ကိုဗစ် - အသက်ရှူစက်ပေါက်ကွဲလို့ တူရကီမှာ ကိုဗစ်လူနာ ကိုးဦးသေဆုံး

ပေါက်ကွဲမှုကနေ ဖြစ်ခဲ့တဲ့ မီးလောင်မှုကိုတော့ မြန်မြန်ဆန်ဆန် ငြှိမ်းသတ်ခဲ့တယ်လို့ ပြော

တူရကီနိုင်ငံက ပုဂ္ဂလိက ဆေးရုံတစ်ရုံက ကိုဗစ်လူနာကုသဌာနမှာ အောက်ဆီဂျင် အသက်ရှူစက် ပေါက်ကွဲလို့ လူနာ ကိုးဦးသေဆုံးခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုဟာ နိုင်ငံတောင်ပိုင်းက ဆေးရုံတစ်ရုံမှာ ဖြစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဂါဇင်တပ်က ဆန်ကို တက္ကသိုလ် ပုဂ္ဂလိက ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ဒေသအစိုးရက ပြောပါတယ်။

တူရကီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်သန်းလောက် ရှိပြီဖြစ်ပြီး သေဆုံးသူက ၁၇,၆၁၀ ရှိပြီ ဖြစ်တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စနေနေ့ မနက် အစောပိုင်းမှာ အဲဒီပေါက်ကွဲမှုကနေတဆင့် မီးလောင်မှု ဖြစ်ခဲ့ရာမှာ မီးလောင်မှုကို မြန်မြန်ဆန်ဆန်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့်တော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ထိခိုက်သေဆုံးသူတွေဟာ အသက် ၅၆ နှစ်ကနေ ၈၅ နှစ်ကြား ရှိတယ်လို့ ဆေးရုံက ထုတ်ပြန်ချက် ထုတ်ပါတယ်။

ဒီပေါက်ကွဲဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အဲဒီဌာနက လူနာတချို့ကို အနီးအနားက ဆေးရုံကို လွှဲပြောင်းပြီး ကုသပေးနေတယ်လို့ ဒေသအစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရိုမေးနီးယားနိုင်ငံက ဆေးရုံတစ်ရုံမှာ မီးလောင်မှု ဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ လူနာ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ သတင်းတွေအရ ဆေးရုံသုံးစက်တချို့ မီးစွဲလောင်ရာက အနီးအနားက အောက်ဆီဂျင်ဘူးကို မီးကူးလောင်စေခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလမှာ ရုရှားနိုင်ငံက ကိုဗစ်လူနာတွေကုသတဲ့ ယာယီဆေးရုံတစ်ရုံမှာ အောက်ဆီဂျင် ပေးစက်ကနေ မီးလောင်မှု ဖြစ်ခဲ့လို့ လူနာ ၁၅၀ ကို ကယ်ထုတ်ခဲ့ရတယ်လို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55377256

ကိုဗစ် - အသက်ရှူစက်ပေါက်ကွဲလို့ တူရကီမှာ ကိုဗစ်လူနာ ကိုးဦးသေဆုံး  ကိုဗစ် - အသက်ရှူစက်ပေါက်ကွဲလို့ တူရကီမှာ ကိုဗစ်လူနာ ကိုးဦးသေဆုံး Reviewed by THITHTOOLWIN on 08:44 Rating: 5

No comments:

Powered by Blogger.