ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအများအပြားကို အသက် ၁၆ နှစ်နဲ့ အထက် နိုင်ငံသားတွေကို အခမဲ့ထိုးပေးဖို့ ကမ္ဘာမှာ ပထမဆုံးခွင့်ပြုလိုက်တဲ့ နိုင်ငံဖြစ်ပါတယ်။
ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၈၀၀,၀၀၀ ဟာ ဗြိတိန်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ပထမဆုံးရောက်လာမယ်လို့ ဘီဘီစီက နားလည်သိရှိရပါတယ်။
ဒါကြောင့် ဒီကာကွယ်ဆေးတွေကို ဗိုင်းရပ်စ်ပိုးကြောင့် အသက်ဆုံးရှုံးနိုင်ခြေ အများဆုံးသူတချို့ကို စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။
ပထမဆုံးအသုတ်အနေနဲ့ အန္တရာယ်အရှိဆုံး အုပ်စု ၉ ဖွဲ့ထဲမှာပါတဲ့ သူတွေကို ဦးစားပေးပြီး ထိုးနှံ့ပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးအရင်ထိုးနှံ့ခွင့်ရမယ့်သူတွေက ဘယ်သူလဲ
အရင်ဆုံး ကာကွယ်ဆေး ရရှိမယ့်သူတွေကတော့ စောင့်ရှောက်ရေး ဂေဟာမှာ ရောက်နေကြတဲ့ အသက်ကြီးရင့်သူတွေနဲ့ အဲဒီက ဝန်ထမ်းတွေ ဖြစ်ပါတယ်။
အဲဒီနောက် အသက် ၈၀ နဲ့အထက် ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုစောင့်ရှောက်ကူညီရေး ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံပေးမှာပါ။
တတိယ ဦးစားပေးအဖြစ် အသက် ၇၅ နှစ်နဲ့အထက်တွေ ရရှိမှာဖြစ်ပြီး အင်မတန် ကျန်းမာရေး ချို့တဲ့တဲ့ အသက် ၇၀ နဲ့အထက် တွေက စတုတ္ထဦးစားပေး စာရင်းမှာ ပါပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် ပြည်သူတွေ နဲ့ အသက် ၁၆ နှစ်နဲ့ ၆၄ နှစ်ကြား ရောဂါ အခံရှိသူတွေလည်း အဲဒီသူတွေပြီးရင် ကာကွယ်ဆေး ရကြမှာပါ။
အဲဒီနောက် အသက် ၆၀ နဲ့အထက်၊ ၅၅ နှစ်နဲ့အထက် ၊ နောက်ဆုံး အသက် ၅၀ နဲ့အထက် ပြည်သူတွေက တဆင့်ပြီးတဆင့် ကာကွယ်ဆေးထိုးနှံခွင့်ရမယ်လို့ ဗြိတိန်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အသက်ကြီးသူတွေကို အဆင့်လိုက် ကာကွယ်ဆေးထိုးပေးဖို့ရှိနေပထမဆုံးအကြိမ်ထိုးနှံ့မယ့် ကာကွယ်ဆေးကြောင့် ကိုဗစ်-၁၉ ဖြစ်ပြီး ဆေးရုံတက် ကုသမှုခံယူရသူ ၉၉ ရာခိုင်နှုန်းအထိသာမက ကိုဗစ်ကြောင့် သေဆုံးမှုတွေကိုပါ တားဆီးနိုင်လိမ့်မယ်လို့ ဗြိတိန်ရဲ့ ကျန်းမာရေးဆိုင်ရာ လက်ထောက်အကြီးအကဲ ပါမောက္ခ ဂျိုနသန် ဗန်တမ်က ပြောပါတယ်။
ဒါပေမဲ့ အင်မတန်အေးတဲ့ အပူချိန်မှာ ထားရှိပြီး သယ်ယူပို့ဆောင်ရမယ့် ကိစ္စရပ်တွေကြောင့် စောင့်ရှောက်ရေးဂေဟာတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ အချိန်နည်းနည်း ပိုကြာကောင်းကြာနိုင်ပါတယ်။
ပါမောက္ခ ဂျိုနသန်ကတော့ "ဗြိတိန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုမိန့်ကို စောင့်နေတဲ့ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ အက်စတြာဇန်နကာ ဆေးကုမ္ပဏီတို့ရဲ့ ကာကွယ်ဆေးကို စောင့်ရှောက်ရေးဂေဟာတွေမှာ ထိုးနှံပေးတာဟာ ပိုပြီး လွယ်ကူဖွယ် ရှိတယ်"လို့ ပြောပါတယ်။
ဒီဆေးကိုလည်း ခရစ္စမတ်မတိုင်ခင် ခွင့်ပြုပေးဖို့ မျှော်လင့်မိတယ်လို့လည်း သူက ဆိုပါတယ်။
ကာကွယ်ဆေး ဘယ်တော့ ထိုးနှံခွင့်ရမှာလဲ
ဗြိတိန်က အဓိက ဆေးရုံးကြီး ၅၀ မှာ လာမယ့်သတင်းပတ်ကျရင် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမယ်လို့ NHS ကျန်းမာရေးဌာန အမှုဆောင်အရာရှိချုပ် ဆာ ဆိုင်မွန် စတီဖန်က ပြောပါတယ်။
ဆေးတွေရောက်လာရင် ဆေးခန်းတွေကို ဒေသန္တရ ကာကွယ်ဆေးထိုးနှံမယ့် စင်တာတွေအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဆေးအလုံးရေ ၉၇၅ လုံးပါ အထုပ်တွေကို ဘေးအန္တရာယ်ကင်းကင်း သီးခြားခွဲထုတ်နိုင်မယ့် နည်းလမ်းတခုကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေဘက် ခွင့်ပြုပေးရင် စောင့်ရှောက်ရေးဂေဟာတွေလည်း ကာကွယ်ဆေးရရှိတော့မှာ ဖြစ်ပါတယ်။
ဆာဆိုင်မွန်ကတော့ "စောင့်ရှောက်ရေးဂေဟာတွေမှာ ကာကွယ်ဆေးထိုးနှံမှု ပထမအသုတ်ကို ဒီလအတွင်း စတင်နိုင်လိမ့်မယ်" လို့ ပြောပါတယ်။
ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ဦးစားပေးအုပ်စု ၉ ဖွဲ့ဟာ ဗြိတိန်ရဲ့ စုစုပေါင်း လူဦးရေ လေးပုံတပုံ နီးပါး ရှိပြီး အဲဒီသူတွေဟာ ကိုဗစ် ၁၉ ကြောင့် သေဆုံးနိုင်ခြေ အများဆုံး လူအရေအတွက် ၉၀ ကနေ ၉၉ % အထိ အကျုံးဝင်တယ်လို့ ကာကွယ်ဆေးထိုးပေးခြင်းဆိုင်ရာ ပူးတွဲကော်မတီ JCVI အဖွဲ့က ပြောပါတယ်။
အဲဒီဦးစားပေးအဖွဲ့တွေ ပြီးရင် ဒုတိယအသုတ်အနေနဲ့ လူငယ်တွေကို ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။
လူတဦးကို ကာကွယ်ဆေး နှစ်လုံး ထိုးနှံရမှာ ဖြစ်ပြီး တလုံးနဲ့ တလုံး ၂၁ ရက်တာ ခြားရမှာ ဖြစ်ပါတယ်။
ဒုတိယအလုံးထိုးပြီးတဲ့နောက် ၇ ရက်မြောက်တဲ့နေ့မှာ ကိုယ်ခံအား အပြည့်အဝ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး မျိုးကွဲများအပေါ် နှိုင်းယှဉ်ချက်
အမေရိကန် ဆေးကုမ္ပဏီကြီး မိုဒါးနားရဲ့ ကာကွယ်ဆေးဟာလည်း ဖိုင်ဇာ ကာကွယ်ဆေးလို တူညီတဲ့ mRNA မျိုးဗီဇကို အသုံးပြုထားတာဖြစ်ပါတယ်။
အောက်စဖို့ဒ်နဲ့ အက်စတြာဇန်နကာ ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်တဲ့ ကာကွယ်ဆေးကတော့ တခြားမတူတဲ့ ပုံစံတမျိုးနဲ့ ထုတ်တာဖြစ်ပြီး အန္တရာယ်မပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံကတော့ စပတ်နစ်ခ် ၅ လို့ နာမည်ပေးထားတဲ့ ကာကွယ်ဆေးကို လာမယ့်ရက်ပိုင်းအတွင်း ကာကွယ်ဆေးအလုံးပေါင်း ၂ သန်းကို ထုတ်သွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောထားပါတယ်။
တရုတ်စစ်တပ်ကလည်း ကန်စီနို ဘိုင်အိုလော့ဂျစ် ကုမ္ပဏီက ထုတ်တဲ့ နောက်ထပ် ကာကွယ်ဆေးတမျိုးကို ခွင့်ပြုထားပါတယ်။
ဒီကာကွယ်ဆေးတွေအားလုံးရဲ့ တူညီတဲ့အချက်ကတော့ လူတဦးကို ဆေးနှစ်လုံး ထိုးရမှာ ဖြစ်ပေါတယ်။
ဒါပေမဲ့ တမျိုးနဲ့ တမျိုး အကျိုးအာနိသင် သက်ရောက်မှု ကွဲပြားသလို ကာကွယ်ဆေးတွေ ထားရှိသိုလှောင်ရမယ့် အပူချိန်တွေလည်း မတူပါဘူး။
အမေရိကန် ကုမ္ပဏီတွေဖြစ်ကြတဲ့ မိုဒါးနားနဲ့ ဖိုင်ဇာ ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်ပိုးကို ၉၅% အထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အခု ကမ္ဘာမှာ ပထမဆုံး တရားဝင် အသုံးပြုတော့မယ့် ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ အပူချိန် အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်မှာ ထားရှိဖို့လိုပြီး ဆေးတလုံးကို ဒေါ်လာ ၂၀ နီးပါး ကုန်ကျမှာ ဖြစ်ပါတယ်။
မိုဒါးနားရဲ့ ဆေးကတော့ ၃၃ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး အနုတ် ၂၀ ဒီကရီစင်တီဂရိတ်မှာ ထားပြီး သယ်ဆောင်ရမှာ ဖြစ်သလို ၆ လအထိ သိုလှောင် ထားနိုင်ပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်ထုတ် ကာကွယ်ဆေးကတော့ ရောဂါပိုးကို ၆၂% ကနေ ၉၀ % အထိ ကာကွယ်ပေးနိုင်ပြီး ပုံမှန် ရေခဲသေတ္တာအပူချိန်မှာပဲ ထားနိုင်ပါတယ်။ ဒီဆေးရဲ့ တန်ဖိုးကတော့ ၃ ဒေါ်လာ ဖြစ်ပါတယ်။
သာမန် ရေခဲသေတ္တာအပူချိန်မှာပဲ ထားနိုင်တဲ့ ရုရှားရဲ့ စပတ်နစ်ခ် ၅ ကာကွယ်ဆေးကတော့ ဒေါ်လာ ၁၀ ပေးရမှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ၉၂% အထိ တားဆီးနိုင်တယ်လို့ ရုရှားက သတင်းထုတ်ပြန်ထားပါတယ်။
BBC Burmese
No comments:
Post a Comment