မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိတဲ့ မဟာချိုင်မှာ ဗိုင်းရပ်စ်ပြန့်ပွားနေ


မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသိန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက် ညအထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၅၅၁ ယောက်ရှိပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်အထိ ရောဂါပိုးရှိသူ ၁၃ ဦးရှိပြီး အဲဒီအထဲမှာ မြန်မာအလုပ်သမား သုံးယောက် ပါဝင်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ညပိုင်း ထုတ်ပြန်တဲ့စာရင်းမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ ၅၄၈ ယောက်ထပ်တွေ့ပြီး အဲဒီထဲမှာ မြန်မာ ဘယ်နှစ်ယောက်ပါသလဲဆိုတာ မသိရသေးဘူးလို့ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ဦးအောင်ကျော်က ပြောပါတယ်။

"ညနေက ဦးပြောသွားတဲ့အထဲမှာ ၁၃ ယောက်ပဲရှိတယ်နော်။ အခုထိုင်းအစိုးရက တရားဝင်ကြေညာတာ လက်ရှိ ဆင့်ပွားဆင့်ပွား လူတွေကို လိုက်စစ်ဆေးလိုက်တာ အတည်ပြုကြေညာတာ ၅၄၈ ယောက်လို့ ပြောတယ်။ အဲဒီအထဲမှာ မြန်မာတွေပါတယ်ဆိုတာ သိတယ်။ မြန်မာ ဘယ်နှစ်ဦးလဲဆိုတာတော့ ဦးမသိသေးဘူး။ အသေးစိတ်၊ မြန်မာ ဘယ်နှစ်ဦး ထိုင်းဘယ်နှစ်ဦး ဆိုတာ မပြောသေးဘူး။ စမွတ်ဆာခွန် ခရိုင်မှာ ဖြစ်ပေါ်လာတဲ့ ဒုတိယလှိုင်းဟာ အင်မတန်စိုးရိမ်ရပြီ။"

မဟာချိုင်မှာက ဖြစ်ပေါ်နေတဲ့ ဒုတိယ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယလှိုင်းဟာ အလွန်စိုးရိမ်စရာ ဖြစ်နေပြီလို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ပုဇွန်ဈေးမှာ အသက် ၆၇ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးမှာ ကိုဗစ်ရောဂါပိုး စတွေ့ခဲ့ပါတယ်။ အဲဒီနောက် မြန်မာအလုပ်သမား သုံးဦးမှာလည်း ရောဂါပိုး ထပ်တွေ့ရှိခဲ့ပြီး သူတို့ လေးယောက်လုံးမှာ ခရီးသွားရာဇဝင်မရှိကြဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနောက် မဟာချိုင်က ပုဇွန်ဈေး မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် လူ သုံးထောင်ကျော် ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ကိုဗစ်ရောဂါပိုး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ အဲဒီ ပုဇွန်ဈေးနဲ့ ဆက်စပ်ထိတွေမှု အများဆုံးရှိတာဟာ မြန်မာ အလုပ်သမားတွေ ဖြစ်လို့ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတယ်လို့ မဟာချိုင်က စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုထွန်းဝင်းအောင် က ပြောပါတယ်။

"ကျနော်တို့က ကြောက်တာပေါ့။ ဒီနေ့တောင် အရေးမကြီးလို့ ဈေးတောင်မသွားဘူး။ ပုံမှန်ဆိုရင် ကျနော်တို့ မြန်မာပြည်သားအများစုက စနေနေ့၊ တနင်္ဂနွေနေ့ ညနေခင်းတွေမှာ ဈေးသွားကြတယ်။ မြန်မာပြည်သားတွေက နီးစပ်ရာဈေးတွေမှာ ဟိုဘက်ဈေးသွားလိုက်၊ ဒီဘက်ဈေးသွားလိုက်၊ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ သွားနေကြတာဆိုတော့ ထိတွေ့မှုတွေက အများကြီးရှိနိုင်တယ်ဗျ။ နောက်ပြီးတော့ ကျနော်တို့ ကျန်းမာရေးအတွက် လုံခြုံမှုတွေ ကလည်း တချို့က လိုက်နာမှုမရှိတဲ့အတွက် စိုးရိမ်မှုတော့ တော်တော်ရှိတယ်ဗျ။ ကျနော်တို့ အခုနေရာမှကျ မြန်မာပြည်သားတွေ အများကြီးနေတာဆိုတော့ ထိတွေ့မှုတွေက အများကြီးရှိတဲ့အတွက် တော်တော်လေးတော့ စိုးရိမ်စရာကောင်းတယ်။ အများအားဖြင့် ထိုင်းရောက်တဲ့ မြန်မာပြည်သားတွေက မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ရှာဖွေကျွေးမွေး နေတဲ့သူတွေ များပါတယ်။ မြန်မာပြည်မှာလည်း ရောဂါပိုး တွေက အခုသိရတဲ့အတိုင်းဆို တော်တော်လေး ကို ဖြစ်နေတော့ နိုင်ငံခြားရောက်သားသမီးတွေက အလုပ်အကျွေးပြုနေရတဲ့အချိန်မှာ အခုလို ရောဂါဖြစ်တော့ တချို့တွေက အလုပ်လုပ်တဲ့သူတွေဆိုရင် အလုပ်နားရတယ်။ ဒါ သူတို့မှာလည်း ထိခိုက်မှုအများကြီးရှိပါတယ်။"

မြန်မာနိုင်ငံသားတွေအနေနဲ့ လူစုလူဝေးမလုပ်ကြဖို့နဲ့ တချို့ ရွှေ့ပြောင်းအလုပ်သမားတွေ ရောဂါပိုး စစ်ဆေးမှုတွေ ခံယူကြဖို့လည်း သူက ပြောပါတယ်။

မဟာချိုင်က မြန်မာအလုပ်သမား သုံးသိန်းကျော်လောက်ဟာ စက်ရုံအလုပ်ရုံတွေနဲ့ ပင်လယ်စာ လုပ်ငန်းတွေ မှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ စမွန်ဆာခွန်ခရိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေရော ထိုင်းနိုင်ငံသား တွေပါ ခရီးသွားလာတာ မလုပ်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာလ ၁၈ ရက်နေ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အလုပ်သမားသံအရာရှိ ဦးသူရိန်လင်းနဲ့ ဦးဝေမင်းအိမ်တို့က မဟာချိုင်မြို့ ပုဇွန်ဈေး ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်း သုံးထောင်ကျော်ကို ကိုဗစ်ရောဂါပိုး အခမဲ့ စစ်ဆေးပေးနေတဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့ပြီး လူမှုမိတ်ဖက်အသင်းများ(Raks thai)အပါအဝင် နယ်မြေခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ ၃၄ ဦးရှိပါတယ်။ သူတို့မှာ ပြည်တွင်းကူးစက်သူ ၁၂ ဦးနဲ့ ပြည်ပကနေ ဝင်လာတဲ့ ကွာရန်တင်းဝင်နေသူ ၂၂ ဦး တို့ ဖြစ်ပါတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄ ထောင် ၃ ရာကျော် (၄၃၃၁) ဦး၊ ပြန်လည်ကောင်းမွန် လာသူ ၄ ထောင်ကျော် (၄၀၂၄ ) ဦးနဲ့ ဆေးကုသမှုခံယူသူ ၂၄၆ ဦးနဲ့ သေဆုံးသူ ၆၀ ဦးရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/coronavirus-in-thailand-12192020233623.html

မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိတဲ့ မဟာချိုင်မှာ ဗိုင်းရပ်စ်ပြန့်ပွားနေ  မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိတဲ့ မဟာချိုင်မှာ ဗိုင်းရပ်စ်ပြန့်ပွားနေ Reviewed by THITHTOOLWIN on 01:30 Rating: 5

No comments:

Powered by Blogger.