နိရဥၥရာ၊ ဒီဇင္ဘာ ၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းမူဆလင်ဒုက္ခသည်စခန်း၌ အသက် ၁၂ နှစ်အရွယ် မူဆလင်အမျိုးသမီးငယ်တစ်ဦးမှာ နိုဝင်ဘာ ၂၉ ရက်နေ့က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသည်ဟု သတင်းရရှိသည်။
၎င်းအသက်(၁၂)အရွယ် မိန်းကလေးငယ်မှာ ပေါက်တောမြို့နယ် အနောက်ရဲကျေးရွာမှ ငှက်ချောင်း မူဆလင်ဒုက္ခသည်စခန်းတွင် အိမ်အကူအလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးငယ်ကို အသက်(၄၅)နှစ်အရွယ် မော်လဝီဖြစ်သူက ၎င်းတို့ အိမ်မှ ပိုက်ဆံခိုးသည်ဟု စွပ်စွဲပြီး နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ဆေးမည်ဟု ၎င်း၏ နေအိမ်သို့ ခေါ်ယူသွားပြီးနောက် နိုဝင်ဘာ၂၉ ရက်နေ့တွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ငှက်ချောင်းမူဆလင်ဒုက္ခသည် စခန်းတာဝန်ခံ ဖြစ်သူ ဦးမောင်နူမိယာ (ခ) စိုးနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ သူတို့ အိမ်က ငွေခိုးတယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ဖြေရှင်းပေးပြီးသွားပြီ။ အဲဒါကို ကလေးမကို ၂၆ ရက် ည ၉ နာရီလောက်က လာခေါ်သွားတယ်လို့ သိရတယ်။ ကလေးမလေး အလုပ်လုပ်တဲ့အိမ်က အဲဒီမော်လဝီရဲ့ ညီအိမ် ဆိုတော့လေ။ အဲဒီမှာ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ရိုက်ပြီးစစ်မေးတယ်တဲ့ ကလေးမကို။ ၂၉ ရက်နေ့ ညအချိန်လောက်မှာ နောက်ထပ် အမျိုးသားနှစ်ယောက်နဲ့ အတူ ကျွန်တော်တို့ စခန်းနားက လယ်ကွင်းထဲက တဲမှာ ကလေးမကို အဓမ္မပြုကျင့်ခဲ့တာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားများမှာ အသက်(၄၅)နှစ်အရွယ် မော်လဝီနှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူများ ဖြစ်သည့် အသက်(၂၇)အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၂၈)နှစ်အရွယ် တစ်ဦးတို့ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပေါက်တောမြို့ဆေးရုံသို့ မိန်းကလေးငယ်ကို လိုက်ပါပို့ဆောင်ပေးသူ ငှက်ချောင်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးက “ ကလေးက အခုကျွန်တော်တို့နဲ့ရှိနေပါတယ်။ နှာခေါင်းနဲ့ အမျိုးသမီးအင်္ဂါတို့က သွေးထွက်နေလို့ ဆေးရုံမှာ ပြခဲ့ပါတယ်။ ကြိုးတုပ်ခံခဲ့ရတဲ့လက်မောင်းက ဒဏ်ရာနည်းနည်းလည်းတွေ့ရပါတယ်။ အခု ပေါက်တောရဲစခန်းကို စစ်ဆေးခံဖို့ ရောက်နေပါတယ်။ ကျူးလွန်တဲ့လူတွေကို ဖမ်းမမိသေးပါဘူး” ဟု ပြောသည်။
ပေါက်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှဌေးက “ကျွန်တော်တို့ ရဲလုပ်ငန်း အတိုင်းလုပ်နေပါတယ်။ ဒီကလေးမလေးကို စစ်နေပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ဖြစ်တဲ့နေရာမှာ ဓာတ်ပုံမှတ်တမ်းရိုက်တာတို့ကအစ ပေါ့လုပ်ရမယ်။ ဒေသအခြေအနေအရ ကျွန်တော်တို့ လုံခြုံရေးအရတော့ သွားဖို့ မလွယ်ဘူး။ ဒါပေမယ့် သွားဖို့ လုပ်နေကြတယ်။ သုံးယောက်သေချာတယ်လို့ သူတို့ပြောပေမယ့် သူတို့စွပ်စွဲတာပဲရှိသေးတယ်” ဟုပြောသည်။
၎င်းအမှုနှင့် ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
အိမ်စိုးဖြူ
Narinjara
No comments:
Post a Comment