ကိုဗစ် ကာကွယ်ဆေးတွေ လူတိုင်းနဲ့ တည့်ပါ့မလား

ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ခဲ့တဲ့ ကာလအတွင်း ဓါတ်မတဲ့ တုံ့ပြန်မှုမျိုး လူတစ်ထောင်မှာ တယောက်ဖြစ်တတ်တယ် ဆိုတာ မှတ်တမ်းတင်ထားခဲ့

ယူကေနိုင်ငံမှာ ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီတို့က အောက်စဖို့ တက္ကသိုလ်က ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့နဲ့ ပူးပေါင်း ဖော်စပ်ထားတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လက်တွေ့ စတင်ထိုးပေးနေရာမှာ ဓာတ်မတဲ့သော တုံ့ပြန်မှု သိသိသာသာ ဖြစ်ဖူးသူတွေအနေနဲ့ အထိုးမခံသင့်သေးဘူးလို့ ယူကေ ဆေးဝါးစိစစ်ရေး က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ယူကေမှာ အဲ့ဒီ ကာကွယ်ဆေး အထိုးခံခဲ့တဲ့ နိုင်ငံတော် ကျန်းမာရေးစနစ်မှာ လုပ်ကိုင်သူ ဝန်ထမ်းနှစ်ဦး ဆေးထိုးအပြီးမှာ ဓာတ်မတဲ့သော တုံ့ပြန်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူကေအတည်ပြု ကိုရိုနာကာကွယ်ဆေး ဘယ်လောက်စိတ်ချရလဲ

ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ခဲ့တဲ့ ကာလအတွင်းမှာ အခုလို ဓာတ်မတဲ့ တုံ့ပြန်မှုမျိုး လူတစ်ထောင်မှာ တစ်ယောက်ဖြစ်တတ်တယ် ဆိုတဲ့ အချက်က မှတ်တမ်းတင်ထားပြီးသား ဖြစ်ပါတယ်။

အဲ့ဒီဝန်ထမ်းနှစ်ဦးဟာ ဆေးထိုးအပြီး သိပ်မကြာခင်မှာဘဲ ဓာတ်မတဲ့သော တုံ့ပြန်မှုတွေ ကြုံခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ သက်သာသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဝန်ထမ်းနှစ်ဦးဟာ ယခင်ကတည်းက ဓာတ်မတဲ့သော တုံ့ပြန်မှု ပြင်းပြင်းထန်ထန် ဖြစ်တတ်တဲ့အတွက် ဖြစ်လာရင် သက်သာစေမယ့် အဒရီနယ်လင်း ဟော်မုန်းထိုးဖို့ ထိုးသွင်းဆေးရည် ဆောင်ထားရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ ကိုဗစ်ကာကွယ်ဆေးထိုးအပြီးမှာ အရေပြား အနီပြင်တွေ ထတာ၊ အသက်ရှုရခက်တာနဲ့ သွေးအားကျသွားတာတွေ ကြုံရတတ်တဲ့ anaphylactoid လို့ခေါ်တဲ့ ဓာတ်မတဲ့သော တုံ့ပြန်မှု အမျိုးအစားကို ကြုံခဲ့ရ ရာမှာ အသက် သေစေတဲ့အထိ ဖြစ်နိုင်တဲ့ anaphylaxis ဓာတ်မတဲ့ တုံ့ပြန်မှုတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီ ဓာတ်မတဲ့သော တုံ့ပြန်မှုကို အဒရီနယ်လင်း ဟော်မုန်း ဒါမဟုတ် ဟော်မုန်းဆေး အမျိုးအစားပဲ ဖြစ်တဲ့ စတယ်ရွိုက် ဆေးထိုးပေးခြင်းအားဖြင့် သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်အပြီးမှာ ဆေးမထိုးဖို့ ကန့်သတ်ချက်ကို လိုက်နာရဖို့ အကျုံးဝင်သူတွေကတော့ ဆေးတစ်မျိုးမျိုး၊ အစားအစာတစ်မျိုးမျိုး ဒါမှမဟုတ် ကာကွယ်ဆေးတစ်မျိုးမျိုးနဲ့ ဓာတ်မတဲ့တာမျိုး ဖြစ်ဖူးတဲ့သူတွေ ဖြစ်တယ်လို့ ယူကေနိုင်ငံ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ ကြပ်မတ်ရေးအဖွဲ့ MHRA က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကေနိုင်ငံက ဆေးပညာရှင်တွေက ဘယ်လို မှတ်ချက်ပေးကြသလဲ

ယူကေနိုင်ငံ အင်္ဂလန်နယ်ဆိုင်ရာ ဆေးပညာ ဒါရိုက်တာဖြစ်သူ ပါမောက္ခ စတီဖင် ပေါင်းဝစ်စ် က အခုလို ကိုဗစ်ကာကွယ်ဆေးထိုးအပြီး ဓာတ်မတဲ့ ပြဿနာ ကြုံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ဦးစလုံး ကောင်းကောင်း ပြန်သက်သာလာပြီလို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ဓာတ်မတဲ့တာမျိုးဟာ အသစ်ထွက်လာတဲ့ ကာကွယ်ဆေးတွေ ထိုးကာစ အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိပြီး ဓာတ်မတဲ့သော တုံ့ပြန်မှု ဖြစ်ဖူးသူတွေ ဒီကာကွယ်ဆေးကြောင့် တစ်ခုခုဖြစ်မှာကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ မထိုးကြဖို့ တားမြစ်ချက် ထုတ်ရတာလို့ ဆိုပါတယ်။

MHRA အဖွဲ့ရဲ့ အကြီးအကဲ ဂျူရိန်းကလည်း အခုလို တကယ်တမ်းကြုံလာရတဲ့အတွက် ကြိုတင် တားမြစ်လိုက်တာက မှန်သွားပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ကာကွယ်ဆေးကြောင့် ဓာတ်မတဲ့ တုံ့ပြန်မှုမျိုးဟာ ဖြစ်နေကျလို့တော့ ပြောလို့မရပေမဲ့ ယူကေနိုင်ငံမှာ လက်ရှိနှစ်စဉ် ထိုးပေးလေ့ရှိတဲ့ အဖျားပိုး ကာကွယ်ဆေးဆိုရင် အလားတူ ဓာတ်မတဲ့ တုံ့ပြန်မှု ဖြစ်တတ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

လန်ဒန် အင်ပီရီယယ် ကော်လိပ် က ကိုယ်ခံအားဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ပီတာ အိုးပန်းရှောကတော့ အခုလို ဓာတ်မတဲ့ တုံ့ပြန်မှု လူနှစ်ယောက်မှာ ဖြစ်သွားကြောင်း စောစော သိရတာက အမြတ်ဖြစ်ပြီး ဒါကို MHRA က ကြိုတင် ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ တားမြစ်ချက် ထုတ်ပြန်နိုင်တယ် ဆိုတာက ယူကေရဲ့ ကိုဗစ်ကာကွယ်ဆေး စိတ်ချရမှု စောင့်ကြည့်ရေးစနစ်က အလုပ်ဖြစ်ကြောင်း ပြနေတယ်လို့ ဆိုပါတယ်။

ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးထိုးအပြီး ကိုယ်ခံအားကောင်းလာဖို့အတွက်ဆိုရင် ဆေးနှစ်ခါထိုးဖို့ လိုအပ်မှာဖြစ်ပြီး စုစုပေါင်း ၂၈ ရက်စောင့်ရမယ်

ကိုဗစ်ကာကွယ်ဆေးတွေက သက်ကြီးရွယ်အိုတွေမှာ ထိရောက်ရဲ့လား

နာမည်ကျော် ဂုဏ်သိက္ခာရှိ လန်းဆက် ဆေးပညာဂျာနယ်က ယူကေနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး လက်တွေ့ စထိုးပေးတဲ့နေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့တဲ့ ကာကွယ်ဆေး အချက်အလက်တွေအရ အက်စရာဇနက်ကာ ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးက အသက် ၅၅ နှစ်အထက်တွေမှာ ထိရောက်မှု ရှိဖို့ မသေချာတဲ့ အနေအထားရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီ အက်စရာဇနက်ကာ ကုမ္ပဏီနဲ့ ကိုဗစ်ကာကွယ်ဆေး ပူးပေါင်းဖော်စပ်ခဲ့တဲ့ အောက်စဖို့တက္ကသိုလ်က ပါမောက္ခ ဆာရာ ဂီးလ်ဘတ် ကတော့ သူတို့ရဲ့ ကာကွယ်ဆေး စမ်းသပ်ထိုးပေးမှုတွေမှာ ၅၅ နှစ် အထက်တွေက နောက်ပိုင်းကျမှ ဆန္ဒအလျောက် ပါဝင် အစမ်းသပ်ခံမှု ရှိခဲ့တဲ့အတွက် နောက်ထပ် ထပ်ထွက်လာတဲ့ အချက်အလက် ထုတ်ပြန်မှုတွေမှာဆိုရင် ဒီအသက်အရွယ်ပိုင်းမှာလည်း ဒီကာကွယ်ဆေးက ထိရောက်တာကို တွေ့ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစောပိုင်း စမ်းသပ်မှုအဆင့်အတွင်း ပါဝင်တဲ့ အသက်ငယ်သူတွေနဲ့ အသက် ၇၀ ကျော်သူတွေရဲ့ ဒီကာကွယ်ဆေးအပေါ် ကိုယ်ခံအား တုံ့ပြန်မှုက ခြားနားမှု မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။

ယူကေနိုင်ငံရဲ့ ဆေးဝါးကြီးကြပ်ရေး MHRA ဟာ ဖိုင်ဇာရဲ့ ကိုဗစ်ကာကွယ်ဆေးကို လက်တွေ့ထိုးဖို့ အတည်ပြုပေးအပြီးမှာ ဒီ အက်စရာဇနက်ကာရဲ့ ကိုဗစ်ကာကွယ်ဆေးကို ဆက်လက် အတည်ပြုပေးဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဝယ်ယူသိုလှောင်နေကြ

အဲဒီ အက်စရာဇနက်ကာ ကိုဗစ်ကာကွယ်ဆေးဆိုရင် ဖိုင်ဇာ ကာကွယ်ဆေးလို အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ် အအေးချိန် ထိန်းထားပြီး သိုလှောင် ပို့ဆောင်စရာ မလိုတဲ့အတွက် ပိုပြီး လွယ်လွယ်ကူကူ ဖြန့်ချိထိုးပေးနိုင်မှာ ဖြစ်ကာ လောလောဆယ် ယူကေပြည်တွင်းမှာ ဆေးအကြိမ် ငါးသန်းကျော် ထိုးလို့ရတဲ့ ပမာဏအထိ ထုတ်လုပ်ထားပြီးသားလို့ ဆိုပါတယ်။

လက်ရှိ ယူကေမှာ လက်တွေ့ ထိုးပေးနေပြီဖြစ်တဲ့ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး ထိုးထားလို့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရတဲ့အထိ ကိုယ်ခံအားကောင်းအောင် ဆိုရင် လူတစ်ယောက်အတွက် အချိန်တစ်လ ကြာမြင့်မယ်လို့ ဆိုပါတယ်။

ဒီလို ကိုယ်ခံအားကောင်းလာဖို့အတွက်ဆိုရင် ဆေးနှစ်ခါထိုးဖို့ လိုအပ်မှာဖြစ်ပြီး ပထမတစ်ကြိမ်ထိုးအပြီး ၁၂ ရက်ကြာမှ ကိုဗစ်-၁၉ တွန်းလှန်နိုင်စွမ်း စရှိလာရာမှာ ပထမအကြိမ် ထိုးတဲ့နေ့ကနေ ၂၁ ရက်မြောက်နေ့မှာ ဒုတိယအကြိမ် ထပ်ထိုးခြင်းအားဖြင့် ၂၈ ရက်မြောက် အရောက်မှာကျမှ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကို အပြည့်အဝ တွန်းလှန်နိုင်စွမ်းရမယ်လို့ ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55290702

ကိုဗစ် ကာကွယ်ဆေးတွေ လူတိုင်းနဲ့ တည့်ပါ့မလား ကိုဗစ် ကာကွယ်ဆေးတွေ လူတိုင်းနဲ့ တည့်ပါ့မလား Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.