ထရမ့်နဲ့အဖွဲ့ရဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်မှု ငါးခုအား စစ်ဆေးခြင်း

အပြိုင်အဆိုင် ဖြစ်ခဲ့တဲ့ ပြည်နယ်တချို့မှာ မဲပေးခဲ့သူ အရေအတွက်က မဲပေးဖို့ မှတ်ပုံတင်ထားသူ စာရင်းထက်တောင် ပိုများနေတယ်လို့ ထရမ့်က တွစ်တာမှာ အကြိမ်ကြိမ် ရေးသားမှုတွေ ရှိခဲ့

ပြီးခဲ့တဲ့ ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ပေးခဲ့ကြတဲ့ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်က အနိုင်ရတယ်လို့ ပြောနိုင်ပြီ ဖြစ်ပေမဲ့ ရီပတ်ဘလီကန်ပါတီဘက်က ဒေါ်နယ်ထရမ့်နဲ့တကွ သူ့ရဲ့ ဥပဒေအဖွဲ့က မဲရလဒ်ကို စိန်ခေါ်ဖို့ ကြိုးစားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲ မဲရလဒ်ကို ထရမ့်နဲ့အဖွဲ့က စိန်ခေါ်ကြရာမှာ အဓိကအားဖြင့် မေးခွန်း ငါးခု ထုတ်နေကြတာကို တွေ့ရပါတယ်။

အဲဒီ မေးခွန်းတွေကတော့

၁။ မဲရရှိမှု အရေအတွက်က မဲပေးဖို့ မှတ်ပုံတင်ထားသူတွေထက်တောင် များခဲ့သလား

၂။ အကြောင်းမယ်မယ်ရရ မရှိဘဲ ဒီမိုကရက်တွေဘက်ကို မဲပေးမှု ထိုးတက်သွားတာ ရှိခဲ့သလား

၃။ ထရမ့်ကို ပေးထားတဲ့မဲက ဘိုင်ဒန်ရတဲ့ မဲဖြစ်သွားတာတွေ ရှိခဲ့သလား

၄။ မဲပေးစက်နဲ့ မဲရေတွက်စက်ဆိုင်ရာ စနစ်တွေကို ဒီမိုကရက်တွေက ချုပ်ကိုင်ထားခဲ့သလား

၅။ ရတဲ့မဲတွေထဲမှာ ကွယ်လွန်ပြီးသူက မဲလာပေးသလိုဖြစ်နေတာတွေ ထောင်ချီရှိခဲ့သလား

ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အနာဂတ် အမေရိကန် ပုံရိပ် အပြောင်းအလဲရှိလာမလား

၁။ မဲရရှိမှုအရေအတွက်က မဲပေးဖို့ မှတ်ပုံတင်ထားသူတွေထက်တောင် များခဲ့သလား

လက်ရှိ အမေရိကန်သမ္မတ ဖြစ်နေဆဲ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အပြိုင်အဆိုင် ဖြစ်ခဲ့တဲ့ ပြည်နယ်တချို့မှာ မဲပေးခဲ့သူ အရေအတွက်က မဲပေးဖို့ မှတ်ပုံတင်ထားသူ စာရင်းထက်တောင် ပိုများနေတယ်လို့ တွစ်တာမှာ အကြိမ်ကြိမ် ရေးသားမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို တကယ်ဖြစ်ခဲ့ကြောင်း သက်သေထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘဲ အဲဒီ ကောလဟာလဟာ ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်ပွဲပြီးကတည်းက ပျံ့နှံ့နေခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ရတဲ့မဲက မဲစာရင်းထက်များတာနဲ့ ပတ်သက်တဲ့ လတ်တလော စွပ်စွဲချက်တွေကတော့ မစ်ရှီဂန်ပြည်နဲ့ ပတ်သက်နေပါတယ်။

ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ရဲ့ အပြောအရ မစ်ရှီဂန်ပြည်နယ်အတွင်းက ဒေသတချို့မှာ မဲလာပေးသူ ရာခိုင်နှုန်းက တစ်ရာကျော်နေတယ်လို့ ဆိုပါတယ်။

အခုလို ပြောဆိုမှုရဲ့ အရင်းအမြစ်ကတော့ အမေရိကန် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲဝင်ဖူးသူ ရီပတ်ဘလီကန် နိုင်ငံရေးသမား ရပ်စ် ရမ်းမ်စလန်း ဆီက လာပါတယ်။

သူတင်ပြတဲ့ စာရင်းအရ ဒေသ ၁၉ ခုမှာ မဲလာပေးသူ ရာခိုင်နှုန်းက မဲပေးဖို့ စာရင်းသွင်းထားသူထက် များတဲ့အတွက် မဲပေးနှုန်း ၁၀ဝ ရာခိုင်နှုန်းထက် ကျော်နေတာကို တွေ့ရပြီး ရာခိုင်နှုန်း ၃၅၀ နဲ့ မဲစာရင်းထက် ရတဲ့မဲက သုံးဆခွဲလောက် များတဲ့ ဒေသတစ်ခုတောင် ပါဝင်နေပါတယ်။

ဒါပေမဲ့ အဲဒီစာရင်းထဲမှာ ပါဝင်တဲ့ ဒေသတွေက မစ်ရှီဂန်ပြည်နယ်အတွင်းက ဒေသတွေ မဟုတ်ဘဲ မင်နီဆိုးတားပြည်နယ်မှာ ရှိတဲ့ ဒေသတွေ ဖြစ်နေပါတယ်။

အဲဒီအထဲက ရာခိုင်နှုန်း ၃၅၀ နဲ့ အများဆုံးဖြစ်နေတဲ့ ဘန်ဗီးလ်မြို့နယ်ရဲ့ တရားဝင်ရလဒ်ကို တကယ်တမ်း လေ့လာရာမှာတော့ မှတ်ပုံတင်သူ ၇၁ ဦးထဲက ၆၈ ဦးက မဲပေးထားတာကို တွေ့ရပြီး မဲပေးသူ ရာခိုင်နှုန်းပြန်တွက်ရင် ၈၉ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီမြို့နယ်ရဲ့ ရလဒ်သာမက ရာခိုင်နှုန်း တစ်ရာကျော်တယ်ဆိုပြီး ဖော်ပြထားတဲ့ ဒေသ ၁၉ ခုစလုံးမှာ တကယ်တမ်း တရားဝင်ရလဒ်က ၁၀ဝ အောက်မှာပဲ ရှိတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် မစ်ရှီဂန်ပြည်နယ်မှာ မဲစာရင်းထက် ရတဲ့မဲက ပိုများနေတယ် ဆိုတဲ့ ကောလဟာလရဲ့ အရင်းအမြစ်က ပြည်နယ်ရော၊ ရလဒ်အရပါ မှန်ကန်မှု မရှိတာကို တွေ့ရပါတယ်။

လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မစ်ရှီဂန်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဒက်ထရွိုက်မှာ ရှိတဲ့လူဦးရေထက် ရတဲ့မဲက ပိုများနေတယ် ဆိုပြီး တွစ်တာမှာ ပြောဆိုထားတာလည်း ရှိနေပြန်ပါတယ်။

ဒါပေမဲ့ တရားဝင်ရလဒ် ထုတ်ပြန်မှုကို လေ့လာရာမှာတော့ မဲပေးဖို့ စာရင်းသွင်းထားသူ အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းအောက်သာ မဲရမှု ရှိခဲ့တာကို တွေ့ရပါတယ်။

ဝစ္စကွန်ဆန်ပြည်နယ်ဘက်မှာလည်း အခုလို မဲစာရင်းထက် ရတဲ့မဲက ပိုများနေတယ်ဆိုတဲ့ ကောလဟာလတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပြန်လည် လေ့လာကြည့်ရာမှာတော့ မဲစာရင်းအဟောင်းကို ကိုးကားတဲ့အတွက် အခုလို ကောလဟာလ ဖြစ်သွားရတာကို တွေ့ရပါတယ်။

ကောလဟာလ စာရင်းအရ မဲပေးသူ ရာခိုင်နှုန်း ၃၅၀ နဲ့ အများဆုံးဖြစ်နေတဲ့ ဘန်ဗီးလ်မြို့နယ်ရဲ့ တရားဝင်ရလဒ်ကို တကယ်တမ်း လေ့လာရာမှာတော့ မှတ်ပုံတင်သူ ၇၁ ဦးထဲက ၆၈ ဦးရှိပြီး ၈၉% သာရှိ

၂။ အကြောင်းမယ်မယ်ရရ မရှိပဲ ဒီမိုကရက်တွေဘက်ကို မဲပေးမှု ထိုးတက်သွားတာ ရှိခဲ့သလား

ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး မဲရေတွက်နေချိန်မှာ ဂျိုးဘိုင်ဒန်ကို ပေးထားတဲ့ စာတိုက်မဲအရေအတွက် အမြောက်အမြား ရုတ်တရက်ပေါ်လာတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထရမ့်နဲ့အဖွဲ့ဘက်က ပြုလုပ်ခဲ့ကြပါတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲရလဒ် စိန်ခေါ်တဲ့ တရားစွဲဆိုမှု အများအပြားမှာ အမှုလိုက်ပေးသူ ထရမ့်ရဲ့ ရှေ့နေ ဖြစ်ပြီး နယူးယောက်မြို့ဝန်ဟောင်းလည်း ဖြစ်တဲ့ ရူဒီ ဂျူလီယာနီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒက်ထရွိုက်မြို့က မဲရုံတစ်ရုံကို မနက်အစောပိုင်းမှာ ထောင်နဲ့ချီတဲ့ နောက်တိုးမဲတွေ ရောက်လာတာ ရှိခဲ့တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဂျူလီယာနီဟာ မဲရုံအလုပ်သမားတစ်ယောက်ရဲ့ အပြောကို ကိုးကားခဲ့တာဖြစ်ပြီး အစားအသောက်တွေ လာချဖို့ရောက်လာတဲ့ ဗန်ကားနှစ်စီးထဲက ဘယ်လို အစားအသောက်မျိုး သယ်ထုတ်လာတာမျိုးမှ မတွေ့ခဲ့ရဘဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကားတွေ ပြန်ထွက်သွားပြီး နှစ်နာရီ မပြည့်ခင်မှာ မစ်ရှီဂန်ပြည်နယ်မှာရတဲ့မဲက တစ်သိန်းလောက် တိုးသွားခဲ့တယ်လို့ အဲဒီမဲရုံအလုပ်သမားက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပြောဆိုမှုနဲ့ ပတ်သက်တဲ့ တရားရုံးတက် တိုင်ကြားမှုတွေဟာ ယုံကြည်နိုင်စရာ မရှိဘူးဆိုပြီး ပြည်နယ်တွင်း ဒေသတရားရုံးတစ်ရုံးက နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက စီရင်ချက် ချထားတာလည်း ရှိနေပါတယ်။

မစ်ရှီဂန်နဲ့ ဝစ္စကွန်ဆန်ပြည်နယ်မှာ ဒီမိုကရက်ကို ပေးတဲ့မဲတွေ ရုတ်တရက် အများကြီးဖြစ်သွားတယ်ဆိုတဲ့ ကောလဟာလတွေရှိရာမှာ မီလ်ဝေါ်ကီနဲ့ ဒက်ထရွိုက်တို့လို မြို့ကြီးတွေက မဲရလဒ်တွေ ထွက်ပေါ်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပြီး မြို့ပြဒေသတွေက အများအားဖြင့် ဒီမိုကရက်တွေဘက်ကို များများ မဲပိုပေးလေ့ရှိတဲ့ ပြည်နယ်တွေ ဖြစ်တာကိုလည်း ထည့်စဉ်းစားပြီး သုံးသပ်ရာမှာ ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ ကောလဟာလတချို့ စစ်ဆေးမှုအရ ဝစ္စကွန်ဆန်၊ မစ်ရှီဂန်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေမှာ ဘိုင်ဒန်ရတဲ့ စာတိုက်မဲအရေအတွက်က တစ်ညအတွင်း သိန်းချီတိုးသွားတယ် ဆိုတဲ့ ပြောဆိုမှုတွေမှာ အဲဒီလို တိုးသွားတယ်ဆိုတဲ့ အချိန် လွဲချော်ပြောဆိုမှုနဲ့ တိုးသွားတဲ့မဲတိုင်း ဘိုင်ဒန်ရတဲ့မဲ မဟုတ်တဲ့အချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

နောက်ထပ် ထည့်စဉ်းစားသင့်တဲ့ အချက်ကတော့ မစ်ရှီဂန်နဲ့ ဝစ္စကွန်ဆန်ပြည်နယ် အပါအဝင် တချို့ပြည်နယ်တွေမှာ ရွေးကောက်ပွဲနေ့ မဲရုံပိတ်တော့မှ စာတိုက်မဲတွေကို စတင်ရေတွက်တာ ဖြစ်တဲ့အတွက် အခုလို မဲအရေအတွက် ခုန်တက်သွားစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေတဲ့အချက် ဖြစ်ပါတယ်။

ထရမ့်ရဲ့ ရှေ့နေ ဖြစ်ပြီး နယူးယောက်မြို့ဝန်ဟောင်းလည်း ဖြစ်တဲ့ ရူဒီ ဂျူလီယာနီက ဒက်ထရွိုက်မြို့က မဲရုံတစ်ရုံမှာ ထောင်နဲ့ချီတဲ့ နောက်တိုးမဲတွေ ရောက်လာတာ ရှိခဲ့တယ်လို့ပြော

၃။ ထရမ့်ကို ပေးထားတဲ့မဲက ဘိုင်ဒန်ရတဲ့ မဲဖြစ်သွားတာတွေ ရှိခဲ့သလား

လက်ရှိ အမေရိကန်သမ္မတ ဖြစ်နေသေးတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေရေးရာ အဖွဲ့က ထရမ့်ရဲ့ စွပ်စွဲပြောဆိုမှုတွေကို ထပ်မံ ပြောဆိုမှုတွေထဲမှာ အကြိတ်အနယ်ဖြစ်ခဲ့တဲ့ ပြည်နယ်တချို့အတွင်း အသုံးပြုတဲ့ မဲပေးစက်နဲ့ စနစ်တွေကြောင့် သန်းနဲ့ချီတဲ့ ထရမ့်ရတဲ့မဲတွေက ဘိုင်ဒန်ကိုပေးတဲ့ မဲတွေ ဖြစ်သွားတယ်ဆိုတဲ့ စွပ်စွဲမှုလည်း ပါဝင်ပါတယ်။

အဲဒီစွပ်စွဲမှုအတွက် သက်သေမတွေ့ရဘဲ ထရမ့်ရဲ့ ဥပဒေရေးရာ အဖွဲ့ကလည်း သက်သေတင်ပြခြင်း မရှိသေးပါဘူး။

သမ္မတ ထရမ့်က အခုလို စွပ်စွဲမှုတွေကို တွစ်တာမှာ ရေးသားရာမှာ ရီပတ်ဘလီကန် ထောက်ခံတဲ့ ရှေးရိုးစွဲ သမရိုးကျ အမြင်ရှိ သတင်းဌာန OANN ရဲ့ ရေးသားချက်တွေကို ကိုးကားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ ဒိုမီနီယံ မဲပေးစနစ်နဲ့ စက်တွေကို ရွေးကောက်ပွဲကျင်းပစဉ်မှာ အက်ဒီဆင် သုတေသန ဆိုတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ရဲ့ လေ့လာချက်အရ သန်းနဲ့ချီတဲ့ မဲတွေ ဘက်ပြောင်းသွားခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ကို OANN က ကိုးကားရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘီဘီစီအပါအဝင် အမေရိကန်နိုင်ငံက အဓိက သတင်းဌာန အများအပြားကို မဲရလဒ်နဲ့ မဲရုံအထွက် စစ်တမ်းရလဒ်တွေ ပံ့ပိုးနေတဲ့ အဲဒီ အက်ဒီဆင် သုသေတန ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လယ်ရီ ရော့ဆင်ကတော့ သူတို့ အဲဒီ သုံးသပ်ချက် အစီအရင်ခံစာကို မထုတ်ပြန်ခဲ့တဲ့အပြင် မဲလိမ်မှုနဲ့ ပတ်သက်တဲ့ ဘာသက်သေမှ ရမထားဘူးလို့ ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒိုမီနီယံ မဲပေးစနစ် ကုမ္ပဏီကလည်း သူတို့ရဲ့ စက်တွေကို မဲတွေကို ဘက်ပြောင်းပစ်တယ်၊ မဲတွေ ပယ်ပစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ၁၀ဝ ရာခိုင်နှုန်း မမှန်ပါဘူး ဆိုပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ထရမ့်က သူရတဲ့မဲ သုံးသန်းနီးပါး မှတ်တမ်းအဖျက်ခံရပြီး သိန်းနဲ့ချီတဲ့မဲတွေ ထရမ့်မဲဖြစ်နေရာက ဘိုင်ဒန်မဲဖြစ်သွားတယ်လို့ ပြောခဲ့ပေမယ့် ကိုးကားမှု မခိုင်လုံ

၄။ မဲပေးစက်နဲ့ မဲရေတွက်စက်ဆိုင်ရာ စနစ်တွေကို ဒီမိုကရက်တွေက ချုပ်ကိုင်ထားခဲ့သလား

ဒိုမီနီယံ မဲပေးစနစ် ကုမ္ပဏီကို လက်ဝဲစွန်းအုပ်စုတွေက ပိုင်ဆိုင်ထားတယ်လို့ သမ္မတ ထရမ့်က ပြောဆိုထားပြီး သူ့ရဲ့ ဥပဒေအဖွဲ့ကလည်း ဘီလ် ကလင်တန်၊ ဟီလာရီ ကလင်တန်နဲ့တကွ ဒီမိုကရက်နိုင်ငံရေးသမားတွေနဲ့ အဲဒီ ကုမ္ပဏီတို့ ဆက်စပ်မှုကို ထောက်ပြထားတာတွေလည်း ရှိနေပါတယ်။

ဒိုမီနီယံ မဲပေးစနစ် ကုမ္ပဏီကတော့ သူတို့ဟာ ပါတီနိုင်ငံရေး မလုပ်တဲ့ အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကလင်တန် လင်မယား ဒါမှမဟုတ် ဒီမိုကရက်တွေ နေရာအများစု ရထားတဲ့ အမေရိကန် မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် (House of Representatives) ဥက္ကဋ္ဌ ဒီမိုကရက်အမတ် နန်စီပယ်လိုစီ တို့နဲ့ ကုမ္ပဏီ ပိုင်ဆိုင်မှု ဆိုင်ရာ ပတ်သက်မှုလည်း မရှိပါဘူးဆိုတဲ့ အချက်တွေကို သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ ကုမ္ပဏီကို ဒီမိုကရက်တွေဘက်က တိုက်ရိုက်ပိုင်ဆိုင်မှု တစ်ခုခုရှိတယ်လို့ ပြောလို့မရပေမယ့် ဒီကုမ္ပဏီက ဒီမိုကရက်တစ်ပါတီ ဘက်ကိုရော ရီပတ်ဘလီကန် ပါတီ ဘက်ကိုပါ အလှူငွေထည့်တာမျိုး ရှိခဲ့ပြီး အစိုးရကန်ထရိုက်ရဖို့အတွက် စည်းဘောင်အတွင်းကနေ အခုလို လော်ဘီလုပ်တာမျိုးက အမေရိကန်မှာ လုပ်ရိုးလုပ်စဉ်လည်း ဖြစ်ပါတယ်။

အဲဒီ ဒိုမီနီယံ ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်မှာ ကလင်တန် ပရဟိတ အဖွဲ့ကို အလှူငွေထည့်ခဲ့ဖူးတယ် ဆိုပေမဲ့ ရီပတ်ဘလီကန် နေရာအများစုရထားတဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်က ရီပတ်ဘလီကန် အမတ်များ ကိုယ်စားပြု ခေါင်းဆောင် မစ်ချ် မက်ကောနဲ ကိုလည်း အလှူငွေ ပေးအပ်ခဲ့ဖူးပါတယ်။

နန်စီ ပယ်လိုစီနဲ့ အဲဒီကုမ္ပဏီတို့ နီးစပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ရတာကတော့ သူ့ရဲ့ ဝန်ထမ်းချုပ် လုပ်ခဲ့ဖူးပြီး လက်ရှိ လောဘီကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေသူ နာဒီးမ် အယ်လ်ရှာမီ ကို ဒီကုမ္ပဏီကလည်း အလုပ်ခန့်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုမီနီယံဟာ ရီပတ်ဘလီကန် ကုမ္ပဏီနဲ့ အဆက်အစပ်ရှိသူကိုလည်း ခန့်အပ်ထားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

မဲစက်ကုမ္ပဏီတခုက ဒီမိုကရက်တစ်ပါတီ ဘက်ကိုရော ရီပတ်ဘလီကန် ပါတီ ဘက်ကိုပါ အလှူငွေထည့်တာမျိုး ရှိခဲ့ပြီး အစိုးရကန်ထရိုက်ရဖို့အတွက် စည်းဘောင်အတွင်းကနေ အခုလို လော်ဘီလုပ်တာမျိုးက အမေရိကန်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်

၅။ ရတဲ့မဲတွေထဲမှာ ကွယ်လွန်ပြီးသူက မဲလာပေးသလိုဖြစ်နေတာတွေ ထောင်ချီရှိခဲ့သလား

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အကြိတ်အနယ်ဖြစ်ခဲ့တဲ့ ပြည်နယ်တချို့မှာ ရခဲ့တဲ့ မဲတွေတချို့က ကွယ်လွန်ပြီးသူက မဲလာပေးထားသလို ဖြစ်နေတာတွေ ထောင်နဲ့ချီပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ လက်ရှိ သမ္မတ ထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေက ပြောဆိုခဲ့ကြပါတယ်။

မစ်ရှီဂန်ပြည်နယ်အတွင်းက ကွယ်လွန်ပြီးသူတွေ ဖြစ်နေပါလျက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုပြီး စာရင်းဝင်နေသူတွေ ဆိုတဲ့ လူတစ်သောင်း ပါဝင်တဲ့ သေစာရင်းကို ဘီဘီစီက လေ့လာရာမှာတော့ တကယ်တမ်း အပြည့်အဝ မှန်တယ်လို့ ပြောလို့မရတာကို တွေ့ရပါတယ်။

အဲဒီစာရင်းကို Essential Fleccas ဆိုတဲ့ ထရမ့်ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူ တဦးက တွစ်တာမှာ စတင် ဖြန့်ချီခဲ့ရာမှာ လူတစ်သောင်းရဲ့ နာမည်၊ လိပ်စာ ကုဒ်နံပါတ်နဲ့ မဲပေးတဲ့ရက်၊ မွေးရက်နဲ့ သေဆုံးရက် အချက်အလက်တွေ ပါဝင်ပါတယ်။

အခုလို ပါဝင်သူတွေရဲ့ အချက်အလက်တွေကို မစ်ရှီဂန်ပြည်နယ်က တရားဝင် ဝက်ဆိုဒ်မှာ ဖြည့်သွင်းပြီး တိုက်ဆိုင် စစ်ဆေးကြည့်လို့ရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ သေစာရင်းဖော်ပြပေးတဲ့ ဝက်ဆိုဒ်တွေလည်း အများအပြား ရှိပါတယ်။

ဒါပေမယ့် လူဦးရေ ၃၂၈ သန်းရှိတဲ့ အမေရိကန်နိုင်ငံမှာ မွေးလတူ နာမည်တူသူ အများအပြား ရှိနိုင်တာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပြီး အဲဒီ လူတစ်သောင်း စာရင်းထဲက ကျပန်း ၃၁ ယောက်ကို ဘီဘီစီက စစ်ဆေးကြည့်ရာမှာ ၃ ဦးကသာ အမှန်တကယ် သေဆုံးထားသူ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီ သုံးဦးထဲမှာ တစ်ဦးက စာတိုက်မဲ ပို့ပြီးမှ သေဆုံးတာ ဖြစ်နိုင်ကြောင်း တွေ့ရပြီး ကျန်နှစ်ဦးကလည်း အမည်တူနဲ့ လိပ်စာတူ သားနှစ်ဦးစီ ရှိနေကြတာကို တွေ့ရပါတယ်။

အခြား အလားတူ မဲပေးစာရင်းဝင်တဲ့ ကွယ်လွန်သူစာရင်းတွေကို စစ်ဆေးမှုတွေမှာလည်း အခုလို နာမည်တူ မှားနိုင်ခြေတွေ ရှိနေတာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုရင် အမေရိကန် အထွေထွေရွေးကောက်ပွဲတွေမှာ ကွယ်လွန်ပြီးသူတွေက မဲပေးထားသလို ဖြစ်နေတာတွေ ရှိခဲ့ဖူးတယ် ဆိုပေမဲ့ ဒီလို ဖြစ်ခဲ့တာက ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘူးဆိုပြီး ဘီဘီစီက ကောက်ချက်ချထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55067148

ထရမ့်နဲ့အဖွဲ့ရဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်မှု ငါးခုအား စစ်ဆေးခြင်း  ထရမ့်နဲ့အဖွဲ့ရဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်မှု ငါးခုအား စစ်ဆေးခြင်း Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.