အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ

ကိုဗစ်ကာကွယ်ဆေးပုလင်း။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)

AstraZeneca ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက သူတို့ စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေး ထိရောက်မှု ရှိတယ်လို့ တနင်္လာနေ့က ကြေညာလိုက်တာကြောင့် လောလောဆယ် အလားအလာ အကောင်းဆုံး ကာကွယ်ဆေး သုံးမျိုးရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း Moderna ကုမ္ပဏီက စမ်းသပ်နေတဲ့ ကာကွယ်ဆေးနဲ့အတူ Pfizer နဲ့ BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေ ထိရောက်မှု ရှိတဲ့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံကွပ်ကဲရေး ဌာန FDA ဆီကနေ အရေးပေါ် ခွင့်ပြုချက် တောင်းခံမယ်လို့ ကြေညာထားတာပါ။

ကာကွယ်ဆေးတွေ ဖြန့်ဖြူး အသုံးပြုခွင့်ရဖို့ FDA ဆီက ခွင့်ပြုချက် ရဖို့က ထိရောက်မှု ရာခိုင်နှုန်း ၅၀ အထက်မှာ ရှိရမှာပါ။ Moderna နဲ့ Pfizer ကုမ္ပဏီ ၂ ခု စလုံးက ၉၅ ရာခိုင်နှုန်းလောက်စီနဲ့ AstraZeneca ကတော့ ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ကြေညာထားပါတယ်။

COVID 19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၁.၄ သန်းနီးပါး ရှိလာချိန်မှာ ဒီ သတင်းတွေကြောင့် မျှော်လင့်ချက်တွေ ထွက်ပေါ်လာပေမဲ့ ဒီ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ ကြားသိရသေးပြီး အသေးစိတ် အချက်အလက်တွေ ကိုမသိရှိရသေးပါဘူး။ အထူးသဖြင့် ဒီ ကာကွယ်ဆေးတွေက ဘယ် အသက်အရွယ်တွေမှာ အထိရောက်ဆုံးလဲဆိုတာကို မသိရသေးသလို ဒီဆေးတွေကို ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ စမ်းသပ်ထားတာလည်း မရှိသေးပါဘူး။ FDA ကို ခွင့်ပြုချက် တောင်းခံတဲ့အခါ ပိုပြီး အသေးစိတ်တဲ့ အချက်အလက်တွေရမယ်လို့ ခန့်မှန်းရပါတယ်။

ဒီ အလားအလာရှိတဲ့ ကာကွယ်ဆေး သုံးမျိုး အကြား စျေးနှုန်း၊ သိုလှောင်အထားခံမှုနဲ့ ထိုးဆေးပေါင်း ဘယ်လောက်ထုတ်လုပ်မလဲ ဆိုတဲ့ အချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

AstraZeneca ရဲ့ဆေးက ဈေးအပေါဆုံး ဖြစ်နိုင်ပြီး ထိုးဆေးတစ်လုံးကို ၅ ဒေါ်လာဝန်းကျင် ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံ အစိုးရတွေက အဓိက ဝယ်ယူသူတွေ ဖြစ်တာကြောင့် ဒီဆေးကို ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေက အများအပြား မှာယူကြလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။ ဒီဆေး ကုမ္ပဏီက ထိုးဆေးပေါင်း ၁.၇ ဘီလီယံ ထုတ်ဖို့ သဘောတူညီချက် ရရှိထားပြီး ဒီအထဲ အိန္ဒိယဆေးကုမ္ပဏီ Serum Institute က ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေအတွက် ထုတ်လုပ်မယ့် ထိုးဆေး ၁ ဘီလီယံ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဆေးကို သိုလှောင်ထားဖို့ကလည်း ပုံမှန် ရေခဲသေတ္တာ အပူချိန်သာ လိုအပ်ပြီး ၆ လ အထားခံမှာ ဖြစ်ပါတယ်။

ကျန်တဲ့ ဆေး နှစ်မျိုးက ဒေါ်လာ ၂၀ ကနေ ၄၀ အတွင်း ကျမယ်လို့ခန့်မှန်းထားပါတယ်။ Pfizer ကုမ္ပဏီက ဒီနှစ်ကုန်မှာ ထိုးဆေး သန်း ၅၀ ကို ကနဦး ထုတ်လုပ် ပြီး နောက်နှစ်မှာ ထိုးဆေး ၁.၃ ဘီလီယံ ထုတ်မှာ ဖြစ်ပါတယ်။ Moderna ကတော့ ဒီနှစ်မှာ အမေရိကန်ပြည်ထောင်စုထဲ ထိုးဆေး သန်း ၂၀ ဖြန့်ဖြူးဖို့နဲ့ ၂၀၂၁ ခုနှစ်မှာ သန်း ၅၀၀ ကနေ ၁ ဘီလီယံ အထိ ဖြန့်ဖြူးသွားဖို့ ရည်ရွယ်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-vaccine/5674424.html

အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ Reviewed by THITHTOOLWIN on 01:57 Rating: 5

No comments:

Powered by Blogger.