သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်

ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ကို သမ္မတရာထူးလွှဲပေးဖို့လုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ သမ္မတဒေါ်နယ်ထရမ့်က လက်ခံသဘောတူလိုက်ပြီဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ တစ်ဖက်မှာလည်း ရွေးကောက်ပွဲမှာ သူရှုံးနိမ့်တယ်ဆိုတာ တရားဝင်ဝန်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပေမဲ့ ရာထူးလွှဲပြောင်းဖို့ လိုအပ်တာတွေကိုတော့ ပြီးအောင်လုပ်ပါလို့ ဖက်ဒရယ်အေဂျင်စီကို ပြောခဲ့ပါတယ်။

အဲ့ဒီလို ဒေါ်နယ်ထရမ့်ပြောလိုက်တာဟာ မစ္စတာဘိုင်ဒန်ကို သိသာတဲ့ တရားဝင်အနိုင်ရတဲ့သူအဖြစ် ဝန်ခံအသိအမှတ်ပြုလိုက်တာပဲလို့ အမေရိကန်အစိုးရလွှဲပြောင်းတဲ့ လုပ်ငန်းဆောင်တာတွေ အကူအညီပေးနေတဲ့ The General Services Administration (GSA)ကလည်း ပြောပါတယ်။

နောက်ဆုံးမဲပြန်ရေတဲ့ မစ်ရှီဂန်ပြည်နယ်မှာ မစ္စတာဘိုင်ဒန် အနိုင်ရတယ်လို့ တရားဝင် သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ဒေါ်နယ်ထရမ့်က အခုလို ထုတ်ပြောလိုက်တာပါ။

ရွေးကောက်ခံသမ္မတ ဘိုင်ဒန်ဟာ လာမယ့်နှစ် ဇန်နဝါရီ၂၀ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတရာထူးလွှဲပြောင်းရယူဖို့ လိုအပ်တဲ့ လုံခြုံရေးဆိုင်ထိပ်သီးအစည်းအဝေးတွေ လုပ်နေပြီး၊ အစိုးရအဖွဲ့မှာ ရာထူးခန့်ဖို့သူတွေအတွက်လည်း ပြင်ဆင်နေပြီလို့ GSAရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

GSAအကြီးအကဲ အမ်မလီ မာဖီက ရာထူးလွှဲဖို့ကိစ္စတွေ စလုပ်နေ

ဒါကြောင့် ဂျိုးဘိုင်ဒန်ဟာ သူ့အစိုးရအဖွဲ့မှာ ခန့်ထားမယ့် ထိပ်တန်းအဆင့် ရာထူးရယူမယ့် သူတွေစာရင်းကို အင်္ဂါနေ့မှာကြေညာဖို့ရှိပါတယ်။

ဘိုင်ဒန်ရဲ့ အဖွဲ့ရဲ့ တုံ့ပြန်ချက်

ဇန်နဝါရီလ ၂၀ရက်နေ့မှာ ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုဖို့ရှိလို့ အခုချိန်ကစပြီး ရာထူးအလွှဲအပြောင်းလုပ်ငန်းတွေ စတင်လုပ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ဘိုင်ဒန်အဖွဲ့က ပြောပါတယ်။

"ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့၊ ကျွန်တော်တို့စီးပွားရေး ပြန်တည့်မတ်နိုင်ဖို့ဆိုတာတွေပါဝင်တဲ့ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ဒီနေ့ ဆုံးဖြတ်ချက်က လိုအပ်တဲ့အရေးကြီးတဲ့ အဆင့်တစ်ခုပါ"လို့ အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြခဲ့ပါတယ်။

အစောပိုင်းရက်တွေတုန်းကလည်း သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်လာမယ့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က လူတွေစာရင်းကို ဂျိုးဘိုင်ဒန် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီသူတွေထဲမှာ သူနဲ့အတူ အိုဘားမားအစိုးရအဖွဲ့မှာ လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းအများစု ပါဝင်နေပါတယ်။

သူ ရာထူးခန့်အပ်မယ့်သူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို အရင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး‌‌‌‌‌‌‌ဟောင်း ဂျွန်ကယ်ရီကို ရာသီဥတုဆိုင်ရာ အထူးသံတမန်၊ ပြီးတော့ ဂျယ်နက်ယဲလန်ကို ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ခန့်အပ်ဖို့ဆိုတာ ပါဝင်ပါတယ်။

ရာထူးခန့်အပ်မယ့် တရားဝင်အမည်စာရင်းကိုတော့ ဒီနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်ဖို့ရှိပါတယ်။ ခန့်အပ်မယ့် လူအများစု အတည်ဖြစ်ဖို့ကလည်း ဆီးနိတ်လွှတ်တော်ရဲ့ အတည်ပြုလက်ခံမှုလိုပါတယ်။

ထရမ့်က ဘယ်လို လက်ခံလိုက်တာလဲ

သမ္မတရာထူးလွှဲပြောင်းဖို့ကိစ္စတွေ တရားဝင်စတင်လုပ်ဆောင်ဖို့ GSAအဖွဲ့က ဘိုင်ဒန်အဖွဲ့ကို သတင်းပို့ခဲ့သလို သမ္မတထရမ့်ကလည်း တွစ်တာမှာ ပြောခဲ့ပါတယ်။

ပြီးတော့ ရွေးကောက်ခံသမ္မတ အသုံးပြုနိုင်ဖို့ ရန်ပုံငွေ ‌ဒေါ်လာ၆.၃သန်းကိုလည်း စီစဥ်ပေးထားတယ်လို့ GSA အုပ်ချုပ်ရေးမှူး အယ်မလီမာဖီကလည်း ပြောခဲ့ပါတယ်။

"ကျွန်တော်တို့နိုင်ငံရဲ့ အကောင်းဆုံးအကျိုးစီးပွားအတွက် အမ်မလီနဲ့ သူ့အဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့ အညီလုပ်နေတာကို သဘောတူပါတယ်။ ပြီးတော့ ကျွန်တော့်အဖွဲ့ကို အဲ့လိုပဲလုပ်ဖို့ ပြောထားပါတယ်" လို့ ထရမ့်ကပြောပါတယ်။

လက်ရှိအချိန်ထိတော့ သူရှုံးတယ်လို့ ထရမ့်က ဝန်မခံသေးသလို ရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိတယ်ဆိုပြီးတော့လည်း အထောက်အထားအထားမခိုင်တဲ့ စွပ်စွဲမှုတွေ လုပ်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ဆုံးအခြေအနေအရ ထရမ့်ကသူရှုံးတယ်လို့ ဝန်ခံ လက်မခံသည်ဖြစ်စေ၊ မစ္စတာဘိုင်ဒန်အတွက် ၄၆ယောက်မြောက် အမေရိကန်သမ္မတအဖြစ်တရားဝင်လက်ခံဖို့ ကျမ်းကျိန်တဲ့ ကိစ္စကတော့ မကြာခင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55060373

သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ  သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ Reviewed by THITHTOOLWIN on 01:59 Rating: 5

No comments:

Powered by Blogger.