ရခိုင်မှာ လူ့အခွင့်အရေးနေ့ ဦးဆောင်လှုပ်ရှားခဲ့သူသုံးဦး တရားစွဲခံရဖွယ်ရှိ

ဒီဇင်ဘာ ၁၀ ရက် လှုပ်ရှားမှု ဦးဆောင်သူသုံးဦးကို ချက်ချင်းဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ်စစ်တွေမြို့ ကမ်းခြေမှာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို စစ်တွေမြို့အခြေစိုက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ကနေ ဦးဆောင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လှုပ်ရှားမှုမှာ စိတ်ပါဝင်စားသူ ၃၀ လောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုမှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အချက်အလက်တွေ၊ လူ့အခွင့်အရေးမြှင့်တင်ဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ လူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်း စတဲ့စာသားတွေ ရေးသားထားတဲ့ ပိုစတာတွေကို အသုံးပြုခဲ့တာဖြစ်ပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့ အသုံးအနှုန်းတွေမပါဝင်ဘူးလို့ ကိုသန်းလှက ပြောပါတယ်။

အဲဒီလူငယ်တွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကမ်းခြေလမ်းတစ်လျှောက် ဆိုင်ကယ်တွေ၊ ကားတွေနဲ့ သွားခဲ့ကြသလို လူ့အခွင့်အရေးချိုးဖောက်မှုကို ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ၊ တီရှပ်အင်္ကျီတွေကိုပါ ဖြန့်ဝေပေးခဲ့ကြတယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ပြောပါတယ်။

နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ ရခိုင်စစ်မြေပြင်မှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေများစွာ ရှိနေပါတယ်။

အဲ့ဒီလှုပ်ရှားမှုကိုပြုလုပ်ခဲ့တဲ့အဖွဲ့ စစ်တွေကမ်းခြေကိုအရောက်မှာ ဦးဆောင်သူသုံးဦးဖြစ်တဲ့ မခိုင်မြတ်သူ၊ ကိုနိုင်နိုင်ထွန်းနဲ့ ကိုသန်းလှတို့သုံးဦးကို မြို့နယ်ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ပြီး အမှတ် ၁ နယ်မြေရဲစခန်းမှာ တစ်ရက်အကြာ စစ်ဆေးပြီးတဲ့နောက် ညနေပိုင်းမှာတော့ အာမခံနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံခဲ့ရသူ လူငယ်သုံးဦးဟာ အာမခံနဲ့ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ၁၅ ရက်အတွင်းမှာ တရားစွဲဆိုသွားမယ်လို့ ရဲတပ်ဖွဲ့က အသိပေးပြောကြားထားပြီး ဘယ်ပုဒ်မတွေနဲ့စွဲဆိုသွားမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ကိုသန်းလှက ပြောပါတယ်။

"ကျွန်တော်တို့ကို အာမခံပေးပြီးတော့ ပြန်လွှတ်လိုက်တယ်။ ၁၅ ရက်အတွင်းမှာ တရားစွဲမယ်လို့တော့ပြောတယ်။ ဘယ်ပုဒ်မတွေနဲ့ တရားစွဲမယ်ဆိုတာတော့မပြောဘူး။ ကျွန်တော်တို့ကတော့ လူသားတစ်ယောက်ဖြစ်တဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုကြတာပဲ။ ဒီအပေါ်မှာ သူတို့တရားစွဲတယ်မစွဲဆိုတာကို ဂရုမစိုက်ဘူး။ သူတို့အလုပ်ပဲ။ ကျွန်တော်တို့ကတော့ လူသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူကို ကာကွယ်ရမှာပဲ"လို့ ကိုသန်းလှက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်တွေမြို့အမှတ် ၁ နယ်မြေရဲစခန်းမှူး ဒုရဲမှူး အောင်မြဦးကို ဒီဇင်ဘာ ၁၂ ရက်မှာ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ရဲ့နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အများအပြားရှိခဲ့ပြီး ဒီချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေလည်း ရှိသလို ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ တင်ပြတောင်းဆိုမှု တွေပြုလုပ်ခဲ့ပေမယ့် အရေးယူဆောင်ရွက်တာမျိုးမတွေ့ရဘူးလို့ စစ်ပွဲတွေအတွင်း အရပ်သားပြည်သူတွေ ထိခိုက်မှုအများဆုံးဖြစ်ပွားခဲ့တဲ့ ကျောက်တော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းတွေကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းတွေကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးကို အာရုံစိုက်နေတဲ့ အဲ့လိုနေ့မျိုးမှာ ဒေသခံတွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဒီလိုလှုပ်ရှားမှုတွေကို အများကြီးလုပ်သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

"ဒီလူငယ်တွေ လုပ်ဆောင်တဲ့အပေါ်မှာတော့ ကျွန်တော်တို့က အားပေးတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသိပညာမြင့်မားလာအောင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေက ဒီအပေါ်မှာ အာရုံစိုက်လာအောင် ဘယ်လောက်ထိ ကျွန်တော်တို့ဆီမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတာကို သိအောင်လုပ်ရမယ်။ လုပ်တဲ့သူတွေကိုလည်း ကျွန်တော်တို့အားပေးတယ်။ ဒီအပေါ်မှာ အရေးယူဆောင်ရွက်မှုတွေလုပ်တဲ့လို့ ကျွန်တော်တို့ကြားရတာကတော့ တော်တော်လေးကို စိတ်မကောင်းစရာပေါ့ "လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

ဒေသအာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ အခုလိုလုပ်ဆောင်ချက်တွေဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လူငယ်တွေနောက်ထပ်မလုပ်ရဲအောင် ဟန့်တားတဲ့ အဖျက်လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဦးဦးထွန်းဝင်းက ဝေဖန်ပါတယ်။

စစ်ပွဲတွေအတွင်း ရခိုင်မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေက မြို့နယ်ပေါင်းကိုးမြို့နယ်မှာ အရပ်သားထိခိုက်သေဆုံးတာတွေ၊ မတရားဖမ်းဆီးခံရတာတွေ၊ စစ်ကြောရေးကာလအတွင်း အသက်သေဆုံးသွားခဲ့ရတာတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်စီးခံရတာတွေအပြင် နှစ်နှစ်အကြာ ဖြတ်တောက်ခြင်းခံထားရတဲ့ အင်တာနက်ဆက်သွယ်ရေးတွေကိုလည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်းမရှိတာဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေဖြစ်ပြီး ဒီမိုကရေစီအစိုးရအနေနဲ့ ဒီကိစ္စရပ်တွေအပေါ်မှာ လျစ်လျူရှုနေတယ်လို့ ကိုသန်းလှက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်နှစ်ကျော်အကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေက နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကနေ ရပ်တန့်နေပြီး ဒေသတည်ငြိမ်မှုတွေရရှိနေသလို နှစ်ဖက်အဖွဲ့အစည်းတွေလည်း ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။

အလိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်လာနိုင်တာဟာ ကောင်းတဲ့လက္ခာဏာတစ်ရပ်ဖြစ်ပေမယ့် ယခင်ဆွေးနွေးမှုတွေတုန်းကလို အဆင်မပြေခဲ့လို့ရှိရင် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်ဆိုတာကို ဒေသခံတွေအကြား စိုးရိမ်မှုတွေနဲ့ ပြောဆိုနေကြတာတွေလည်းရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55285511

ရခိုင်မှာ လူ့အခွင့်အရေးနေ့ ဦးဆောင်လှုပ်ရှားခဲ့သူသုံးဦး တရားစွဲခံရဖွယ်ရှိ ရခိုင်မှာ လူ့အခွင့်အရေးနေ့ ဦးဆောင်လှုပ်ရှားခဲ့သူသုံးဦး တရားစွဲခံရဖွယ်ရှိ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.