ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးထပ်တိုး၊ ICU မှာကုသနေရသူ ၅ဦးရှိနေ

stay at home ကြေညာထားတဲ့မြို့နယ်တွေမှာ အဝင်အထွက်ကန့်သတ်တာတွေရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ကျော်ရှိလာချိန်မှာ အတည်ပြုလူနာအမှတ် ၁၀၂၃ ဟာ စက်တင်ဘာ ၃ ရက် ညပိုင်းမှာ သေဆုံးသွားခဲ့တဲ့အတွက် ကိုဗစ်ကြောင့် သေဆုံးသူဦးရေဟာ ၇ ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။

ဝေဘာဂီအထူးကုဆေးရုံမှာတက်ရောက်ကုသနေတဲ့ အသက် ၄၆နှစ်အရွယ် အရေပြားလေးဘက်နာရောဂါအခံရှိသူ အမျိုးသမီးလူနာ အမှတ်၁၀၂၃ ဟာ ကိုဗစ်ကြောင့် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနဲ့ ရုတ်တရက်နှလုံးစည်းချက်မမှန်ဘဲ အမောဖောက်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

' ' ကျောက်ကပ်ထိခိုက်ထားတဲ့အရှိန်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဓာတ်တုံ့ပြန်တဲ့ရောဂါရှိတယ်။ အဲတော့ ကိုဗစ်ရဲ့ဒဏ်ကိုမခံနိုင်ဘူးပေါ့နော်။ ICU ထည့်ပြီး အတော်ဆုံးသမားတော်တွေနဲ့ အနီးကပ်ကုသပေးခဲ့တာပါ။ လက်ရှိမှာ ကိုဗစ်ကြောင့် ICUထဲမှာကုနေရတာ ၅ယောက်ရှိတယ်။ ဝေဘာဂီ ၃ယောက် ၊တောင်ဥက္ကလာက ၂ယောက် ။ ဒီထဲက ဝေဘာဂီကတစ်ယောက်ကတော့ နဲနဲစိုးရိမ်ရတယ်။''လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာသန်းစိုးနိုင်ကဘီဘီစီကိုပြောပါတယ်။

ကိုဗစ်ကြောင့်သေဆုံးသူတွေဟာ ရောဂါအခံရှိသူတွေဖြစ်ပြီး ရောဂါအခံရှိသူတွေအနေနဲ့ ကိုဗစ်ရဲ့ဒဏ်ရော မူလရှိရင်းစွဲရောဂါအခံကြောင့် ပြင်းထန်စွာခံစားရနိုင်တာကို ကျန်းမာရေးဝန်ကြီး ဌာနက အစောပိုင်းထဲက ထုတ်ပြန်သတိပေးထားပြီးဖြစ်တယ်လို့လည်းဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ကုသပေးနေရတဲ့သူတွေအပြင် ပြင်ပမှာလည်း အောက်စီဂျင်ပေးကုသထားရသူ ၄ယောက်ရှိတယ်လို့ သိရပါတယ်။ အောက်ဆီဂျင်ပေးရသူတွေဟာ ဝေဘာဂီဆေးရုံ၊ ကလေးဆေးရုံ၊ ကန်တော်နဒီနဲ့ စစ်တွေဆေးရုံတို့ကဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ကြောင့် နှလုံး၊အဆုတ်နဲ့ အာရုံကြောတွေကိုပါ ထိခိုက်နိုင်


ကိုဗစ်-၁၉ ကြောင့် ဘယ်ကိုယ်တွင်းအင်္ဂါတွေ အဓိကထိခိုက်နိုင်လဲ

အဓိက ကိုဗစ်ကနောက်ပိုင်းမှာ အဆုတ်၊ အသက်ရှုလမ်းကြောင်းတစ်ခုထဲမှာထိခိုက်တာထက်စာရင် ခန္ဓာကိုယ်တစ်ခုလုံးကို အနှံ့အပြားကိုထိခိုက်စေတဲ့သဘောဖြစ်တော့ နောက်ပိုင်းမှာ WHOက အခေါ်အဝေါ်ပြောင်းလာတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

' ' corona virus disease က တကိုယ်လုံးကိုထိခိုက်နိုင်တယ်။ အဆုတ်တစ်ခုထဲမဟုတ်ဘူး။ အဲထဲမှာမှ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်တာက နှလုံးပါတယ်၊ အဆုတ်ပါတယ် ၊ဦးနှောက်နဲ့ အာရုံကြောစနစ် တွေပါတယ် ။''လို့ သူကဆက်ပြောပြပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အတည်ပြုလူနာ ၁၁၃၃ ဦးထိရှိလာခဲ့ပြီး ဒီထဲမှာ သေဆုံးသူ ၇ ဦးနဲ့ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင် လာသူက ၃၅၉ ဦးရှိပါတယ်။

၀န်ထမ်းတစ်ဦးမှာ ပိုးတွေ့လို့ စူပါမားကတ်ကို ယာယီပိတ်ထားခဲ့ရ

ကိုဗစ် ဒုတိယအကျော့မှာ ရခိုင်နဲ့ ရန်ကုန်မှာ ပိုးတွေ့လူနာအများဆုံးရှိနေ

ပြည်တွင်းကူးစက်မှုတွေပြန်လည်တွေ့ရှိလာခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့အတည်ပြုထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်က အတည်ပြုလူနာ အများဆုံးတွေ့ရှိခဲ့ရသလို ရန်ကုန်တိုင်းက ဒုတိယအများဆုံးဖြစ်ပါတယ်။

ပိုးတွေ့လူနာအများဆုံးတွေ့နေရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၇ခုကို နေအိမ်တွေမှာသာနေထိုင်ကြဖို့ Stay at home အမိန့်ကို ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၃ရက်နဲ့ ၄ရက်နေ့တွေက ရန်ကုန်မှာတွေ့ရတဲ့ ပိုးတွေ့လူနာတွေထဲ မြောက်ဒဂုံမြို့နယ်က စူပါမားကတ်တစ်ခုမှာ လုပ်ကိုင်သူတစ်ဦးနဲ့ လူဦးရေ ၃၀၀၀ နီးပါးရှိတဲ့ မင်္ဂလာဒုံ မြို့နယ်က စက်ရုံတစ်ရုံမှာ လုပ်ကိုင်နေသူတစ်ဦးတို့ပါဝင်လာခဲ့တာကြောင့် အဆိုပါစူပါမားကတ်နဲ့ စက်ရုံတို့ကိုယာယီပိတ်ထားဖို့ ကျန်းမာရေးက ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54025332

ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးထပ်တိုး၊ ICU မှာကုသနေရသူ ၅ဦးရှိနေ ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးထပ်တိုး၊ ICU မှာကုသနေရသူ ၅ဦးရှိနေ Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.