ရန်ကုန်ရဲ့ ကပ်ဘေးထိန်းချုပ်မှု အားနည်းတယ်လို့ ဝေဖန်ခံနေရ


ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေထိုင်ရေး (Stay at home) အစီအစဉ်ကို ၁၅ ရက်တစ်ကြိမ် ထပ်တိုးသတ်မှတ်နေပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက လူစုလူဝေးဖြစ်ပေါ်နေတာတွေ အားနည်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။

ရန်ကုန်တိုင်းက မြို့နယ် ၄၄ မြို့နယ်ကို (Stay at home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က စတင်ကြေညာပြီးနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ၁၅ ရက် တစ် ကြိမ်အမိန့်နဲ့ ကြေညာချက်တွေကို သက်တမ်းတိုးလာတာ အခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

အိမ်မှာနေထိုင်ရေး အစီအစဉ်တွေ ထုတ်ပြန်ထားပေမယ့် လူတိုင်းနီးပါးဟာ အိမ်မှာမနေကြတော့ဘဲ ရန်ကုန်တိုင်းအတွင်း ခရီးတိုလေးတွေ သွားရောက်တာ၊ ပန်းခြံတွေ၊ ကစားကွင်းတွေအတွင်း သွားရောက်သူများပြားနေတဲ့အတွက် လူစုလူဝေးတွေဖြစ်နေတာကို ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်နိုင်မှု အားနည်းလာတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။

“ကိုဗစ်ကို ကိုင်တွယ်တာ အဲလို တို့နှံ့၊ တို့နှံ့ လုပ်လို့မရဘူး၊ မည်ကာမတ္တ လုပ်လို့မရဘူး၊ လူတွေကို ကွပ်ကဲပေးဖို့ ခဏခဏပြောတယ်။ လူတွေရဲ့ နေပုံထိုင်ပုံ ကွပ်ကဲပေးရမယ် စီစဉ်ပေးရမယ်။ အဲဒါတွေ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရတွေရော ကျန်တဲ့အဖွဲ့အစည်းတွေအကုန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာရော နည်းနည်းလျော့ရဲမှုရှိတယ်လို့ ယူဆတယ်၊ အဲဒီဟာအတွက် သေသေချာချာ ပြန်စီစဉ်သင့်တယ်လို့ အကြံပေးပါတယ်”

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦး ပြောသွားတာပါ။

လူတွေအိမ်မှာမနေဘဲ အပြင်ထွက်သွားလာနေတာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ လ အလိုလောက်ကတည်းက ဖြစ်ပါတယ်။

ဒေသန္တရ အာဏာပိုင်တွေဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီတွေ အောင်နိုင်ရေးအတွက် လူစုလူဝေးတွေကို မထိန်းချုပ်နိုင်ခဲ့ရာကနေ နောက်ဆက်တွဲအဖြစ် အခုချိန်ထိ မထိန်းချုပ်နိုင်ဖြစ်နေတာလို့ ထောက်ပြဝေဖန်ကြပါတယ်။

အိမ်မှာပဲနေကြတဲ့လူတွေကို အကြောက်တရားလျှော့ပြီး လမ်းပေါ်ထွက်လာအောင် အစိုးရကပဲ နှိုးဆော်ခဲ့တာလို့ လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ဝေဖန်လိုက်ပါတယ်။

“ပြည်သူတွေက ဒုတိယလှိုင်းအစမှာရော၊ ပထမလှိုင်းမှာရော တကယ်ကို ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ လလောက်မှာ နိုင်ငံတော် အတိုင်ပင်ခံက လူတွေကို မဲထွက်ပေးဖို့ ကိုဗစ်ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ ပုံစံမျိုး ပြောခဲ့တာရှိတယ်။ အဲဒါကစပြီး လူတွေကို အကြောက်တရားတွေလျော့အောင် နိုင်ငံတော်က စလုပ်ခဲ့တာ။ လူစုလူဝေးနဲ့ မဲဆွယ်တာတွေ လုပ်ခဲ့တယ်၊ တချို့နေရာတွေမှာ ရွေးကောက်ပွဲပြီးတော လူစုလူဝေးနဲ့ အောင်ပွဲခံတာတွေ၊ တစ်ပတ် ၁၀ ရက်လုပ်ခဲ့တယ်။ အဲဒီမှာ အစိုးရက ဘာမှထိန်းချုပ်တာ မရှိဘူး။ အစိုးရက လူတွေကို လုပ်ခွင့်ပေးလိုက်တယ်။ လူတွေကို အကြောက်တရားလျော့သွားအောင် လုပ်ပေးတယ်၊ လူတွေလုပ်နေတာကို မတားခဲ့ဘူး”

ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်ပြန်ထားတဲ့ လူ ၃၀ ဦးထက် ပိုပြီးမစုဝေးရဆိုတဲ့အချက်ကို ရွေးကောက်ပွဲ မတိုင်ခင်က အောက်တိုဘာလက မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ဦးထက် မပိုရလို့ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ လူ ၃၀ ဦးထက် ပိုမိုမစုဝေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ပြန်ကြေညာထားပါတယ်။

ကာလကြာရှည်စွာ အိမ်တွင်းနေထိုင်ရေးအစီအစဉ်တွေနဲ့ မွန်းကြပ်မှုတွေဖြစ်နေတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး ကြပ်တည်းမှုပြဿနာတွေလည်းဖြစ်နေလို့ အခုလိုအချိန်မှာ ပြန်လည်ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

လူတွေကို အိမ်တွင်းနေထိုင်ရေး တင်းကျပ်ဖို့အတွက် ဥပဒေအတိုင်းဆောင်ရွက်ရမယ်ဆိုရင် ဒေသ ဆိုင်ရာ အာဏာပိုင်တွေမှာ လူအင်အား အလုံအလောက်မရှိတဲ့ ပြသနာရှိနေတယ်လို့ အထွေထွေ ရောဂါကု ဒေါက်တာ ဥက္ကာကြည်ဝင်းက ထောက်ပြပါတယ်။

“ရောဂါကူးးစက်မှု များလာတယ် လူတွေကလည်း အပြင်မှာ တော်တော်တွေ့လာရတယ်။ စည်းကမ်းလိုက်နာမှု အားနည်းသွားတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေလည်း တတ်နိုင်သလောက် ထိန်းချုပ်မယ်လို့ထင်တယ်။သို့သော် ရှိတဲ့အင်အားနဲ့ ထိန်းချုပ်နိုင်တဲ့ လူဦးရေ ပမာဏ မကိုက်ညီဘူးလို့ ထင်တယ်။ လူတွေရဲ့ ကာလရှည်ကြာ မွန်းကြပ်မှုပေါ့၊ ဒုတိယလှိုင်းအစမှာကတည်းက အိမ်မှာပဲနေကြတော့ အခုသူတို့က အကြောက်တရားကို လွတ်လပ်ချင်တဲ့စိတ်ကကျော်ပြီး အပြင်ထွက်ကြတာပေါ့”

ပြည်သူတွေကို အသွားအလာ ပြန်လည်တင်းကျပ်ဖို့ဆိုရင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့တင်မရဘဲ စေတနာ့ဝန်ထမ်း လူငယ်တွေလိုအပ်ပြီး လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ တင်းကျပ်မှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့ ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုပါတယ်။

“ကာကွယ်ဆေးအတွက် စောင့်ရဦးမှာဆိုတော့ ကိုယ့်မြို့နယ်ရပ်ကွက်မှာ ကိုဗစ် လုပ်ငန်းနဲ့ပတ်သက်ပြီး အားကောင်းမောင်းသန် ဗော်လံဒီယာ အသစ်တွေ ရှာပြီးတော့ မြို့နယ်တစ်ခုလုံး မဟုတ်ဘဲ ကိုယ့်ရပ်ကွက်နဲ့ကိုယ် တကယ်ကို စည်းစည်းနှောင်နှောင်လုပ်ပြီး ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေးကို ဆောင်ရွက်ပြီး မလိုက်နာရင် ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်”

ပြည်သူတွေရဲ့ မွန်းကြပ်နေမှုနဲ့ ထွက်ပေါက်ရှာနေကြတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ မလွယ်ကူဘူးလို့ လှိုင်သာယာ အနောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“လူစုလူဝေးကို ထိန်းချုပ်တာမဟုတ်ဘူးပေါ့၊ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ဆိုပြီး စာအုပ်ကြီးအတိုင်းတော့ လုပ်လို့မရဘူးပေါ့ဗျာ၊ လူသားတွေဖြစ်ကြတယ်၊ ဘဝအမောတွေရှိကြတယ် အဲဒါတွေပြေလည်ဖို့ ပူးပေါင်းပါဝင်ကြဖို့ ဒါတွေနဲ့ပဲ သွားကြတာပါ”

လက်ရှိမှာ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးသတ်မှတ်ချက်တဲ့ ကိုက်ညီတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီး Stay at home အစီအစဉ်မှာ မပါဝင်တဲ့ မြို့နယ်တွေမှာ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပါတယ်။

အစိုးရရဲ့ ထိန်းချုပ်မှု လျှော့ရဲလာတာကြောင့် မလိုအပ်ဘဲ အပျော်သဘောနဲ့ အပြင်ထွက်တဲ့သူတွေပါ အများကြီးရှိလာနေတယ်လို့ ကိုဗစ်ဆိုင်ရာပရဟိတ ဆောင်ရွက်နေတဲ့ တူဂဲသား သန်လျင်အဖွဲ့က ကိုမင်းသွေးသစ်က ပြောပါတယ်။

“အစိုးရ ထိန်းချုပ်တာ တော်တော်လျှော့ရဲတယ်လို့မြင်တယ်၊ စားဝတ်နေရေးကြောင့် ထွက်ရတဲ့သူတွေတင် မဟုတ်ဘူး၊ အပျော်သဘောနဲ့ ထွက်တဲ့သူ တော်တော်လေးများတယ်။ အခုကပ်ရောဂါကာလမှာ အပျော်သဘောနဲ့ ထွက်ရမယ့် အချိန်မဟုတ်ဘူး။ နေ့တိုင်း သေဆုံးလူနာ ၂၀ ကျော်ရှိတယ်။ ပိုးတွေ့ကလည်း တစ်ထောင်ကျော်ရှိနေတာ အဲဒီအပေါ်မှာ အစိုးရ ကိုင်တွယ်တာ လျော့ရဲတယ်လို့ မြင်တယ်။ ဗော်လံဒီယာတွေ ကျနော်တို့ အလောင်းသွားသယ်ပေးနေရတယ်၊ ပေါ့စတစ်နဲ့ သေသွားတဲ့သူတွေ အသက် ၃၀ လည်းပါတယ်၊ အသက် ၅၀၊ ၆၀၊ ၇၀ လည်းပါတယ်”

ဒီဇင်ဘာ ၃၁ ရက်အထိ သက်တန်းထပ်မံတိုးမြှင့်လိုက်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေအရ လူ ၃၀ ဦးထက် ပိုမိုမစုဝေးဖို့၊ ည ၁၂ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဆင်ဖို့၊ တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာမှာနေဖို့ Stay at home ကြေညာထားတဲ့ မြို့နယ်တွေမှာ မလိုအပ်ဘဲအပြင်မထွက်ဖို့ ဈေးသွားရင် တစ်ဦးသာသွားဖို့ ကျန်းမာရေးအရသွားရင် နှစ်ဦးထက် မပိုဖို့ စတဲ့ အမိန့်တွေကတော့ ဆက်လက်တည်နေဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-ygn-12182020052115.html

ရန်ကုန်ရဲ့ ကပ်ဘေးထိန်းချုပ်မှု အားနည်းတယ်လို့ ဝေဖန်ခံနေရ  ရန်ကုန်ရဲ့ ကပ်ဘေးထိန်းချုပ်မှု အားနည်းတယ်လို့ ဝေဖန်ခံနေရ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.