ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ

 ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲအသစ်တစ်ခု အင်္ဂလန်နိုင်ငံတောင်ပိုင်းဒေသမှာ တွေ့ရပြီး အဲဒီပိုးမျိုးစိတ်ကို ပိုပျံ့နှံ့တွေ့လာရတယ်ဆိုတာကို ယူကေ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ထုတ်ပြောလိုက်တဲ့အခါ လူတွေကြား စိုးရိမ်မှုတွေနဲ့ မေးခွန်းတွေနဲ့ ရှိလာပါတယ်။ မူလပိုးကို ကာကွယ်ဖို့ ကာကွယ်ဆေးတောင် အပြည့်အဝ မသုံးနိုင်သေးခင် ဒီလို ပိုးမျိုးစိတ်အသစ်တစ်ခု ထပ်ပေါ်လာတယ်ဆိုတော့ ဘာတွေ ဖြစ်လာမလဲ၊ ဒီပိုးမျိုးစိတ်သစ် ဆိုတာက ပိုပြီး အန္တရာယ်များရှိလေမလားဆိုပြီးလည်း ပူပင်ကြပါတယ်။ ဆိုတော့ ဘီဘီစီရဲ့ ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက် ဂျ်မ်းစ်ဂါလာဂါက အဲဒီမေးခွန်းတွေကို ဖြေပေးထားပါတယ်။

သူကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ဗီဇအသစ်တစ်ခု ပြောင်းလာ ပေါ်လာတာတွေ့ရပြီဆိုရင် နားလည်နိုင်ဖို့ မေးခွန်းတစ်ခု ပြန်မေးမိတတ်ပါတယ်တဲ့။

အဲဒါကတော့ ဗိုင်းရပ်စ်ပိုးရဲ့ မူလပြုမူဆောင်ရွက်ပုံတွေမှာ အပြောင်းအလဲတွေ ရှိလာသလားဆိုတာပါပဲတဲ့။

ပိုးက မျိုးဗီဇပြောင်းတယ်ဆိုတဲ့ သတင်းကြားလိုက်တာနဲ့ လူတွေမှာ ထိတ်လန့်တကြားဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးတွေဆိုတာ အမြဲတမ်း သူတို့ရဲ့ ဗီဇအသွင်သဏ္ဌန် တွေက ပြောင်းနေတာပါပဲ။

အဲဒီလို ဖြစ်လာရင်လည်း အများအားဖြင့်တော့ ဘာမှပိုထူးခြားပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ ဗီဇမျိုးကွဲလေးတွေအချင်းချင်း ပေါင်းသွား ကွဲသွားပြီး ပုံစံသစ်တစ်မျိုး ဖြစ်လာတာလောက်ပဲ ရှိတတ်ပါတယ်၊ တစ်ခါတစ်လေတော့လည်း အဲဒီလို ပြောင်းလဲပြီး ဖြစ်လာတဲ့ ပိုးမျိုးသစ်ဟာ လူတွေကို ကူးစက်ရာမှာ အားပျော့သွားပြီး အသစ်ဖြစ်လာတဲ့ ပိုးဗီဇကွဲက သူ့အလိုလို ပျက်သွား သေသွားတာမျိုးတွေလည်း ရှိပါတယ်။

တစ်ခါတစ်လေမှာတော့လည်း အဲဒီ ပိုးမျိုးဗီဇအသစ်က ပိုအားကောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

အခုအထိတော့ အခုနောက်ဆုံး အင်္ဂလန်ရဲ့ အရှေ့တောင်ပိုင်းဒေသမှာ တွေ့လာရတယ်ဆိုတဲ့ ပိုးဇီဇအသစ်က ပိုပြီးကူးစက်လွယ်တယ်၊ ရောဂါလက္ခဏာတွေ ပိုဆိုးစေတယ်၊ ထွက်လာပြီးသား ကာကွယ်ဆေးတွေနဲ့ ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတဲ့ တိကျတဲ့ သက်သေအထောက်အထား တစ်ခုမှ မရှိသေးပါဘူး။

ဒါပေမဲ့ အဲဒီ ပိုးဗီဇအသစ်ကို ပညာရှင်တွေကတော့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပါတယ်။ အကြောင်းက နှစ်ခု ရှိပါတယ်။

တစ်ခုကတော့ ပိုးကူးစက်မှုတွေ ပိုများများတွေ့ရတဲ့ နေရာတွေမှာ အခု ပိုးဗီဇမျိုးအသစ်ကို ပိုများများတွေ့ရတာပါ။ဒါက သတိထားစရာအချက်ပါ၊ ဒါပေမဲ့ အဲဒီလို ဖြစ်တာကိုလည်း နှစ်မျိုးခွဲပြီး အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။

တစ်ခုက ဗိုင်းရပ်စ်က ပျံ့ဖို့ ပိုလွယ်အောင် အသွင်ပြောင်းသွားပြီး ကူးစက်မှုတွေလည်း ပိုများလာတာစေတာပါ။

ဒါပေမဲ့ အသွင်ပြောင်းပိုးတွေ ကူးစက်မြန်တယ်လို့ ဆိုရာမှာ အခြေအနေပေးတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့ နွေရာသီကာလက စပိန်ပိုးမျိုးကွဲကနေ ကူးစက်မြန်တယ်လို့ ဆိုကြတာဟာ လူတွေက စပိန်ကို အပန်းဖြေခရီးထွက်ကြတုန်း ရောဂါပိုးကူးမိကြပြီး ပြန်လာတော့ ကိုယ့်ဌာနေမှာ ဆက်ပြီး ဖြန့်မိသွားကြတာမျိုးဆိုတာ တွေ့ရပါတယ်။

ဒါကြောင့် အခု ပိုးဗီဇမျိုးကွဲသစ်ဆိုတာကလည်း တခြာပိုးတွေထက် ကူးစက်တာ ပိုမြန်သလားဆိုတာကို ဓာတ်ခွဲခန်းထဲမှာ လက်တွေ့စမ်းသပ်မှုတွေ တော်တော်များများ လုပ်ပြီးမှ အတိအကျပြောလို့ရနိုင်မှာပါ။

ပညာရှင်တွေကို နောက်ထပ် စိတ်လှုပ်ရှားသွားစေတဲ့အချက်ကတော့ ဗိုင်းရပ်က ဘယ်လိုမျိုး အသွင်ပြောင်းသွားခဲ့သလဲဆိုတာပါ။

ဒီပုံစံက အသွင်ပြောင်းတာ အများကြီးဖြစ်သွားခဲ့တာကို အံ့သြစရာတွေ့ရတယ်။ ကျွန်တော်တို့ မှန်းထားတာထက် အများကြီး ပိုတယ်။ တချို့ အသွင်ပြောင်းပုံတွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ COVID-19 Genomics UK (COG-UK) Consortium လို့ခေါ်တဲ့ ယူကေက ကိုဗစ် ၁၉ မျိုးဗီဇလေ့လာသုတေသနပြုရေးအဖွဲ့က နစ်လိုမန်က ပြောပါတယ်။

ပညာရှင်တွေ စိတ်ဝင်စားနေတဲ့ အသွင်ပြောင်းပုံက နှစ်မျိုးတွေ့ရတယ်လို့ ဆိုပါတယ်။ နှစ်ခုစလုံးကို ဗိုင်းရပ်စ်ပိုးရဲ့ အရေးပါတဲ့ ပရိုတိန်းအတက်တွေမှာတွေ့ရပါတယ်။ အဲဒီ ပရိုတိန်း အတက်တွေဆိုတာက ပိုးက လူသားရဲ့ ခန္ဓာကိုယ်တွင်းဆဲလ်တွေကို ထိုးဖောက်ဝင်ရောက်ရာမှာ သုံးတဲ့ သူ့ရဲ့ အဓိက လက်နက်ပါ။

အသွင်ပြောင်းမျိုးကွဲတစ်ခုကိုတော့ အမည်က N501 လို့ပေးထားပါတယ်။ သူက ပရိုတိန်းအတက်က အရေးအပါဆုံးဖြစ်တဲ့ ဆဲလ်ထဲထိုးဖောက်တွယ်ချိတ်ထားတဲ့ နေရာကို ပြောင်းပေးလိုက်တာ တွေ့ရပါတယ်။ အဲဒီနေရာဆိုတာက ပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ မျက်နှာပြင်နဲ့ ပထမဆုံး ထိတွေ့တဲ့ နေရာပါ။ အဲဒီတော့ အဲဒီနေရာကနေ လူ့ခန္ဓာကိုယ်ဆဲလ်ထဲ ဝင်ရောက်ဖို့ ပိုလွယ်သွားအောင် ပုံစံပြောင်းပေးတာမျိုးဆိုရင် ဗိုင်းရပ်စ်ဘက်က တစ်ပန်းသာသွားနိုင်ပါပြီ။

အဲဒီနေရာကို အပြောင်းအလဲလုပ်ပေးလိုက်တာကတော့ အရေးပါတဲ့ ပြောင်းလဲမှုလို့ဆိုနိုင်ပါတယ်လို့ ပါမောက္ခ လိုမန်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး


ကာကွယ်ဆေးတွေ ထွက်လာလို့ လူအများထိုးခွင့်ရပြီဆိုရင်တော့ အဲဒီ ဆေးထိုးပြီးသား လူတွေကို ထပ်ကူးဖို့ဆို ဗိုင်းရပ်စ်အနေနဲ့ နောက်ထပ် အသွင်ပြောင်း အမျိုးအစားတွေ ထပ်ထုတ်လာရဦးမှာပါ။

တခြား အသွင်ပြောင်းမျိုးကွဲကတော့ H69/V70 ပြုတ်ကျန်မှုလို့ ခေါ်ပါတယ်။ ဒါကတော့ အရင်ကလည်း အကြိမ်အတော်များများ တွေ့ခဲ့ရပြီးပါပြီ။ သူ့ကို မင့်ခ်ဖျံတစ်ကောင်မှာ ပိုးကူးခံရတုန်းကလည်း ဒီ မျိုးကွဲကိုတွေ့ခဲ့ရပါတယ်။

အခု စိုးရိမ်ကြတာကတော့ ရောဂါပိုးကူးစက်ခံရပြီး ပျောက်သွားခဲ့သူတွေရဲ့ သွေးရည်ကြည်ထဲက ထုတ်ယူထားတဲ့ ပဋိဇီဝပစ္စည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်းမျိုးကွဲတွေကို တိုက်ဖျက်ရာမှာ ထင်သလောက် မထိရောက်ဘူးလား ဆိုတာပါပဲ။

ဒီနေရာမှာလည်း အတိအကျပြောဖို့ဆိုရင် ဓာတ်ခွဲခန်းထဲမှာ လေ့လာချက်တွေ စမ်းသပ်ချက်တွေ အများကြီးထပ်လုပ်ဖို့ လိုဦးမှာပါ။

ဘာမင်ဟန်တက္ကသိုလ်က ပါမောက္ခအလန်မက္ကနယ်လီကတော့ ဗိုင်းရပ်ပိုးရဲ့ မျိုးကွဲရှိတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အဲဒီဗိုင်းရပ်စ်ရဲ့ ဇီဝဗေဒအလုပ်လုပ်ပုံကိုတော့ မသိရသေးပါဘူးလို့ ပြောပါတယ်။ အခု ဗီဇကွဲအပြောင်းအလဲက ဘယ်လိုအရေးပါလဲ၊ အရေးရောပါလားဆိုတာကို အသေအချာပြောဖို့ဆိုတာက သိပ်စောလွန်းပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အခုထပ်တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုး မျိုးဗီဇကွဲတွေက ပရိုတိန်းအတက်မှာ အပြောင်းလဲတွေရှိလာတယ်ဆိုတဲ့ အချက်ကြောင့်လည်း လောလောဆယ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေထွက်လာပါတယ်။ အကြောင်းကတော့ ကာကွယ်ဆေးထုတ်သူတွေထဲမှာ လောလောဆယ် ရှေ့ဆုံးမှာ ရှိနေကြတဲ့ Pfizer၊ Moderna နဲ့ Oxford ကာကွယ်ဆေး သုံးမျိုးစလုံးက လူ့ခန္ဓာကိုယ်ထဲက ခုခံအားစနစ်ကို ပရိုတိန်းအတက်ကို အဓိက တိုက်နိုင်အောင် ဦးတည်ပြုလုပ်ထားလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဘက်ကကြည့်ရင်တော့ လူ့ခန္ဓာကိုယ် ခုခံအားဟာ ဗိုင်းရပ်စ်ပိုးအတက်ရဲ့ နေရာအစိတ်အပိုင်းအတော်များများကို တုံ့ပြန်တိုက်ခိုက်နိုင်အောင် အလေ့အကျင့် ရသွားမှာပါ။ ဒါကြောင့်ပဲ ကာကွယ်ဆေးတွေဟာ အခုပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးကွဲတွေကိုပါ ခုခံကာကွယ်နိုင်လိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရဲ့ နောက်ဆုံး ပြောင်းလဲလာမှု

ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေမှာ စဖြစ်လာပြီး အသွင်ပြောင်းလို့ လူတွေဆီပါ ဆက်ကူးလာတာ တစ်နှစ်ရှိပါပြီ။

အဲဒီတစ်နှစ်အတွင်း တစ်လကို နှစ်မျိုးလောက် အသွင်ပြောင်းလာတာတွေ့ခဲ့ရပါတယ်။ ဒီနေ့တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးမျိုးကို နမူနာယူပြီး တရုတ် ဝူဟန်မှာ ပထမဆုံးတွေ့ခဲ့ရတဲ့ ပိုးနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သူတို့ကြားမှာ ၂၅ မျိုးလောက် အသွင်ပြောင်းသွားခဲ့ပြီးပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ဟာ အခုအထိလည်း သူ့ မျိုးဗီဇထဲက အမျိုးမျိုးသော အစိတ်အပိုင်းလေးတွေကို တစ်ခုနဲ့တစ်ခုပေါင်း၊ အသွင်သစ်တစ်မျိုးထပ်ထုတ်ပြီး လူတွေကို အသေအချာကူးစက်နိုင်အောင် လုပ်နေတုန်းပဲလို့ ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။

အဲဒါမျိုးကို သိပ်မကြာခင်ကလည်း G614 ဆိုတဲ့ ပုံစံကွဲ တစ်မျိုးနဲ့ ကမ္ဘာတဝန်း ပျံ့ခဲ့တာတွေ့ခဲ့ရပါတယ်။ အဲဒီမျိုးကွဲကဆို ပျံ့နှံ့ပုံရော ပျံ့နှံ့နှုန်းပါ ပိုမြန်ဆန်ပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ဆေးတွေ ထွက်လာပြီး လူအများထိုးနှံထားနိုင်ပြီဆိုရင်တော့ ဗိုင်းရပ်စ်အတွက်လည်း ပိုပြီး ဖိအားအောက်ရောက် အလုပ်များရတော့မှာပါ။ ဆေးထိုးထားပြီးသား လူတွေကို ကူးစက်ဖို့ဆိုရင် သူလည်း နောက်ထပ် တစ်မျိုးအသွင်ပြောင်းမှ ရမှာပါ။

ဗိုင်းရပ်စ်ကလည်း ဆေးထိုးထားပြီးသူကိုပါ ကူးစက်နိုင်အောင် အသွင်ပြောင်းပြီး လိုက်တိုက်ခိုက်ဦးမယ်ဆိုရင်တော့ ကာကွယ်ဆေးတွေကိုလည်း အမီလိုက်ပြီး အသင့်ဖြစ်နေအောင် အမြဲတစေ တီထွင်ထုတ်လုပ်နေရမှာပါ။ ဒါကလည်း အသစ်အဆန်းတော့မဟုတ်ပါဘူး၊ ဒီကနေ့ ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်ထိုးပေးနေတဲ့ တုပ်ကွေးကာကွယ်ဆေးဆိုလည်း သူ့ဗိုင်းရပ်စ်က ပြောင်းနေတာကို ခုခံနိုင်အောင် ဒီလိုပဲ အမြဲတမ်း အဆင့်မြှင့်နေခဲ့ရတာပဲ မဟုတ်ပါလား။


BBC Burmese

https://www.bbc.com/burmese/world-55317499

ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ  ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.