တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ ဒေသခံပြည်သူတွေကိုအထိနာစေတယ်လို့ သမ္မတပြော

တိုင်းရင်းသား အားလုံး မိမိတို့လိုလားချက်တွေကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးမှာ တင်ပြတောင်းဆိုနိုင်

လုံခြုံရေးအခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ရခိုင်ပြည်နယ်က နယ်မြေဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်တဲ့အခြေအနေရောက်ရှိအောင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

သမ္မတက ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုရေးသားထား တာဖြစ်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ နိုင်ငံမှာ တိုင်းရင်းသား အားလုံး မိမိတို့လိုလားချက်တွေကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးမှာ တင်ပြတောင်းဆိုနိုင်သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေမှာလည်း တွေ့ဆုံညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ဖွင့်ထားတယ်လို့ သမ္မတ က ဆိုပါတယ်။

တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ ဒေသခံပြည်သူတွေကို အထိခိုက်အနစ်နာဆုံးဖြစ်စေတာကို သက်ဆိုင်သူအားလုံး သတိပြုသင့်ကြောင်း သမ္မတက ပြောပါတယ်။ ရခိုင်မှာတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများ သဟဇာတရှိစေရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ သာယာလှပတဲ့ပြည်နယ်ဖြစ်လာစေရေးနဲ့ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ ညီညွတ်တဲ့စုပေါင်းအားနဲ့ အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်းပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပါတယ်။

ရခိုင်မှာရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ ရခိုင့်တပ်တော်အေအေနဲ့ တပ်မတော်တို့က နိုဝင်ဘာ ၁၂ ရက်မှာကြေညာချက်တွေ အပြန်အလှန်ထုတ်ပြန်တိုက်တွန်းထားသလို ရွေးကောက်ပွဲကျင်းပဖို့ နယ်မြေတည်ငြိမ်ရေး လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေဆောင်ရွက်မယ်လို့ အေအေက ပြောကြားထားပါတယ်။

ရခိုင်မှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ထိ ကိုယ်တိုင်သွားရောက်လေ့လာပြီး ရခိုင်နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့သလို အစိုးရ၊ တပ်မတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရခိုင်ရွေးကောက်ပွဲကိစ္စ ဆွေးနွေးရာမှာ အတိုင်ပင်ခံက သဘောထားမှတ်ချက်မပေးခဲ့သလို ပြညထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရခိုင်မှာရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့အခြေအနေနဲ့ပတ်သက်ပြီး သဲကွဲတဲ့အဖြေမပေးခဲ့တာကြောင့် ကော်မရှင်ကိုစိတ်ပျက်ရကြောင်း မစ္စတာဆာဆာကာဝါက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

ရခိုင်မှာရွေးကောက်ပွဲတွေပြန်ကျင်းပရေး ဂျပန်အထူးကိုယ်စားလှယ် ညှိနှိုင်းပေးပြီးတဲ့နောက်ပိုင်း ဒီဇင်ဘာ ၁၂ နောက်ပိုင်းကစလို့ ရခိုင်မှာ တိုက်ပွဲတွေ မဖြစ်တော့တာ တစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ကို NLD က လိုလားကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေ၊ တည်ဆဲဥပဒေတွေကို ဆန့်ကျင်ပြီး နားလည်မှုနဲ့လုပ်တဲ့ရွေးကောက်ပွဲမျိုး မဖြစ်သင့်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်တဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ပါတီက ပြောကြားထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55313413

တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ ဒေသခံပြည်သူတွေကိုအထိနာစေတယ်လို့ သမ္မတပြော  တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ ဒေသခံပြည်သူတွေကိုအထိနာစေတယ်လို့ သမ္မတပြော Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.