ကိုဗစ် ဒုတိယလှိုင်း မြန်မာစီးပွားရေးကို သိသိသာသာထိခိုက်

ရန်ကုန်မြို့ထဲ နှာခေါင်းစည်းတပ် သွားလာနေသူတချို့။ (ဇွန် ၁၀၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် မြန်မာ့စီးပွားရေးဟာ သိသိသာသာ ကျဆင်းသွားတာကြောင့် ပြန်လည်နာလန်ထူအောင် ပြင်ဆင်ဖို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP တန်ဖိုး ၆.၈ ရှိရာကနေ အခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ၁.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံစီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာသစ် ထုတ်ပြန်ရာမှာ ကမ္ဘာ့ဘဏ်က ပြောဆိုလိုက်ပါတယ်။

ကပ်ရောဂါကြောင့် အဓိကထိခိုက်ခဲ့တဲ့အထဲမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပါဝင်ခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ ထိခိုက်မှုတွေက ပြန်လည်နာလန်ထူလာနိုင်အောင် အမြန်ဆုံး ပြင်ဆင်ဖို့လည်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mariam Sherman က မြန်မာအစိုးရ အရာရှိတွေ၊ စီးပွားရေး ပညာရှင်တွေနဲ့ အွန်လိုင်းတွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

“ မြန်မာနိုင်ငံဟာ စီးပွားရေးပြန်လည် ဦးမော့ဖို့နဲ့ ဆင်းရဲမှုလျှော့ချဖို့ ကိုဗစ် ကပ်ရောဂါ တုံ့ပြန်ရေး အစီအစဉ်တွေ ချဖို့လိုပါတယ်။ ရေတိုအနေနဲ့ကတော့ အစိုးရက ရောဂါပြန့်ပွားနှုန်း နှေးကွေးအောင်လုပ်တဲ့ အစီအစဉ်တွေကို အာရုံစိုက်ဖို့၊ နွမ်းပါးသူတွေအတွက် ကူညီကယ်ဆယ်ရေး အစီအစဉ်တွေနဲ့ အစားအသောက်ထောက်ပံ့ဖို့၊ စီးပွားရေး ကိစ္စရပ်တွေမှာ အထောက်အပံ့ပေးဖို့ လုပ်သင့်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ အခြေခံအဆောက်အအုံတွေ ပြီးတော့ ဒစ်ဂျစ်တယ်နည်းပညာ ဒါတွေမှာ ရင်းနှီးမြှုပ်နှံမှုက ပြည်တွင်း ဝယ်လိုအားနဲ့ အလုပ်အကိုင်ရရှိမှု တိုးလာနိုင်သလို နိုင်ငံ့စီးပွားရေးကိုလည်း တွန်းအားဖြစ်စေမှာပါ။”

မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၁၈-၂၀၁၉ မှာ ၂၂.၄ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ အခုနှစ်မှာ ၂၇ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပြီး အစောဆုံး ၂၀၂၁- ၂၀၂၂ ကျမှသာ ပုံမှန်အခြေအနေ ပြန်ရောက်နိုင်မယ်လို့လည်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ကပ်ရောဂါဖြစ်ပွားတွေ တိုးလာချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပေးထားတဲ့ ဘဏ္ဍာငွေတွေထဲက တစိတ်တပိုင်းကို ပြန်လည်စုဆောင်းပြီး လယ်ယာ၊ ဟိုတယ်နဲ့ခရီးသွား၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဒါတွေကို ထောက်ပံ့ပေးရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ နွမ်းပါးတဲ့ မိသားစုတွေအတွက် အခြေခံစာသောက်ကုန်နဲ့ ငွေကြေးထောက်ပံ့တာ၊လျှပ်စစ်မီတာခတွေ လျှော့ချပေးတာ ဒီနေရာတွေမှာလည်း ဒီငွေတွေကို နိုင်ငံတကာချေးငွေတွေနဲ့ ပေါင်းပြီး သုံးစွဲခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

“တကယ့်တကယ် ကျနော်တို့က ဘက်ဂျက်က ရေးဆွဲထားပြီးသား ဖြစ်နေပြီ၊ allocation တွေပေါ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကို allocation တွေ ချထားပြီးသား ဖြစ်နေပြီ။ အဲဒီလို ချထားပြီးသား allocation တွေထဲကနေပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကို အရေးကြီးတဲ့ လုပ်ငန်းတွေမှအပ လောလောဆယ် ချက်ချင်း ဆောင်ရွက်ရန်မလိုတဲ့ ကိစ္စရပ်တွေ ဒါတွေကို လျှော့ပေးပါ၊ ဆိုပြီးတော့ ကျနော်တို့ သူတို့ကို ခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ အသုံးစရိတ်ထဲကနေ around 10 percent (၁၀ ရာခိုင်နှုန်း) လောက် ဒါလေးကို ပြန်အပ်ပါဆိုပြီး ကျနော်တို့ စုစည်းခဲ့တာ ရှိတယ်။”

မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးတိုးတက်နှုန်းကို နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF က ၁ ရာခိုင်နှုန်းခန့်မှန်းထားပြီး အာရှဖွံ့ဖြိုးရေးဘဏ် ADB ကတော့ ၁.၈ ရာခိုင်နှုန်းခန့်မှန်းထားပါတယ်။ စီမံဘဏ္ဍာ စက်မှုဝန်ကြီးဌာနကတော့ ၂၀၁၉- ၂၀၂၀ မြန်မာနိုင်ငံရဲ့ GDP တိုးတက်နှုန်းက ၃.၂ ရာခိုင်နှုန်းခန့်မှန်း ကြောင်း ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ အစိုးရအနေနဲ့ စီးပွားရေးပြန်ဦးမော့အောင် မြန်မြန်လုပ်ဆောင်သင့်ပြီး ရောဂါကာကွယ်ဖို့ ကန့်သတ်ထားတဲ့ တချို့ကိစ္စတွေ၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်စေတဲ့ကိစ္စတွေ၊ ဝန်ဆောင်မှုပေးတဲ့ အစိုးရဌာနတွေရဲ့ ကြန့်ကြာတဲ့ကိစ္စတွေ ဖြေလျှော့ပေးဖို့ လိုအပ်သလို၊ ရောဂါကာကွယ်ရေးနဲ့ စီးပွားရေး ပြန်လည်ဦးမော့စေရေး တပြိုင်တည်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-economy/5701603.html

ကိုဗစ် ဒုတိယလှိုင်း မြန်မာစီးပွားရေးကို သိသိသာသာထိခိုက် ကိုဗစ် ဒုတိယလှိုင်း မြန်မာစီးပွားရေးကို သိသိသာသာထိခိုက် Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.