စစ်တွေ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ် ကူးစက်ခံရ

စစ်တွေက စစ်ဘေးရှောင်စခန်းတစ်ခု

စစ်ဘေးရှောင်ဒုက္ခသည်တွေ လာရောက်ခိုလှုံနေကြတဲ့ စစ်တွေမြို့ပေါ် ပြည်တော်သာရပ်ကွက်က ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အတွက် အဲ့ဒီကျောင်းကို အသွားအလာ ကန့်သတ်ထားတယ်လို့ တိုက်အုပ်ဆရာတော် ဦးပညာသီရိက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာတော်ဟာ ဒုက္ခသည် စခန်းဖွင့်လှစ်ထားတဲ့ ဆုတောင်းပြည့်ကျောင်းက ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး သက်တော် ၇၇ နှစ်ရှိပြီဖြစ်ကာ ဆရာတော်မှာ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါအခံရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်အများစုက နေရပ် စွန့်ခွာလာခဲ့ကြသူတွေဟာ စစ်တွေမြို့ပေါ်က ဘုန်းတော် ကြီးကျောင်းတွေမှာ လာရောက် ခိုလှုံနေကြတာဖြစ်ပြီး ဒုက္ခသည် စခန်းပေါင်း ၂၈ ခုမှာ စစ်ဘေးဒုက္ခသည် ငါးထောင်လောက် ခိုလှုံလျက်ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ စတဲ့ မြို့နယ်တွေက နေရပ် စွန့်ခွာလာခဲ့ကြတဲ့ အိမ်ထောင်စု ပေါင်း ၂၀ ကျော်၊လူဦးရေ ၁၃၀ ကျော်နဲ့ သံဃာ ၁၅ ပါးခန့် နေထိုင်လျက်ရှိပြီး အဲ့ဒီထဲက ကျောင်းထိုင်ဆရာတော်မှာ ပိုးတွေ့ပြီး နောက်တစ်ရက်မှာ ကျောင်းအတွင်း ရှိနေသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကိုရင် တစ်ပါးမှာပါ ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဦးပညာသီရိက ပြောပါတယ်။

ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုပြန်တက်လာ

ဆုတောင်ပြည့်ကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က နေမကောင်းဖြစ်လာပြီးတဲ့နောက် စစ်တွေဆေးရုံကြီးမှာ စစ်ဆေးမှု ခံယူရာမှာ ဒီဇင်ဘာ ၈ ရက်နေ့က ကိုရိုနာ ဗိုင်းရပ်စစ်ပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဦးပညာသီရိက ပြောပါတယ်။

ကိုဗစ်လူနာ တွေ့ရှိခဲ့တဲ့အတွက် ဆုတောင်းပြည့်ကျောင်းကို လော့ဒေါင်းချထားတာကြောင့် အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် မရတော့လို့ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပလက်ဝမြို့နယ်ကနေ လာရောက်ပြီး စစ်ဘေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးဦးဘသိန်းက ပြောပါတယ်။

အဲ့ဒီ ဒုက္ခသည်တွေဟာ စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြတာ ငါးလလောက်သာရှိသေးပြီး ယခင်က စားရေးသောက်ရေး၊ ကျန်းမာရေးအပြင်၊ တခြား အသုံးစရိတ်တွေအတွက် လိုအပ်တဲ့ ငွေကြေးကို အပြင်ထွက် အလုပ်လုပ်ကိုင်ပြီး ဖြေရှင်းနေခဲ့ကြပေမဲ့ အခု လော့ဒေါင်း လုပ်ထားတဲ့အချိန်မှာတော့ ဝင်ငွေမရှိတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ အဲ့ဒီစခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာစားနပ်ရိက္ခာအစီစဉ် WFP က ထောက်ပံ့ကူညီပေးနေတဲ့အတွက် ပြန်လည် အဆင်ပြေလာနေပြီလို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ကိုဗစ် လူနာတွေ့တဲ့ စစ်တွေက ဆုတောင်းပြည့် ဘုန်းကြီးကျောင်း

အခုလို စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ကိုယ်ရင်ငယ်တစ်ပါး မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေရှိတာဟာ အဲ့ဒီကျောင်းမှာ တည်းခိုနေထိုင်နေကြတဲ့ INGO အဖွဲ့အစည်းတစ်ခုရဲ့ ကားသမားတွေဆီကနေ ကူးစက်တာဖြစ်တယ်လို့ ယူဆရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း တစ်ခုလုံးကို လော့ဒေါင်းလုပ်ပြီး တားဆီး ကာကွယ်မှုတွေ ပြုလုပ်ထားပေမဲ့ ကျန်တဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခစည်စခန်းတွေကိုတော့ အသွားအလာ ကန့်သတ်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့အချိန်က လူတွေ အသွားအလာ ဆင်ခြင်ခဲ့ကြပေမယ့် အခုအခါမှာတော့ စစ်တွေမြို့ခံတွေရော ဒုက္ခသည်တွေပါ အသွားအလာ ဆင်ခြင်မှု နည်းပါးလာနေတဲ့အတွက် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ကိုဗစ် ၁၉ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လေးလတာ ကာလအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၄၀၀၀ နီးပါးခန့် ရှိနေပြီးဖြစ်ကာ ဒီဇင်ဘာ ၁၃ ရက် တစ်ရက်တည်းမှာ ရခိုင်ပြည်နယ်အတွင်းက ပိုးကူးစက်ခံထားရသူပေါင်း ၅၀ ကျော်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၄၀၀၀ နီးပါးမှာ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၃၄၀၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်းက ၃၂ ဦးထိရှိနေပြီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55302106

စစ်တွေ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ် ကူးစက်ခံရ  စစ်တွေ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ် ကူးစက်ခံရ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.