ကယားပြည်နယ်ဝန်ကြီးချုပ်ကို အာဃာတနဲ့ ဝိုင်းဖြုတ်ချတာလို့ NLD ထုတ်ပြန်


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ပြည်နယ်လွှတ်တော်က ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ လာမယ့်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ထပ်အရွေးမခံရတာကြောင့် တခြားအရွေးမခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပေါင်းပြီး အာဃာတနဲ့ NLD ပါတီပုံရိပ် ထိခိုက်အောင် အချိန်ကိုက်ဆောင်ရွက်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို အရေးယူပေးဖို့ NLD ကိုယ်စားလှယ်တွေအပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လွှတ်တော်ကို တိုင်ကြားခဲ့တာပါ။ အဲ့ဒီနောက် လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့တာဖြစ်ပြီးတော့ စစ်ဆေးတွေ့ရှိချက်တွေကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး တာဝန်ကနေ ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ စွပ်စွဲတိုင်ကြားခဲ့တဲ့သူ ၃ ဦး ပြန်ပါနေတဲ့အတွက် တရားလိုနဲ့ တရားသူကြီး တစ်ယောက်တည်း ဖြစ်နေတဲ့ပုံစံ ဖြစ်နေပြီး လုပ်ထုံးလုပ်နည်းအရ မှားယွင်းနေကြောင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ၂၄ နာရီအတွင်းမှာ နိုင်ငံတော်သမ္မတက အကြောင်းပြန်ကြားပြီး ဝန်ကြီးချုပ်ရာထူးက ရပ်စဲကြောင်း ကြေညာခဲ့တာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့လည်း လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လေးစားလိုက်နာသောအားဖြင့်သာ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲလိုက်တာလို့ လက်ခံသဘောပေါက်ကြောင်း  NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်နောင်မှာ ဒီလိုကိစ္စမျိုးမဖြစ်အောင် ပါတီတွင်း ကြပ်မတ်သွားမယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှားတောမြို့နယ်ကနေ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ဆက်မပါတော့ပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဆီက တုံ့ပြန်ချက်တစုံတရာ မရသေးပါဘူး။

တာဝန်က ရပ်စဲခံရတဲ့ ဦးအယ်လ်ဖောင်းရှိုက တာဝန်ရှိအကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း၊ အတူလက်တွဲခဲ့ကြတဲ့ အစိုးရအဖွဲ့ဝင်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ကယားပြည်နယ်တိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်ကြဖို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ကယားပြည်နယ်ဝန်ကြီးချုပ်ကို အာဃာတနဲ့ ဝိုင်းဖြုတ်ချတာလို့ NLD ထုတ်ပြန် ကယားပြည်နယ်ဝန်ကြီးချုပ်ကို အာဃာတနဲ့ ဝိုင်းဖြုတ်ချတာလို့ NLD ထုတ်ပြန် Reviewed by THITHTOOLWIN on 08:52 Rating: 5

No comments:

Powered by Blogger.