နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကို‌အောင်ကြီးရှေ့နေပြော


Victoria သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်တာဟာ၊ ကာယကံရှင်ရဲ့ နစ်နာမှုကို ဥပဒေကြောင်းအရ ကုစားမှုပြန်ရစေဖို့ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေက ပြောလိုက်ပါတယ်။

မှားယွင်းစွပ်စွဲမှုကြောင့် ကိုအောင်ကြီးလို ထိခိုက်နစ်နာရသူတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ အများအပြား ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ထောက်ပြဝေဖန်ပါတယ်။

လူအများစိတ်ဝင်စားတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria သက်ငယ်မုဒိမ်းမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးခံရပြီး ခြောက်လကျော်ကြာ တရားရင်ဆိုင်ခဲ့ရတဲ့ ကိုအောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုးက သူ့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်း နစ်နာမှုတွေအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက ကျပ်သိန်း ၅၀၀၀ လျော်ကြေးရလိုကြောင်း လျှောက်ထားမှုကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဒက္ခိဏခရိုင်တရားရုံးက လက်ခံခဲ့ပါတယ်။

ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဒီလို တရားပြန်စွဲတာဟာ အစိုးရအဖွဲ့ အစည်းတစ်ခုကနေ အမှားပြုလုပ်ခဲ့ရင် နစ်နာမှုအတွက် ကုစားမှုပြန်ရစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

"အမှားပြုလုပ်ပြီးပြီဆိုလို့ရှိရင် အဲဒီအမှားပြုလုပ်ခြင်းအတွက် ကုစားမှုရှိရတယ်၊ ကိုအောင်ကြီးအမှုကလည်း အဲဒီသဘောနဲ့ ဆက်ပြီး တော့ ရှာကြံမယ်လို့ ပြောခဲ့တာ၊ အဲတော့ ဘယ်ကိစ္စမဆိုပေါ့ဗျာ၊ အစိုးရရဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖြစ် လက်နက်မကိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖြစ်ပေါ့၊ သူ့ရဲ့ ဆောင်ရွက်မှုကြောင့် လူတစ်ယောက် နစ်နာတယ်ဆိုလို့ရှိရင် အဲဒီလူဟာ တရားမနစ်နာမှုနဲ့ ဘယ်သူ့ကိုမဆိုပေါ့ဗျာ၊အစိုးရအဖွဲ့အစည်းဆိုလည်း အဲဒီအစိုးရအဖွဲ့အစည်းကို တရားစွဲနိုင်တယ်၊ စွဲတဲ့အလေ့အကျင့်လည်း ရှိသင့်တယ်ပေါ့ဗျာ"

တဘက်က တရားပြိုင်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပေမယ့် တာဝန်ရှိသူနေရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦး ကို ထည့်သွင်ထားပြီး၊ လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက “ အမှုဖွင့် အဆိုလွှာကို" စိစစ်ဖို့ ချိန်းဆိုထားတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုအောင်ကြီးရဲ့ဖခင် ဦးမြသိန်းကလည်း တရားဥပဒေ အားနည်းမှုကြောင့် မှားယွင်းစွပ်စွဲခံရပြီး ထိခိုက်နစ်နာမှုတွေ နောက်နောင် ထပ်မဖြစ်စေဖို့ စံပြနမူနာအနေနဲ့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ပြောပါတယ်။

"ကျနော့်သားလေးက အရှက်သိက္ခာလည်းကျခဲ့ရတယ်၊ အဲဒီအချက်တွေကြောင့် ကျနော်တို့က ပြန်ပြီးတော့ နစ်နာတဲ့အတွက်ကြောင့် ပြန်ပြီးတော့ နစ်နာကြေး တောင်းတာပေါ့၊ မှားယွင်းစွပ်စွဲပြီး ခံထားရတဲ့ပုဂ္ဂိုလ်တွေ လူတွေ၊ အဲဒီအတွက်တွေလည်း ရှိတယ်။ ခုလက်ရှိ ကျနော်တို့မှာလည်း အခုလိုပဲ ခံစားခဲ့ရတယ်ပေါ့နော်၊ မဟုတ်ဘဲနဲ့ စွပ်စွဲခံရပြီးတော့ ခံခဲ့ရတဲ့အတွက်က ပြောမပြတတ်အောင် ခံစားရတယ်၊ အဲဒီအတွက်ကြောင့်လည်း အခု ကျနော်တို့လုပ်တဲ့ဟာသည် နောက်နောင် လူတွေကိုလည်း မဖြစ်အောင် ပေါ်လွင်အောင် အခုလို ကျနော်တို့လိုပဲ မဖြစ်အောင် ပေါ်လွှင်အောင် စံပြသဘောမျိုးနဲ့ လုပ်တဲ့သဘောပေါ့ဗျာ"

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမ နစ်နာမှုနဲ့ ကိုအောင်ကြီးက တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သဘောထားကို သိနိုင်ဖို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က တယ်လီဖုန်း မက်ဆေ့ချ်ပို့ မေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး "မှတ်ချက်ပြုဖို့ မရှိပါ" လို့သာ တုံ့ပြန်ပါတယ်။

ကုမ္ပဏီတစ်ခုခုကိုဖြစ်စေ၊ အစိုးရအဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ တရားစွဲဆိုတာတွေ အရင်ကရှိပေမယ့် ရဲတပ်ဖွဲ့လို အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို သာမန်အရပ်သားတစ်ဦးက တရားပြန်စွဲတာဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒါဟာ ဥပဒေကို စမ်းသပ်တဲ့အမှု ဖြစ်တယ်လို့လည်း ကိုအောင်ကြီးရဲ့အမှုကို လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဒီအမှုက တရားမမှုဖြစ်လို့ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ အရ "တရားမနစ်နာမှုနဲ့" စွဲဆိုတာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)-နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ အခန်း ပုဒ်မ (၃၄၇) မှာ “နိုင်ငံတော်၏ မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။” လို့ ဖေါ်ပြထားပါတယ်။

ပုဒ်မ (၃၅၃) မှာလည်း “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး၊ အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။” လို့ ဖေါ်ပြထားပါတယ်။

ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်စွဲတဲ့ အမှုမှာတော့ တရားလိုနဲ့ တရားပြိုင်တို့ဟာ ညှိနှိုင်းရေးအရာရှိရှေ့မှာ ညှိနှိုင်းမယ်၊ အပြန်အလှန် အပေးအယူနဲ့ လုပ်မလား မညှိနှိုင်းတော့ဘဲ ဥပဒေကြောင်းအရ ဆက်သွားမလားဆိုတာကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဖြည့်စွက် ရှင်းပြသွားပါတယ်။

NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဦးအောင်သိန်း က တရားမနစ်နာမှုနဲ့ ပတ်သက်ရင် နစ်နာသူက ဥပဒေအရ တရားစွဲပိုင်ခွင့် ရှိတယ်လို့ ပြောပါတယ်။

"အနိုင်အရှုံးဆိုတာက အမှုတည်ဆောက်သွားတဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်လေ၊ တရားသူကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်ပေါ်မှာလည်း မူတည်တယ်လေ၊ တရားရုံးတစ်ရုံးတစ်ရုံးရဲ့ အဆင့်တစ်ခုတစ်ခုက အဆင့်တွေရှိသလို သုံးသပ်တဲ့ ဆုံးဖြတ်ချက်တွေကလည်း မတူညီတဲ့သဘောထားတွေ ပေါ်ပေါက်လာတတ်တယ်၊ အဲဒါကတော့ အမှုနိုင်တယ် ရှုံးတယ်အပေါ်မှာ အမှုသွားအမှုလာအရအပေါ်  မူတည်တဲ့ကိစ္စပေါ့နော်၊ ဒါပေမဲ့ ဥပဒေကြောင်းအရ နစ်နာတဲ့သူအနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိတယ် ဆိုတာကတော့ ပကတိတည်ရှိတဲ့ အခွင့်အရေးပဲလေ၊ ဥပဒေကြောင်းအရ စွဲခွင့်ရှိတဲ့ အခွင့်အရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျင့်သုံးတာပဲ"

အစိုးရအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တရားမကြောင်း အမှုနဲ့ တရားစွဲရင် နို့တစ်စာ နှစ်လကြိုပေးရတယ်လို့ ဥပဒေမှာပါရှိပြီး၊ လက်ရှိ NLD ပါတီဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြည်နယ်ဝန်ကြီးတစ်ဦးကို သာမန်အရပ်သားတစ်ဦးက ပြန်တရားစွဲတာမျိုးရှိခဲ့တယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

အဲဒီအစိုးရဝန်ကြီးကို မြေနဲ့ပတ်သက်တဲ့အမှုအတွက် နစ်နာသူမြေပိုင်ရှင်က နစ်နာကြေး သိန်းပေါင်း နှစ်သောင်းရလိုမှုနဲ့ စွဲဆိုခဲ့တဲ့ နမူနာအမှုမျိုးရှိခဲ့တယ်လို့ ဦးအောင်သိန်းက ဆက်ပြောပါတယ်။

လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တုန်းကလည်း၊ အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို၊ ရှေ့နေတစ်ဦးက ပြန်တရားစွဲဆိုတဲ့အမှုမျိုး ရှိခဲ့ဖူးပြီး တရားစွဲမှုက အောင်မြင်မှုတော့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၊ ၂၀၁၄ ခုနှစ်တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းအမှုကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးပေးဖို့ နစ်နာသူတွေဘက်က အာဏာပိုင်တွေကို တရားစွဲ တောင်းဆိုခဲ့ဖူးပေမယ့် အမှုပိတ်သွားပြီလို့သာ တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

လူ့အခွင့်အရေး ကူညီဆောင်ရွက်နေတဲ့ Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ မှားယွင်းစွပ်စွဲမှုကြောင့် ကိုအောင်ကြီးလို ထိခိုက်နစ်နာရသူတွေ မြန်မာနိုင်ငံတဝန်းမှာ အများအပြားရှိနေတယ်လို့ ထောက်ပြဝေဖန်ပါတယ်။

"ကိုအောင်ကြီးကတော့ နောက်ပိုင်းမှာ ပြန်လွတ်တယ်ဆိုပေမယ့် အဲဒီအချိန်တွင်းမှာ သူ့ရဲ့ ဂုဏ်သိက္ခာတွေရော၊ သူရဲ့ အချိန်တွေနဲ့ တခြားသောနစ်နာမှုတွေ အများကြီး ကြုံတွေ့ပါတယ်၊ တချို့သော အမှုကိစ္စတွေမှာလည်း သက်သေခိုင်လုံမှုမရှိဘဲနဲ့ အမှုစီရင်ပြီးမှ နောက်ပိုင်းမှ ဒီကိစ္စကြီးက တရားခံပေါ်လာတဲ့အချိန်မှာ ပြန်တော့ လွတ်သွားတယ်၊ ဒါပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာရယ် ဖြတ်သန်းခဲ့ရတဲ့ ထောင်ထဲမှာ အပြစ်ပေး အရေးယူခံခဲ့ရတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ကြုံတွေ့ရတဲ့အမှုတွေက အများကြီးပါ၊ အထူးသဖြင့် တရားစီရင်မှု အပိုင်းအားနည်းတဲ့ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးဖြစ်တာမျိုး၊ နောက်တစ်ခါ အဂတိလိုက်စားမှု ရှိတဲ့နေရာတွေမှာ ဖြစ်တာမျိုးတွေ ကြုံတွေ့ရပါတယ်"

မှားယွင်းစွပ်စွဲခံရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့အတွက် ဥပဒေကြောင်းအရ ပြန်လည်တရားစွဲဆိုတဲ့ လမ်းကြောင်းတစ်ခု စတင်ပေါ်ပေါက်လာတာကို ကြိုဆိုတယ်လို့ ဦးအောင်မျိုးမင်းက ဖြည့်စွက် ပြောကြားသွားပါတယ်။

သက်သေမခိုင်လုံဘဲ ဖမ်းဆီးစစ်ဆေးရင် လူတစ်ဦးအတွက် ဂုဏ်သိက္ခာပိုင်းသားမက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ရတယ်လို့ သူကဆက် ပြောပါတယ်။

Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ သံသယတရားခံ ကိုအောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုးဟာ အပြစ်ရှိကြောင်း သက်သေထွက်ချက် မခိုင်လုံတဲ့အတွက်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဒက္ခိဏခရိုင်တရားရုံးကနေ ကွင်းလုံးကျွတ် တရားရှင် ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aunggyi-file-a-lawsuit-police-12102020064605.html

နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကို‌အောင်ကြီးရှေ့နေပြော  နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကို‌အောင်ကြီးရှေ့နေပြော Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.