သံချပ် အွန်လိုင်းတင်သူကို မအူပင်တရားရုံးက ထောင် ခြောက်လချ


ဧရာဝတီတိုင်း မအူပင်မြို့နယ်တရားရုံးမှာ တပ်မတော်သား ဒုဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ) နဲ့ တရားစွဲဆိုတာကိုခံနေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်ကို တရားရုံးက ဒီနေ့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့အမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦး စစ်ဆေးမေးမြန်းပြီး ရုံးချိန်း ခုနစ်ခုအပြီးမှာ အမိန့်ချမှတ်လိုက်တာပါ။

တပ်မတော်က အငြိုးတကြီးနဲ့ တရားစွဲထောင်ချနေပေမယ့် နိုင်ငံရေးပိုးကို သုတ်သင်လို့မရဘူးလို့ ဒီနေ့ မအူပင်မြို့နယ် တရားရုံးအမိန့်ချ အပြီးမှာ ကိုဇေယျာလွင်က RFA ကိုပြောပါတယ်။

"ဒါတွေက အငြိုးတကြီးနဲ့ လိုက်သုတ်သင်တယ်လို့ပဲ ယူဆတယ်၊ ကျနော်တို့ ပြောချင်တာက အဲလိုဘယ်လောက်ဘဲ အငြိုးတကြီးနဲ့ အမှုတွေ ဆွဲလိုက်သုတ်သုတ်သင် ကျနော်တို့ခန္ဓာကိုယ်မှာရှိတဲ့ နိုင်ငံရေးပိုးကိုတော့ သုတ်သင်လို့ရမှာ မဟုတ်ဘူးလို့ ပြောချင်တယ်၊ ဒီအခြေအနေအရ တပ်ကိုနိုင်ငံရေးအခန်းကဏ္ဍမှာ မရှိစေချင်ဘူး၊ ဖွဲ့စည်းပုံပြင်ဆင်စေချင်တယ်၊ လွှတ်တော်ထဲမှာရှိနေတဲ့ ၂၅ ရာခိုင် နှုန်းကို ထွက်သွားစေချင်တယ်၊ အဲလိုမျိုး အကြောင်းအရာတွေကြောင့် ကျနော်တို့က သံချပ်တွေ၊ ဆန္ဒပြလှုပ်ရှားမှုတွေ၊ အခြားနည်း ပေါင်းစုံနဲ့ ပြောဆိုဝေဖန်နေတာ"

ကိုဇေယျာလွင်ဟာ မအူပင်မြို့နယ်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ဖျော်ဖြေတာကို အင်တာနက်လူမှုကွန်ရက်မှာတင်ခဲ့တာ ကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သင်္ကြန်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ် ငါးခုမှာ လိုက်လံဖျော်ဖြေ ခဲ့တာကြောင့် ရန်ကုန်တိုင်းမှာ မရမ်းကုန်းနဲ့ ဗိုလ်တထောင်မြို့နယ် ဧရာဝတီတိုင်းမှာဆိုရင် ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်စတဲ့ မြို့နယ် ငါးခုမှာ အမှု ရှစ်မှုနဲ့ တရားစွဲထောင်ချခံနေရတာပါ။

သူတို့ကို တရားစွဲဆိုတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပုဒ်မတွေဟာ အစိုးရနဲ့ တပ်မတော်ကို ဝေဖန်ရင် တရားစွဲဆိုတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ပြည်သူတွေ ထိခိုက်မှုနည်းအောင် ပြန်လည်သုံးသပ်သင့်တယ်လို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

ကိုဇေယျာလွင်ကို ဆက်သွယ်ရေးဥပဒေနဲ့ ထောင်ဒဏ် ခြောက်လချမှတ်တာကို မအံ့သြဘူးလို့ ပြောတဲ့သူကတော့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားနေတဲ့ အသံအဖွဲ့က မောင်ဆောင်းခပါပဲ။

"ဒီအမိန့်ကိုကြည့်ခြင်းအားဖြင့် ဒီဥပဒေပုဒ်မတွေဟာ လာမယ့်အစိုးရသစ်လက်ထက်မှာ လွှတ်တော်သစ်သက်တမ်းအတွင်းမှာ မဖြစ်မနေကိုပြင့်ဆင်ရမယ့်ပုဒ်မမျိုးဆိုတာ ပိုပြီးတော့ မီးမောင်းထိုးဖော်ပြလိုက်သလို့ ဖြစ်သွားတာပေါ့၊ ဆက်သွယ်ရေးဥပဒေမှာ ဆိုရင်လည်း ၆၆(ဃ) သူတို့ကိုတရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲမှာဆိုရင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)တို့(ခ)တို့ ဒါတွေဟာ လာမယ့်အစိုးရသစ်လက်ထက်မှာ မဖြစ်မနေပြင်ရမယ့် ဥပဒေတွေပုဒ်မတွေဖြစ်တယ်ဆိုတာတော့ ပိုပြီးတော့ မြင်သာသွားစေတယ်လို့ မြင်ပါတယ်"

ပြီးခဲ့တဲ့ ဇွန်လကလည်း တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးကို ဧရာဝတီတိုင်း ဒေးဒရဲ၊ မအူပင်နဲ့ ဖျာပုံမြို့နယ် တရားရုံးတွေ ကလည်း ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံထားရပါတယ်။

ဒီအဖွဲ့ဟာ သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သံချပ်နဲ့ လှည့်လည်ဖျော်ဖြေခဲ့တာကနေ အခုလို အရေးယူခံရတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က မြို့နယ်ခွဲပြီး ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲထောင်ချတာ တွေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ရှုတ်ချမှုတွေလည်း ရှိနေပါတယ်။

ဒီလိုမြို့နယ်တွေခွဲပြီး တရားစွဲထောင်ချတာဟာ နိုင်ငံတကာအလယ်မှာ နိုင်ငံ့ပုံရိပ် မကောင်းနိုင်တာကြောင့် သူတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဦးအောင်မျိုးကျော်က ပြောပါတယ်။

"လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝချိုးဖောက်တာဖြစ်တယ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ နိုင်ငံသား တွေရဲ့ မူလအခွင့်အရေးဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါပြီးသား၊ လူ့အခွင့်အရေးအခြေခံအချက်တွေမှာလည်း ပါပြီးသား၊ ဒီလိုမျိုးနေရာတွေခွဲပြီးတော့ တရားစွဲတယ်၊အမိန့်တွေချတယ်ဆိုတာက အင်မတန်မှ ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်၊ ကျနော်တို့တိုင်းပြည်အတွက်လည်း နိုင်ငံတကာအလယ်မှာ ဘယ်လိုမှ ပုံရိပ်မကောင်းနိုင်ဘူး၊ ဒါကြီးက ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုပြီ၊ ဒီလူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုပြီ"

တပ်မတော်က တရားစွဲတာတွေကို ဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဧရာဝတီနဲ့ ရန်ကုန်တိုင်းမှာ တပ်မတော်က စွဲဆိုထားတဲ့အမှုတွေ အမိန့်ချအပြီးမှာတော့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းက ထောင်ဒဏ် ခြောက်နှစ်စီ၊ ကိုပိုင်ရဲသူတို့က ငါးနှစ်ခွဲ ချမှတ်ခံထားရပါတယ်။

ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခံထားရတဲ့ မကေခိုင်ထွန်း၊ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရတဲ့ ကိုဖိုးသားနဲ့ မဆုရတနာမြင့် တို့ကတော့ လွတ်ရက်စေ့တာကြောင့် ပြန်လည်လွတ်မြောက်လာကြပါပြီ။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တရားစွဲထောင်ချတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတာ၊ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် နိုင်ငံတကာ လူအခွင့်ရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက တောင်းဆိုထားပါတယ်။

သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုတဲ့ပုဒ်မတွေဟာ ပြည်သူတွေကို လိုသလို အသုံးပြုနေတဲ့ပုဒ်မတွေဖြစ်တာကြောင့် ပြင်ဆင်ပယ်ဖျက်ဖို့ တောင်းဆိုနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/zayarlwin-jain-6months-12152020052229.html

သံချပ် အွန်လိုင်းတင်သူကို မအူပင်တရားရုံးက ထောင် ခြောက်လချ  သံချပ် အွန်လိုင်းတင်သူကို မအူပင်တရားရုံးက ထောင် ခြောက်လချ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.