၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ

၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ချီးမြှင့်ခံရသူ ဒေါ်နော်အုန်းလှ။ (မေ ၁၅၊ ၂၀၁၅)

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းတခုက နိုင်ငံသားအခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှု ဆုပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ တစ်ဦးလည်းဖြစ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်ရေးလှုပ်ရှားသူများအဖွဲ့က ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ တိုင်းရင်းသားတွေ အခွင့်အရေးနဲ့ ခွဲခြားဖိနှိပ်မှုတွေကို ဆန့်ကျင်လှုပ်ရှားခဲ့သူအဖြစ် ဆုပေးအပ်ခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆုချီးမြှင့်ခံရတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် တွန်းအားဖြစ်စေတယ်လို့လည်း ဒေါ်နော်အုံးလှက ပြောပါတယ်။

“ကျမတို့ လုပ်ခဲ့တဲ့အပေါ်မှာ ကျမတို့ချည်းပဲ မဟုတ်ဘဲ ကျမတို့ကို ကမ္ဘာက အသိမှတ်ပြုတယ်ပေ့ါနော်။ ပြီးတော့ ကမ္ဘာက ကျမတို့နဲ့ အတူရပ်တည်ပေးတယ်။ ဝန်းရံပေးတဲ့အတွက် ကျမတို့ ပိုပြီး အားရှိလာတယ်ပေါ့နော်။ ပြည်သူတွေကိုယ်တိုင် လူ့အခွင့်အရေးတွေ ဥပဒေတွေကို ထောက်ပြဝေဖန်နိုင်တဲ့ ပြည်သူတွေဖြစ်အောင်ကြိုးစားရမယ်လို ကျမတို့မြင်တယ်။”

ဒီဆုကိုတော့ အရင်က ဘယ်လာရုစ်၊ တူရကီနိုင်ငံနဲ့ ဆူဒန်တောင်ပိုင်းက လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေကို ပေးအပ်ခဲ့ဖူးပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေတာကိုလည်း တက်ကြွလှုပ်ရှားသူတွေ ထောက်ပြနေကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းတဲ့ လုပ်ရပ်တွေ ရှိနေပေမဲ့ အားနည်းချက်တွေ အများအပြား ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပိုပြီးတွေ့ရလေ့ ရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တချို့သော ပြည်တွင်း ဥပဒေတွေ ပေါ်ပေါက်လာသလို နိုင်ငံတကာ စာချုပ်တွေမှာ လက်မှတ်ထိုးလာတာ ဘယ်လိုပဲဖြစ်ဖြစ် အသိအမှတ်ပြုရမယ့်ဟာပါ။ နောက်တခါ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ အတိုက်အခိုက်ရှိနေသည့်တိုင်အောင် သင်ရိုးညွှန်းတန်းတွေ ရေးဆွဲတာ တက္ကသိုလ်တွေမှာ သင်ကြားမှုတွေရှိပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အားမလိုအားမရ ဖြစ်တဲ့ကိစ္စတွေ ရှိပါတယ်။ လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီက အမြဲဆက်စပ်နေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တန်းတူညီမျှမှု မရှိတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေဖြစ်တယ်။ ငြိမ်းချမ်းမှု မရဘူး။ အဲ့ဒီရဲ့ နောက်ဆက်တွဲကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေဆိုတာ လက်နက်ကိုင် စစ်ပွဲကာလအတွင်းမှာ ဘယ်သူပဲ ကျူးလွန်ကျူးလွန် လူ့အခွင့်ရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူပဲဖြစ်ဖြစ် ခံရတာကတော့ အရပ်သားတွေပဲဖြစ်တယ်။”

သမ္မတ ဦးဝင်းမြင့်ကတော့ လူ့အခွင့်အရေးကို အလေးမထားတာဟာ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုတာသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး အသိပညာတွေကို လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ဖို့ အရေးကြီးတယ်လို့လည်း ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပြောကြားထားပါတယ်။


ထက်အောင်ခန့်/VOA (Burmese)

https://burmese.voanews.com/a/civilrightdefenders-human-right-naw-ohn-hla/5694241.html

၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ ၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.