ပုသိမ်မှာ ကိုဗစ်လူနာ တိုးလာလို့ ယာယီဆေးရုံ စီစဉ်ထား


ပုသိမ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ တိုးလာတာကြောင့် လက်ရှိကုသပေးနေတဲ့ ဆေးရုံနှစ်ခုအပြင် ကုသဖို့ နေရာ တစ်ခု ထပ်ပြီးစီစဉ်နေရတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က ပြောပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ၃၃ ကုတင်နဲ့ တိုင်းရင်းဆေးရုံမှာ ၉၅ ကုတင်ပဲ ရှိတော့တာကြောင့် ပုသိမ်မြို့ထဲက ကိုးသိန်းမူလတန်းကျောင်းကို ယာယီဆေးရုံအဖြစ် အသုံးပြုရတော့မှာ ဖြစ်တယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

"၉၅ ကုတင် နဲ့ ၃၃ ကုတင်နဲ့ ပေါင်းလိုက်တော့ ၁၂၈ ကုတင် ရှိတာပေါ့၊ လောလောဆယ်အနေအထားက ၁၁၄ ကုတင် သုံးထားပြီး ဖြစ်ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ကုတင်နဲ့ တွက်လို့ရှိရင် သိပ်မကျန်တော့ဘူး ပေါ့။ သိပ်မကျန်တော့ဘူး ဆိုပေမယ့် ၁၄ ကုတင်ကျန်တယ်။ ကျန်တဲ့ ကုတင်က ICU ၁၄ ကုတင် ဖြစ်နေတော့ ဟိုဘက်က တိုင်းရင်းဆေးရုံမှာ ကုတင်က လွတ်တာ တော်တော်လေးနည်းသွားတယ်။ နည်းသွားတဲ့အခါကျတော့ ဒီနေ့သာ မနေ့ကနဲ့ တစ်နေ့က တိုးတဲ့အတိုင်း ဆက်တိုးမယ်ဆိုရင် ဒီနေ့က တိုင်းရင်းဆေးရုံမှာ ဆက်ထားစရာ နေရာမရှိတော့ဘူး။ ထားစရာနေရာ မရှိတော့လို့ ဆရာတို့က ကိုးသိန်းဆေးရုံကို ပြင်ထားရတာ ဖြစ်ပါတယ်။"

ပုသိမ်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်လူနာကုသဖို့ထားတဲ့ ကုတင် ၃၃ လုံးမှာ ICU လို့ ခေါ်တဲ့ အထူးကြပ်မတ်ခန်း ထဲက ကုတင် ၁၆ လုံး ပါဝင်ပြီး အဲဒီမှာလည်း ကုသဆဲလူနာတွေ ရှိတယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

ပုသိမ်တစ်မြို့ထဲမှာတင် ဒီဇင်ဘာ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့တွေမှာ တစ်နေ့ကို ကိုဗစ်အတည်ပြုလူနာ ၂၀ လောက် တွေ့ရှိခဲ့တာပါ။

ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဆေးရုံဆင်းလူနာ ၁၇ ဦးရှိပေမယ့် ပိုးတွေ့လူနာ ၂၀ ကျော်ရင်တော့ ကိုးသိန်း ယာယီဆေးရုံကို ဖွင့်လှစ်ကုသရမှာဖြစ်တယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

ကိုးသိန်း မူလတန်းကျောင်းကို ကိုဗစ်လူနာ ၈၄ ဦး ကုသနိုင်မယ့် နေရာအဖြစ် အသုံးပြုနိုင်ဖို့ ပြင်ဆင် ထားတာပါ။

ပုသိမ်မြို့မှာ ကူးစက်လူနာ တိုးလာတာက တန်ဆောင်တိုင်လူစုလူဝေးနဲ့ ပံ့သကူပစ်တာတွေအပါအဝင် ဈေးတွေမှာ ကူးစက်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က မှတ်ချက်ပြုပါတယ်။

ရောဂါလက္ခဏာမပြတဲ့ လူနာတွေကိုသာ ကိုယ့်ဝန်းကျင်မှာ တွေ့ရတာကြောင့် ကပ်ဘေးဟာ အေးအေး ဆေးဆေး အခြေအနေရှိတယ်လို့ ထင်နေကြပေမယ့် ဒါဟာ အထူးကြပ်မတ်ဆောင်ထဲက လူနာတွေရဲ့ အခြေအနေကို မသိကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

"ပြည်သူက ဘယ်လို ဖြစ်နေလဲဆိုတော့ ဟိုဘက်က၊ တိုင်းရင်းဆေးရုံက အေးအေးဆေးဆေးနဲ့ ပြန်သွားတဲ့ လူနာတွေကို ကြည့်ပြီးတော့ ကိုဗစ်က အေးအေးဆေးဆေးဖြစ်နေတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ကိုဗစ်က အေးအေးဆေးဆေး မဟုတ်ဘူး၊ ဆရာတို့ ဘာတွေလိုလဲဆိုတော့ အောက်ဆီဂျင် လိုအပ်ချက်တွေ များနေတယ်။ အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံ တစ်ရုံလုံး တည်ထားတာတောင် လူနာ နှစ်ယောက်စာလောက်ပဲရတာ အောက်ဆီဂျင်က အများကြီး လိုအပ်ချက်တွေ ရှိတယ်။"

ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ပုသိမ်မြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ လေးဦးရှိနေပြီး သုံးဦးက ရောဂါအခံ မရှိသူတွေလို့ ဒေါက်တာ သန်းမင်းထွဋ် က ပြောပါတယ်။

ပုသိမ်မြို့ခံ ဒေါ်ယုယုလှိုင်ကတော့ ရောဂါကို ကြောက်ပေမယ့် နားလို့မရတဲ့ အခြေအနေမို့လို့ ဈေးရောင်း နေရတယ်လို့ ပြောပါတယ်။

"ကိုယ်ဖြစ်ရင်နောက်မှာ မိသားစု အများကြီးပါမယ်လေ။ ဒါပေမဲ့ ဈေးက မရောင်းလို့ မရဘူး။ စားဝတ် နေရေးကြောင့်မို့လို့ အလုပ်က ထွက်ပြီး လုပ်နေရတယ်။ စိုးရိမ်တာက အများနဲ့အတူ စိုးရိမ်တယ်။ ကိုယ်ဖြစ်ရင် နောက်က အကုန်ပါမယ်။ ကိုယ့်မှာ မိသားစုတွေ ရှိတယ် သက်ကြီးရွယ်အိုတွေ ရှိတယ်။ ပါမှာ စိုးရိမ်တယ်။ မဖြစ်မနေ လုပ်ရမယ့် အလုပ်မို့လို့ ထွက်လုပ်နေရတယ်။ ကျန်းမာရေး ဖြစ်မှန်းတော့ သိတယ်၊ ကိုယ်က နားလို့ မရတဲ့ အခြေအနေမို့လို့ ဈေးရောင်းထွက်နေရတယ်။"

ပုသိမ်ဆိပ်ကမ်းက အလုပ်သမားခေါင်းဆောင် ကိုဇော်ကလည်း ကူးစက်ခံရမှာ စိုးရိမ်ပေမယ့် စားဝတ်နေရေး အရ အလုပ်လုပ်ရတယ်လို့ ပြောပါတယ်။

"စားဝတ်နေရေး အရတော့ ကြောက်ပေမယ့် အလုပ်ထွက်လုပ်နေရတာပဲ၊ အလုပ်သမားဌာနမှာ ရှိတဲ့ လူတိုင်း အကုန်လုံးပေါ့။ အိမ်က မိသားစုရဲ့ စားဝတ်နေရေးကို ထွက်ပြီး အလုပ်လုပ်ကြရတယ်။ ကြောက်ပေမယ့် ထွက်လုပ်နေရတယ်။ ကြိုတင်ပြီးတော့ ကြောက်ရတယ်၊ ခန့်မှန်းပြီးတော့ ကြောက်ရတယ်။ မဖြစ်လာသေးတာကိုလည်း ကြောက်ရတယ်။ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ ကြောက်ပေမယ့် စီးပွားရေးအရ လုပ်မှ စားရမှာမို့ လုပ်ရတယ်။"

ပုသိမ်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၇၄ ဦး ၊ ဆေးရုံဆင်းခွင့်ရသူက ၃၅၆ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပါတယ်။

ဧရာဝတီတိုင်းအတွင်း ကိုဗစ်ပထမလှိုင်းမှာ ပိုးတွေ့လူနာ နှစ်ဦးသာ ရှိခဲ့ပေမယ့် ဒုတိယ လှိုင်းမှာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၃၆၅၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူက ၂၉၀၈ ဦးနဲ့ သေဆုံးသူက ၂၉ ဦး ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာလည်း ပိုးကူးစက်မှုတွေ လျော့ကျမသွားဘဲ နေ့စဉ်ပိုးတွေ့လူနာ အများအပြား ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ နေ့စဉ် တစ်ထောင်ကျော် တွေ့ရှိနေတာဖြစ်ပြီး အဲ့ဒီထဲက (၇၄) ရာခိုင်နှုန်း ဟာ ရန်ကုန်တိုင်းကဖြစ်သလို သေဆုံးသူ အားလုံးရဲ့ (၉၂.၇) ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းက ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အထူး သတိထားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံထားပါတယ်။

ရန်ကုန်တိုင်းကို ပိုးကူးစက်မှု မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းက ပြောခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းရဲ့ ရောဂါကူးစက်မှု အခြေအနေကို ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်မြို့ သုဝဏ္ဏမှာ ဖွင့်လှစ်ထားတဲ့ ဧရာဝတီ ကိုဗစ်စင်တာက ဆေးရုံအုပ် ဒေါက်တာ ကောင်းမြတ်စိုး ကတော့ နေ့စဉ် ပိုးတွေ့လူနာတွေ ရောက်လာနေပြီး အရေအတွက် အတိအကျကို ပြောလို့မရပေမယ့် လူနာတွေကို ကုသပေးဖို့ နေရာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဆီမှာတော့ လူနာမတိုးဘူး။ ဒီနေ့ဆို အခန်း ၁၀၀ လောက် လွတ်နေတယ်။ ကျနော်တို့က ဆေးရုံဆိုဒ်တွေက ယူတာဆိုတော့ မတိုးဘူး။ စင်တာမှာ ကုတင် ၁၀၀၀ ရှိတယ် ICU အပါအဝင်ပေါ့။ တစ်ရက်ကို ဘယ်လောက်လို့ ပြောလို့မရဘူး တစ်ရက်ကို ၂၀ ကနေ ၆၀ လောက်ထိတော့ ရှိတယ်။"

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဖို့ COVAX အစီအစဉ်မှာ မြန်မာနိုင်ငံက ပါဝင်ထားသလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က အမှာစာ ပေးပို့ထားပြီး အဲဒီကနေရမယ်လို့ သိရကြောင်းနဲ့ ဒီအစီအစဉ်နဲ့ လိုသလောက် အားလုံးရမှာ မဟုတ်ပေမယ့် တခြားဘက်ကဝယ်ယူပြီး အားလုံး လုံလောက်အောင် စီစဉ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

စီးပွားရေး ယန္တရားပြန်ပြီး လည်ပတ်ဖို့ အရေးကြီးတာကြောင့် ဦးစားပေးကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထည့်တွက်ပြီး စီးပွားရေးနလန်ပြန်ထူနေတဲ့ နေရာတွေကို ဦးစားပေး ထိုးသင့်ရင် ထိုးပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ညကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ (၁၀၈၃၄၂ ဦး) တစ်သိန်းရှစ်ထောင်ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ (၂၂၆၈ ဦး) နှစ်ထောင့်နှစ်ရာကျော်ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/increased-covid-confirmed-case-in-pathein-12142020045617.html

ပုသိမ်မှာ ကိုဗစ်လူနာ တိုးလာလို့ ယာယီဆေးရုံ စီစဉ်ထား  ပုသိမ်မှာ ကိုဗစ်လူနာ တိုးလာလို့ ယာယီဆေးရုံ စီစဉ်ထား Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.