ကယားဒေသ နွေစပါးစိုက်ဧက ငါးပုံတစ်ပုံသာ ဒီနှစ်စိုက်ပျိုးနိုင်မည်


ကယားပြည်နယ်မှာ နွေစပါးစိုက်ဖို့ မှီခိုအားထားနေရတဲ့ ဆည်တွေ ဒီနှစ် ဆည်ရေနည်းနေတာကြောင့် နွေစပါးစိုက်ဧက ငါးပုံတစ်ပုံပဲ ရေပေးနိုင်တော့မှာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ နွေစပါး အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး ဒီးမော့ဆိုမြို့မှာရှိတဲ့ ငွေတောင်ဆည်ရေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ မိုးဗြဲဆည်ကပေးဝေတဲ့ရေကို အဓိက အားကိုးနေရတာ ဖြစ်ပါတယ်။

မိုးဗြဲဆည်ရေကို ကယားပြည်နယ်အတွင်းက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ လည်ပတ်ဖို့နဲ့ ဆည်ရေသောက်လယ်တွေ စိုက်ပျိုးနိုင်ဖို့ အားထားနေရတာဖြစ်ပြီး ၂၂ နှစ်အတွင်း အနည်းဆုံး ရေသိုလှောင်ထားနိုင်တဲ့ ရေအမှတ်ကို ရောက်ရှိနေပါတယ်။

ဒါကြောင့် လာမယ့် မတ်လအထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံမှန်လည်ပတ်နိုင်ဖို့ရေးကို ဦးစားပေးထားရတာကြောင့် ဒီနှစ်မှာ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို လျှော့ချထားတယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဦးဝေလွင်က ပြောပါတယ်။ 

 “ကျနော်တို့ အခုချိန်ကစပြီးတော့ မိုးကမရွာတော့ဘူး ရှိတဲ့ကန်ထဲကရေပမာဏနဲ့ စိုက်ပျိုးရေလည်းသုံးမယ် လျှပ်စစ်လည်းသုံးမယ် လျှပ်စစ်ကလည်း အခုချိန်ကစပြီးတော့ မိုးမရွာမီ မေလအထိသုံးရမှာဖြစ်တဲ့အတွက် လျှပ်စစ်အတွက် သုံးမယ့် ပမာဏကိုလည်းချိန်ရပါတယ်။ လျှပ်စစ်ရေရယ် စိုက်ပျိုးရေရယ် နှစ်ဖက်ချိန်ပြီးတော့ လျာထားဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ”

နွေစပါးအတွက် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်က လယ်ဧက သုံးထောင်နီးပါးကို မိုးဗြဲဆည်ကနေနှစ်စဉ် ရေပေးဝေနေတာဖြစ်ပြီး ဒီနှစ်မှာတော့ ဧကရှစ်ရာသာ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ငွေတောင်ဆည်ကတော့ ပုံမှန်နှစ်စဉ်နွေစပါးစိုက်ဖို့ ဧက တစ်ထောင့်ခြောက်ရာကို ရေပေးဝေနေရာကနေ ဒီနှစ်မှာတော့ ဧက သုံးရာလောက်ပဲ ပေးဝေနိုင်တော့မှာဖြစ်တယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ 

အခုလို နွေစပါးစိုက်ဧကလျှော့ချထားတဲ့အတွက် စပါးစိုက်ခွင့်မရတဲ့ တောင်သူတွေအနေနဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ 

ဒီးမောဆိုမြို့ ဒေါငံခါး (၂) ရပ်ကွက်မှာနေတဲ့ ဦးအကိုးစတီးနိုကတော့ နွေစပါးလုပ်ကိုင်ခွင့်မရတာကြောင့် ရရှိလာတဲ့ မိုးစပါးကို သိုလှောင်ထားရတယ်လို့ ပြောပါတယ်။

“ အခုရလာမယ့် မိုးစပါးတွေကျတော့ အကုန်လုံးသိုလှောင်ထားတယ် ရောင်းလည်းမရောင်းရဲဘူး တစ်အိတ်မှ မရောင်းရဲဘူး။ ”

နွေစပါးလုပ်ကိုင်ကြတဲ့ လယ်သမားအများစုကတော့ စပါးကို နှစ်သီး စိုက်ကြတာဖြစ်တာကြောင့် တချို့က မိုးစပါးကို စားဖို့အတွက် စိုက်ပျိုးကြပြီး နွေစပါးကို မိသားစုစားဝတ်နေရေး အပိုဝင်ငွေရအောင် ရောင်းချကြတာဖြစ်ပါတယ်။

မိုးရာသီက ပိုးကျတာတွေရှိတာကြောင့် အထွက်နှုန်းကျပြီး နွေစပါးစိုက်တာက အထွက်နှုန်းပိုများတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

ဒီးမောဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာနေတဲ့ ဦးဖရေးရယ်ကတော့ နွေစပါး စိုက်ခွင့်မရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။ 

“ အခက်အခဲကတော့ရှိတာပေါ့ စိုက်ချင်ပေမယ့် စိုက်လို့မရတော့ဘူး အပြင်အလုပ်ပဲ လုပ်ရတော့မှာပေါ့ နွေစပါး လုပ်လို့မရတော့ဘူးဆိုတော့လေ။ နွေစပါးလုပ်တာကတော့ ပိုအထွက်တိုးတယ်။ ငွေလည်းပိုရတယ် မိုးစပါးလုပ်တာက အရင်းအနှီးပိုကုန်တယ် အမြတ်ကမရဘူး စားဖို့အတွက်ပဲလုပ်တာပဲပေါ့ မိုးစပါးက။ ဒါပေမဲ့ နွေစပါးက အမြတ်ပိုရတယ်။”

ကယားပြည်နယ်မှာ နွေစပါးစိုက် ဧက ၆၀၀၀ နီးပါးရှိနေတာဖြစ်ပြီး ဒီနှစ်မှာ ဧက ၁၁၀၀ လောက်သာ ဆည်ရေရရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နွေစပါးစိုက်ဧက ငါးပုံတစ်ပုံလောက်သာ ဆည်ရေရမှာဖြစ်ပါတယ်။

နွေစပါးစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရတာကို ကယားပြည်နယ် အစိုးရအဖွဲ့က ကူညီဖြေရှင်ပေးဖို့ ရှိ၊ မရှိမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကယားပြည်နယ်မှာ အကြီးဆုံးရေလှောင်တမံဖြစ်တဲ့ ငွေတောင်ဆည်ဟာဆိုရင် နှစ်စဉ်ရေပြည့်အမှတ်ကို ရောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေပြည့်အမှတ်အောက် ရှစ်ပေလျော့နည်းသွားတာ ဖြစ်ပါတယ်။

ဒါကြောင့် ငွေတောင်ဆည်ကနေ နွေစပါးအတွက် ဒီးမောဆိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၂)ရွာ၊ ကွင်း (၃) ကွင်း အတွက်ကိုသာ ရေပေးနိုင်မှာဖြစ်ပါတယ်။

မိုးဗြဲဆည်ကနေ ရှမ်းပြည်နယ် ဖယ်ခုံမြို့က ကျေးရွာပေါင်း (၁၁)ရွာ၊ ကွင်း (၄)ကွင်းအတွက် ဧက ၄၀၀ နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးရွာ(၅)ရွာ၊ ကွင်း(၄)ကွင်းအတွက် ဧက ၄၀၀ စုစုပေါင်း ဧက ၈၀၀ ကို ရေပေးဝေဖို့ လျာထားတယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kayah-summer-paddy-acre-reduce-12142020015322.html

ကယားဒေသ နွေစပါးစိုက်ဧက ငါးပုံတစ်ပုံသာ ဒီနှစ်စိုက်ပျိုးနိုင်မည်  ကယားဒေသ နွေစပါးစိုက်ဧက ငါးပုံတစ်ပုံသာ ဒီနှစ်စိုက်ပျိုးနိုင်မည် Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.