ့အတိုင်းပါပဲ၊ stay home မပါပါဘူး။ စစ်ဆေးပြီးသားတွေပါ။ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီတဲ့ A အဆင့်ရတဲ့ဆိုင်တွေပါ”

မန္တလေးခရိုင်ဟာ ပိုးတွေ့ရှိမှုက တစ်ရက်ကို လူနာပေါင်း ၂၀၀ အထက်ဖြစ်နေတဲ့အတွက် နေအိမ်မှာ နေထိုင်ရေးစနစ်ကို အခုလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ပတ်တာနေထိုင်နေရတာဖြစ်ပါတယ်။ ပိုးတွေ့ရှိမှု အခြေအနေကတော့ ကျဆင်းသွားခြင်း မရှိသေးပါဘူး။ မနေ့က ၁၆ ရက်နေ့မှာဆိုရင် မန္တလေးခရိုင် တစ်ခုထဲမှာတင် ပိုးတွေ့ရှိသူ ၂၅၂ ယောက်ရှိခဲ့ပါတယ်။

မန္တလေးတိုင်းမှာ အခုလ ၁၆ ရက်နေ့အထိ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ ၁၀၁၃၅ ယောက်ရှိပြီး၊ ဆေးရုံတက်ကုသနေသူ ၂၉၆၇ ယောက်၊ ဆေးရုံဆင်းသူ ၇၃၂၅ ယောက်နဲ့ သေဆုံးသူ ၁၄၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အခုလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့စာထဲမှာတော့ စားသောက်ဆိုင်တွေနဲ့ လဘ္ဘက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ စစ်ဆေးခြင်း ပုံစံအတိုင်း ကြပ်မတ်စစ်ဆေးသွားဖို့ ရေးသားထားပါတယ်။

ရောဂါပျံပွားမှု မရှိတဲ့နေရာတွေကိုလည်း စည်းကမ်းချက်တွေ လျှော့ပေးသင့်တယ်လို့ နေအိမ်နေထိုင်ရေး သတ်မှတ်ချက်ထဲမှာ ပါဝင်တဲ့ မန္တလေးဘူတာကြီးနဲ့ မဟာမုနိဘုရားကြားမှာတည်ရှိတဲ့ မဟာအောင်မြေမြို့နယ်ထဲက လဘ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုနေဇော်လတ်က ပြောပါတယ်။

"ဆိုင်ထိုင်စားစနစ်တွေကို စည်းကမ်းချက်တွေနဲ့အညီပေါ့၊ မဟာအောင်မြေမှာဆိုရင်လည်း ဘယ်အခြမ်းက ရောဂါများတယ်၊ ဘယ်အခြမ်းက မရှိဘူးဆိုတာလည်း သိနေတော့ အနည်းနဲ့အများပေါ် မူတည်ပြီး လျှော့ပေးသင့်တယ်။ တခြားမြို့နယ်ကရပြီး ကိုယ့်မြို့နယ်ကမရတော့ သိပ်အဆင်မပြေဘူး၊ ရေရှည်မှာတော့ မလွယ်ဘူး၊ အိမ်ပိုင်မှာဖွင့်လို့သာ ခံသာပေမဲ့ ငှားဖွင့်တဲ့သူတွေ ပါဆယ်စနစ်နဲ့က အဆင်မပြေနိုင်ဘူး"

ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်တွေမှာ စားသောက်ဆိုင်တွေမှာ ပြင်ဆင်ထားရှိရမယ့်အချက်တွေ၊ ဆိုင်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေ လိုက်နာရမဲ့အချက်တွေ၊ သန့်ရှင်းရေးနဲ့ ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းတွေဆိုပြီး ခေါင်းစဉ်ကြီး သုံးခုနဲ့ခွဲခြားထားပါတယ်။ အဲဒီခေါင်းစဉ်တွေအောက်မှာတော့ ဆိုင်လာတဲ့သူတွေကို အဝင်မှာ အပူချိန်တိုင်းဖို့၊ လက်ဆေးရည်ထားရှိဖို့၊ အတူလာရောက်ခြင်း မဟုတ်တဲ့သူတွေကြား အကာအရံထားရှိဖို့၊ စားပွဲဝိုင်း တစ်ဝိုင်းနဲ့တစ်ဝိုင်းကြား ခြောက်ပေကွာထားဖို့၊ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အသိပညာပေး ပိုစတာတွေ ချိတ်ဆွဲထားဖို့၊ ဝန်ထမ်းတွေအားလုံး နှာခေါင်းစည်းတပ်ထားဖို့ စတဲ့အချက်ပေါင်း များစွာ ပါဝင်တာတွေ့ရပါတယ်။

ဒီအချက်တွေ လိုက်နာနိုင်တဲ့ဆိုင်တွေကို A အဆင့် စားသောက်ဆိုင်လို့ သတ်မှတ်ထားတာပါ။

စည်းကမ်းချက်တွေ လိုက်နာဖို့ စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေ ခက်ခဲတယ်လို့ ထောက်ပြသူလည်း ရှိပါတယ်။

ကိုဗစ်စင်တာတွေကို ရောက်လာသူ နေ့စဉ် လေးငါးဆယ်ရှိနေတဲ့အထိ မန္တလေးမှာ ကူးစက်မှုများနေတာကြောင့် ဆိုင်ထိုင်စားသောက် ခွင့်ပြုရေး အစီအစဉ်က အနည်းငယ် စောနေသေးတယ်လို့ ကိုဗစ်ကာလ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ အတွင်ရေးမှူး မအိပြည့်စုံက ပြောပါတယ်။

“မန္တလေးအခြေနေက လုံးဝမနိုင်သေးဘူး၊ စင်တာမှာ နေ့စဉ် လူလေးဆယ်နဲ့ ငါးဆယ်ကြားဝင်နေတယ်။ စင်တာ တစ်ခုထဲမှာတင် အဲဒီလောက် ဝင်နေတာ။ လကုန်ပြီး နောက်လ ၁၅ ရက်လောက်ထိ မဖွင့်သင့်သေးဘူး။ စည်းကမ်းလိုက်နာတဲ့ဆိုင်က ရှားတယ်။ စစ်တဲ့အချိန်လောက်ပဲ လိုက်နာကြတာများတယ်။ ပြီးတဲ့အခါကျ ပုံမှန်အတိုင်းပဲ၊ အဲဒီတော့ ဖွင့်ခွင့် မပေးသင့်သေးဘူးလို့ မြင်တယ်"

မန္တလေးတိုင်းအစိုးရရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေညာချက်ထဲမှာပါတဲ့ တိုင်းဒေသကြီးအတွင်းက စားသောက်ဆိုင်၊ လဘ္ဘက်ရည် ဆိုင်တွေ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေကို လိုက်နာဖို့ ၊ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုတဲ့ အချက်ပါဝင်ခဲ့ပေမဲ့လည်း အခုလ ၁၆ ရက်နေ့ကထုတ်ပြန်ချက်ထဲမှာတော့ အဲဒီအပိုဒ်ကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။

ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေးကာလအတွင်း စည်းကမ်းတကျနဲ့ နေထိုင်သွားသင့်တယ်လို့ မန္တလေးမြို့က ဒေသခံ ဦးစန်းယုကျော်က ပြောပါတယ်။

“၂၀၂၁ ဟိုဘက်မှာတော့ ထိန်းချုပ်တဲ့ပုံစံ ပြောင်းမှဖြစ်မယ်။ လက်ဆေးဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့က အဓိကပဲ၊ အဲဒါကို လူတွေ ကလည်း လိုက်နာမယ်။ ထုတ်ပြန်ထားတဲ့ အုပ်ချုပ်ရေးပိုင်းက အဖွဲ့အစည်းတွေ ကလည်း ကြီးကြပ်ပြီး အရေးယူမယ်ဆိုရင် သိပ်ပြသနာမရှိလောက်ဘူးထင်တယ်။ ပိတ်လှောင်လွန်းရင်လည်း အဆင်မပြေတော့ဘူး၊ ကိုဗစ်နဲ့ စည်းကမ်းတကျ ရှင်သန် ဖြတ်သန်းဖို့ကိုပဲ လုပ်သင့်တယ်"

ကိုရိုနာဗိုင်းရပ်ပိုးတွေ့လူနာဦးရေ ရန်ကုန်ပြီးရင် မန္တလေးလိုမြို့ကြီးမှာ နေ့စဉ်လူနာပေါင်း ၂၀၀ အထက်မှာရှိနေလို့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ဖွင့်ခွင့်မပြုသင့်သေးဘူးလို့ ထောက်ပြသူတွေ ရှိသလို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ကိုရိုနာဗိုင်းရပ်နဲ့ ယှဉ်တွဲနေထိုင်သွားသင့်တယ်လို့ သုံးသပ်သူတွေလည်းရှိကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/restaurants-will-open-in-mandalay-12172020034828.html

ကူးစက်မှုများတဲ့ မန္တလေးမှာ ဆိုင်ထိုင်စားစနစ် ပြန်ခွင့်ပြု  ကူးစက်မှုများတဲ့ မန္တလေးမှာ ဆိုင်ထိုင်စားစနစ် ပြန်ခွင့်ပြု Reviewed by THITHTOOLWIN on 08:37 Rating: 5

No comments:

Powered by Blogger.