ပုသိမ်မှာ လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြတဲ့ ပါတီကြီး၂ခုက ဦးဆောင်သူ ၂၂ ဦးကို သဘာဝဘေးနဲ့အမှုဖွင့်

ပါတီကြီးတွေရဲ့ မဲဆွယ်အင်အားပြတာတွေက မြို့ကြီးအများစုမှာရှိနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ထောင်နဲ့ချီလူစုလူဝေးနဲ့ လှည့်လည်အင်အားပြခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေး(USDP)ပါတီက ဦးဆောင်သူ ၂၂ ဦးကို အောက်တိုဘာ ၂၂ ရက်နေ့က ပုသိမ်မြို့မရဲစခန်းမှာ သဘာဝဘေးဥပဒေ ပုဒ်မ ၂၉ နဲ့အမှုဖွင့်ထား ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးထွန်းရွှေက ဘီဘီစီကိုအတည်ပြုပြောဆို ပါတယ်။

ပုသိမ်မြို့ဟာ ကိုဗစ်ကပ်ရောဖြစ်ပွားမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့က တည်းက Stay at home အမိန့်ထုတ်ပြန်ထားတဲ့မြို့လည်းဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်ကနေ ၂၀ ရက်နေ့အတွင်း NLD နဲ့ USDP ပါတီကို ဝန်းရံသူတွေဟာ လူစုလူဝေးနဲ့ ပုသိမ်မြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကိုပါ လှည့်လည် အင်အားပြခဲ့တဲ့အတွက် အခုလို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရာဇာအေးက ဘီဘီစီကိုပြောပါတယ်။

' ' အမှုကတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်လို့ ရဲကပဲတရားလိုလုပ်ပြီး ဖွင့်ပါတယ်။ အဲဒီနေ့တွေမှာ စည်းကမ်း ထိန်းသိမ်းရေးအဖြစ် လိုက်ပါတဲ့သူတွေကိုတော့ သက်သေအဖြစ် ကျွန်တော်တို့ ပါဝင်မှာပေ့ါ။ မနေ့ကအထိ နောက်ဆုံးဖွင့်တဲ့အထိတော့ အရေးယူဖို့ တင်ပြထားတာ ၂၂ ဦးရှိပါတယ်။ ပါတီ ၂ခုစလုံးက ဦးဆောင် သူတွေပါ။''လို့ ဦးရာဇာအေးကပြောပါတယ်။

NLD ပါတီက လူအင်အားထောင်နဲ့ချီ အင်အားပြလှည့်လည်

အရေးယူပေးဖို့တင်ပြထားသူ ၂၂ ဦးဟာ ပါတီ ၂ခုရဲ့ လှည့်လည်အင်အားပြပွဲတွေကို ဦးဆောင်ခဲ့သူတွေဖြစ် တယ်လို့ သိရပြီး အဲဒီထဲမှာ မြို့နယ်အဆင့်ပါတီတာဝန်ရှိသူတွေတော့မပါဝင်ဘဲ ပါတီကို ဝန်းရံထောက်ခံသူ တွေနဲ့ ရပ်ကျေးအဆင့်ပါတီဥက္ကဋ္ဌအချို့တော့ ပါဝင်တယ်လို့ ဦးရာဇာအေးကပြောပြပါတယ်။

' ' အဓိကကတော့ ကိုဗစ်စည်းမျဉ်းနဲ့မညီလို့ပါ။ ပါတီနဲ့မဆိုင်ပါဘူး။ မနေ့ထဲက စခန်းက အမှုဖွင့်ထား ပါပြီ။''လို့ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

ပုသိမ်မြို့နယ်နည်းတူ stay at home ထုတ်ပြန်ထားတဲ့ မြို့နယ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများစုမှာ ပါတီတွေရဲ့ စည်းရုံးလှည့်လည်တာတွေကို လူထောင်သောင်းနဲ့ချီ လှည့်လည်ပွဲတွေ ရက်ဆက်ဆိုသလို ရှိနေပေမယ့် သဘာဝဘေးဥပဒေနဲ့ အရေးယူအမှုဖွင့်တာ ပုသိမ်မြို့က ပထမဆုံးလည်း ဖြစ်ပါတယ်။

' ' ကျွန်တော်တို့ကို စိုးရိမ်တဲ့ပြည်သူတွေက ဒို့ကျ မထွက်ရဘူး။ ဒါတွေကိုကျခွင့်ပြုတယ်ဆိုတာ တရားဥပဒေ မစိုးမိုးဘူးဆိုပြီး ဖိအားပေးတာ မြို့မိမြို့ဖတွေ ပြည်သူတွေက ပြောလာတော့ မဖြစ်သာလို့ အမှုဖွင့်ရတာပါ။ ပါတီတွေကြောင့်မဟုတ်ပါဘူး။'' လို့ အရေးယူဖို့ လုပ်ဆောင်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဦးရာဇာအေးက ပြောပြပါတယ်။

ပုသိမ်မြို့ပေါ်နဲ့အနီးတဝိုက်ကိုပါ လှည့်လည်

ပုသိမ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးလှည့်လည်ရာမှာ NLD ပါတီ၊ USDP ပါတီအပါအဝင် အခြားသော ပါတီအချို့လည်း လှည့်လည်တာတွေရှိပေမယ့်လည်း အရေးမယူရတာက ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့အညီလှည့်လည်တာတွေကြောင့်လို့ သူကပြောပြပါတယ်။

' ' ရွေးကောက်ပွဲကော်မရှင်က လူ ၅၀ ထက်မကျော်ရလို့ ထုတ်ပြန်ထားတာရှိတယ်။ တခြားပါတီတွေက လှည့်တာတွေရှိတယ်။ လူလေး ၂၀ လောက်နဲ့ ကား၂စီးလောက်နဲ့လှည့်တာတွေကျ အရေးယူလို့မရဘူး။ လူရာနဲ့ထောင်နဲ့ချီလို့သာ အရေးယူတာပါ'' လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ် မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရာဇာအေးက ရှင်းပြပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့အထိ ကိုဗစ်ဖြစ်ပွားသူ လေးသောင်းကျော်နဲ့ သေဆုံးသူဦးရေ တစ်ထောင်ကျော် သွားပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းအနေနဲ့ ဖြစ်ပွားသူ ၇၄၆ဦးရှိတဲ့အနက် ပုသိမ်မြို့နယ်က ၁၃၉ ဦးရှိခဲ့ပြီး ရောဂါပျောက်ကင်းသူ ၁၃၆ ဦးနဲ့ လက်ရှိဆေးရုံမှာ ကုသမှုခံယူဆဲက ၃ ဦးတို့ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54655954

ပုသိမ်မှာ လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြတဲ့ ပါတီကြီး၂ခုက ဦးဆောင်သူ ၂၂ ဦးကို သဘာဝဘေးနဲ့အမှုဖွင့် ပုသိမ်မှာ လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြတဲ့ ပါတီကြီး၂ခုက ဦးဆောင်သူ ၂၂ ဦးကို သဘာဝဘေးနဲ့အမှုဖွင့် Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.