![]() |
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညနေ ၄:၀၀ နာရီအချိန် မိုးလေဝသခန့်မှန်းချက်။ (ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - စက်တင်ဘာ ၁၈၊ ၂၀၂၀) |
မြန်မာနိုင်ငံကို စတင်ဖြတ်သန်းနေတဲ့ အပူပိုင်းမုန်တိုင်း NOUL ကြောင့် နေရာတော်တော်များများမှာ မိုးကြီးနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးထားပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း NOUL ဟာ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မိုးကြီးနိုင်တဲ့အတွက် ရေကြီးမှုတွေနဲ့ မြေပြိုမှု အန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“ကျနော်တို့ ထုတ်ထားတာက ၁၈ ရက်နေ့ အနေအထားနဲ့ ၂၂ ရက်နေ့ထိပေါ့နော်၊ တိုင်းဒေသကြီး ပြည်နယ်တွေမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်၊ ဒီရေကြီးတာကျတော့ မြစ်ငယ်၊ ချောင်းငယ်တွေ အဓိကတော့ အဲ့ဒီဒေသမှာရှိတဲ့ မြစ်ငယ်ချောင်းငယ်တွေမှာတော့ ရေကြီးရေလျှံမှုဖြစ်နိုင်တယ်ပေါ့နော်၊ အဓိကတော့ မုန်တိုင်းကြောင့် မိုးကြီးတဲ့ဥစ္စာက မိုးသက်လေပြင်ကြားမှာ အဲ့လိုမျိုးတွေ သတိပြုဖို့လိုတယ်၊ နောက်တစ်ခုက အခုနောက်ပိုင်းမှာ ကြုံတွေ့တဲ့ မြေပြိုမှုဘေးအန္တရာယ်ပေ့ါနော်... ဒါမျိုးတွေ သတိပြုဖို့လိုတယ်။ ဒီမုန်တိုင်းကနေ ထွက်လာတဲ့ ဒါနန်းကနေပြီးတော့ လောလောဆယ်တော့ မြန်မာပြည်ကို စဖြတ်နေတဲ့ အနေအထားမျိုးတော့ ရှိပါတယ်နော်။”
အပူပိုင်း NOUL မုန်တိုင်းအရိုန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း တို့အပြင် ပဲခူး၊ မွန်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ မိုးများနိုင်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အပူပိုင်းမုန်တိုင်း NOUL ဟာ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့အခါ လေပွေလှိုင်းအဖြစ် ပြောင်းလဲလာမှာဖြစ်တဲ့အတွက် ကြိုတင်သတိပေးဖို့ ပြင်ဆင်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
“တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ဟာက အမှန်တော့ ကိုယ့်ဘက်ရောက်ရင်တော့ လေပွေလှိုင်းပဲ ဖြစ်တော့မှာလေ၊ အဲ့ဒီဟာလေးတွေနဲ့ ပတ်သက်ပြီးတော့ အမက၊ အမတို့ facebook မှာ သတိပြုဖို့ ပြောထားတာရှိတယ်၊ အခု အစ်မတို့ကတော့ တီဗွီတို့ ဘာတို့မှာ ပြည်သူတွေအတွက်ဆိုပြီး ထပ်ထုတ်ဖို့တော့ အခုလုပ်နေတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေကို လေပွေလှိုင်းဖြတ်နိုင်တယ်ပေါ့၊ မိုးဇလက အဲ့လိုကြေညာထားတယ်လေး။ အဲ့လေပွေလှိုင်းဖြတ်နိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ထဲမှာရှိတဲ့ ပြည်သူတွေကတော့ မြေပြိုခြင်းတွေ ရုတ်တရက်ရေကြီးလို့ရှိရင် လျှပ်တပျက်ရေဘေးဖြစ်နိုင်တဲ့ အခြေအနေတွေ မြေပြိုနိုင်တာပေါ့နော်... ဒါတွေကို ဂရုစိုက်ဖို့ အဲ့လိုတွေထုတ်ဖို့ လုပ်နေတယ်။”
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာတချို့မှာ မိုးများပြီး ရေကြီးမှုတွေကြောင့် လူ ၅,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတုန်းကလည်း မန္တလေးတိုင်း မိုးကုတ်မှာ မိုးများရေကြီးခဲ့ပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်တချို့ ပျက်စီးပြီး လူထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသစ်က ပြောပါတယ်။
“ဘယ်လောက်ထိဖြစ်တာ လူအသေအပျောက်ကတော့ မိုးကုတ်မှာ ၄ ယောက်ပေါ့နော်၊ မိုးရေချိန်က စံချိန်တင်မိုးရေချိန်ဖြစ်တယ်ပေါ့နော်၊ ၆ ဒဿမ ၆၂ ဆိုတော့၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က အချိန်တိုအတွင်း မိုးရွာသွန်မှု များတာ အဲ့ဒါ ကျနော်တို့ တပြည်လုံးမှာ ဒီမိုးတွင်းကာလမှာ တော်တော်များများဖြစ်ပါတယ်။”
မြန်မာနိုင်ငံအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာ ၁၇ ရက်ထိ မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးများပြီး ရေကြီးခဲ့ရာက အိမ်ထောင်စု ၂၃,၀၀၀ ကျော်၊ လူဦးရေ တစ်သိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဂ္ဂနွန်/VOA (Burmese)
https://burmese.voanews.com/a/myanmar-weather-noul/5588522.html
![NOUL မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်း မိုးကြီးနိုင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIl-TuVLnHK8h_NzmVbtV4UucLk7j1MUTwRBwegBEzH0qZx9HjLgExE90o1gzKJhu0PoTWDOZACmJOi0NHrkEtxXMCArnh9GeDzgq2u6z12Mhr3ORHKeIz-vmXGDL_1iMF8ACURs4fFzY/s72-w500-c-h281/13.jpg)
No comments:
Post a Comment