ရွေးကောက်ပွဲအပြီး စစ်တွေမှာ အတည်ပြုလူနာပိုများလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သွားလာနေသူတွေကို ၂၀၂၀ သြဂုတ် ၂၄ ရက်နေ့က တွေ့ရစဉ်

ဓာတ်ပုံ - နီမင်းထွန်း/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပခင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် အခုရွေးကောက်ပွဲပြီးတဲ့နောက် ရက်ပိုင်းလေးမှာတင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ တိုးလာနေပါတယ်။

မဲဆွယ်စည်းရုံးရေးကာလနဲ့ မဲပေးတဲ့နေ့တို့မှာ လူစုလူဝေးတွေ ဖြစ်သွားခဲ့ရာကနေ ကပ်ဘေးကာလ ထိန်းချုပ်မှု၊ စည်းကမ်းလိုက်နာမှု အားနည်းလာတာကြောင့် စိုးရိမ်ဖို့ ကောင်းတဲ့အခြေအနေ ဖြစ်လာတယ်လို့ ဒေသခံတချို့က ထောက်ပြနေကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့ အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာသစ် ၂၇ ဦးတွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းမှာတော့ အတည်ပြုလူနာ အရေအတွက်  သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးတွေ ဆင်းကြတဲ့အချိန်နဲ့ ရွေးကောက်ပွဲနေ့ မဲပေးခဲ့ကြပြီးတဲ့နောက် အခုလို ပိုးတွေ့လူနာတွေ တိုးလာနေတာပါ။

ရွေးကောက်ပွဲကာလဖြစ်တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်တွေမြို့နယ်မှာ ပိုးတွေ့ လူနာ ၁၀ ဦးသာ ရှိခဲ့တာပါ။

လူစုလူဝေးအခြေအနေကြောင့် ဖြစ်လာနိုင်ခြေရှိတာတွေကို ကြိုတင် အစီရင်ခံထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲမတိုင်မိပေါ့နော်၊ မဲဆွယ်စည်းရုံးမှုတွေ၊ ရွေးကောက်ပွဲမှာလည်း  မဲပေးကြတာတွေ၊ နောက်ပြီး အောင်ပွဲခံကြတာတွေကြောင့် ကျနေတာ ပြန်တက်လာမယ်လို့ ကြိုပြီးတော့ မှန်းဆထားတာပေါ့နော်။ မှန်းဆထားလို့လည်း အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်။ ဌာနဆိုင်ရာတွေနဲ့ ဒီနှစ်ပတ်မှာ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းတွေ အားဖြည့်ဖို့ ဆရာတို့ ပြောထားတယ်။ တက်လာတာက ဟုတ်တယ်၊ အစောပိုင်း ရှစ်ရက်နေ့ မတိုင်ခင်လောက်မှာ ကျလာပေမယ့် ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာတော့ နည်းနည်းပြန်တက်လာတာကို တွေ့ရတယ်။”

ဒါဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပြီး  ပြန်လည် ထိန်းချုပ်ဖို့အတွက် ပြည်သူတွေအနေနဲ့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန် သြဂုတ်လ ၁၆ ရက်နေ့က စပြီး လူ ၁၅ ဦးထက် ပိုမစုရ၊ နောက်ပိုင်း လူ ၃၀ ဦးထက် ပိုမစုရ ဆိုပြီး မဲဆွယ်စည်းရုံးရေးကာလအတွက် အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။    ရွေးကောက်ပွဲကျင်းပဖို့ ၁၃ ရက်အလိုမှာ လူ ၅၀ ထက် ပိုမစုရ ဆိုပြီး ဖြေလျှော့ပေးတဲ့ အနေနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး ကူးစက်မှု အန္တရာယ် ကြီးမားတဲ့ အခြေအနေရှိနေသေးတယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ အမိန့်တွေကို လိုက်နာကြဖို့   ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက် အကြာမှာ တစ်ခါပြန်ပြီး အမိန့်ထုတ်ပြန်ထားပါတယ်။

ပိုးကူးစက်ခံရမှာကို အစောပိုင်းတုန်းက ကြောက်လန့်ခဲ့ပေမယ့် ရွေးကောက်ပွဲပြီးတဲ့ ကာလမှာတော့ ဂရုစိုက်မှု နည်းပါးသွားတာတွေ့ရတယ်လို့ စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ မစိုးစိုးစံက ပြောပါတယ်။

“ရွေးကောက်ပွဲမှာတော့ မဲသွားပေးတဲ့လူတွေအကုန်လုံးက တန်းစီပြီးတော့ ပေးနေကြတာ။ လူစုလူဝေးတွေဖြစ်ပြီးတော့ ပေးခဲ့ကြတာဆိုတော့ အဲဒီကတည်းကနေ မကြောက်တော့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီလူတွေက အဲဒီမှာ စုပြီးနေပြီ ဆိုတော့ အခုမှနေပြီး အပြင်မသွားတော့ဘူး။ အခုမှ ကြောက်ရကောင်းမှာသိတယ် ဆိုပြီး အိမ်ထဲနေလို့ အဆင်မပြေဘူးဆိုပြီးတော့ အပြင်ကို ထွက်လက်စနဲ့ ဒီအတိုင်း အပြင်ကို သွားလာလှုပ်ရှားနေကြတာကို တွေ့ရပါတယ်။”

စစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ဒေသခံတွေ စိုးရိမ်မှု လျော့ကျသွားခဲ့တာဟာ  ရွေးကောက်ပွဲမှာ ကူးစက်မှု ကာကွယ်ရေးအတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘဲ လူတွေအများကြီး စုပြုံမိခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဖြစ်ခဲ့ပါဘူး။ လူတွေ ခြောက်ပေမကွာဘူး။ တချို့ နှာခေါင်းစည်းမတပ်တဲ့လူတွေရှိတယ်။ အစသဖြင့်ပေါ့နော် ဒီလိုမျိုးဖြစ်ခဲ့အခါကျတော့ နောက် လူတွေက လူစုလူဝေးနဲ့ တစ်နိုင်ငံလုံးမှာ အောင်ပွဲခံကြတယ်။ မဲဆွယ်ကြတယ်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ လူတွေစိတ်ထဲမှာ အရမ်းကို စိုးရိမ် စိတ်တွေ လျော့ကျသွားတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးတဲ့အခါမှာ လူတွေက ဘာမှမဆင်မခြင် တော့ဘူး။ အကုန်လုံး သွားလာကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲကာလမှာ လူ ထောင်လိုက်၊ သောင်းလိုက်ချီပြီးတော့ အုံလိုက်ကျင်းလိုက်ဖြစ်နေတဲ့ အခြေအနေမျိုးတွေက အခုအချိန်ကျမှ လူတွေကိုမစုပါနဲ့ ဆိုတာက ယုတ္တိဗေဒမကျဘူးလို့ သူတို့ ယူဆတယ်။ ဒါကြောင့်ဒီလိုအခြေအနေမျိုးမှာ လူတွေက နှာခေါင်းစည်းလည်း မတပ်ကြတော့ဘူး။ လမ်းမပေါ်မှာ ပုံမှန်အတိုင်း လူတွေရှိနေကြတယ်။ ဒီအခြေအနေက စိုးရိမ်စရာလည်းကောင်းပါတယ်။”

ရွေးကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ စည်းမျည်း စည်းကမ်းတွေအတိုင်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဒေသခံတွေ ပြောဆိုနေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်စုံတရာ တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။

ပြည်နယ်အစိုးရရုံးစိုက်ရာ စစ်တွေမြို့နယ်မှာ အစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ စည်းကမ်းတွေထုတ်ပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပေမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့ အခုကာလမှာ ထိန်းချုပ်ရေး လုပ်ငန်းတွေ မတွေ့ရဘူးလို့လည်း စစ်တွေမြို့ခံ ဒေါ်စိုးစိုးစံက ပြောပါတယ်။

“ကျွန်မတို့လမ်းပေါ်ထွက်လို့ရှိရင် အပြင်ထွက်တဲ့ကတ်တွေတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ တစ်ခါတလေဆိုလို့ရှိရင် နှာခေါင်းစည်း စစ်တဲ့အပြင်၊ ကတ်စစ်တဲ့အပြင် တခြား တစ်အိမ်က တစ်ယောက်ပဲ အပြင်ကိုသွားရမယ်ဆိုပြီး စည်းမျည်းစည်းကမ်းတွေ အများကြီးလုပ်တာကို တွေ့ရတယ်ပေါ့နော်။ သူတို့မြို့ကိုပစ်ပြီး လိုက်ဖမ်းနေတာကိုလည်း မြင်ခဲ့ရတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲပြီးတဲ့ကာလမှာတော့ အဲဒီလိုမျိုး အခု တော့မတွေ့ရသေးဘူးပေါ့။”

အဲဒီကိစ္စနဲ့ပတ်သက်လို့ ပိုမို သိရှိနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ သြဂုတ် (၁၆) ရက်နေ့ကလို့ စစ်တွေမြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မနေ့ကအထိ စစ်တွေမြို့နယ်မှာ ကူးစက်ခံရ သူ ၁၂၉၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကူးစက်ခံရသူ ၃၁၅၄ဦးနဲ့ သေဆုံးသူ ၂၀ ဦးအထိ ရှိ သွားပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်တွေမြို့နယ်မှာ အတည်ပြုလူနာတွေ ပိုများလာမှာကို ဒေသခံ တချို့က စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/increased-corona-positive-in-sittwe-11132020042812.html

ရွေးကောက်ပွဲအပြီး စစ်တွေမှာ အတည်ပြုလူနာပိုများလာ  ရွေးကောက်ပွဲအပြီး စစ်တွေမှာ အတည်ပြုလူနာပိုများလာ Reviewed by THITHTOOLWIN on 03:15 Rating: 5

No comments:

Powered by Blogger.