စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ်

မှတ်တမ်းဓါတ်ပုံ- မေလ ၁၆ ရက်နေ့တုန်းက ရန်ကုန် ကွာရန်တင်းစင်တာတခုတွင် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ်


COVID ကူးစက်မူအသစ် မြန်မာနိုင်ငံမှာ နောက်ဆုံး ၁၀၀ နီးပါး ထပ်စံချိန်တင် တွေ့ခဲ့ရပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်တာမို့၊ အများဆုံးလူနာတွေကိုင်တွယ်နေရတဲ့ စစ်တွေဆေးရုံမှာ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားမှာကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒေါက်တာဇော်လွင်ခင်ဗျား ကျနော်တို့အခု နောက်ဆုံး ပိုးတွေ့သူအသစ် ၉၅ ဦးပေါ့နော် စံချိန်တင် တက်သွားပြီးတော့ စုစုပေါင်းကလည်း ၉၀၀ နီးပါးလောက် ရောက်သွားတဲ့အခါကျတော့ မကြာခင်မှာ ထောင်ဂဏန်းကို ဝင်လာမယ့် အဆင့်ရှိတဲ့အတွက် အဓိက ဆရာတို့ ဆေးရုံဝန်ထမ်းတွေ ကူးစက်တာနဲ့ လူနာတွေကို ထိန်းသိမ်းနိုင်အောင်ပေ့ါနော်၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ ကျနော့်ကို ရှင်းပြပေးပါ။

ဒေါက်တာဇော်လွင်။ ။ အဓိကတော့ ကျနော်တို့ကတော့ဆေးရုံဆိုတော့ လူနာတွေ ဆေးကုသနိုင်ဖို့နေရာတွေကို အတတ်နိုင်ဆုံးပြင်တာပေါ့နော်။ ပြင်ထားတဲ့အထဲမှာ ဒီနေ့အထိ ၁၈၃ ယောက်ရှိပြီပေါ့နော်။ နောက်ထပ် COVID လူနာ ၁၁၀လောက်ကို ဆေးရုံကို သူနာပြုသင်တန်းကျောင်း တိုင်းရင်းဆေးရုံ ဆိုရင် နောက်ထပ် ၃ နေရာမှာ လူနာတွေ ၁၁၀လောက် သူတို့ လက်ခံနိုင်တဲ့အနေအထားရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ၁၁၀ ဆိုတာကလည်း နေ့ချင်းညချင်းပြောင်းသွားနိုင်တာပေါ့နော်။ အခုဟာ ရာဂဏန်းနဲ့ နီးပါးလောက် ချီပြီးတက်လာတော့ ဆရာ နောက်ထပ်ဘာများ စီစဉ်ထားတာရှိလဲ လူနာတွေထပ်များလာလို့ရှိရင် ။

ဒေါက်တာဇော်လွင်။ ။ ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားတာရှိပါတယ်။ စစ်တွေသက္ကသိုလ်ပေါ့ နေရာ အကျယ်ကြီးပေါ့နော် ၊ နောက်ထပ်ရန်ကုန် ဖောင်ကြီးလိုမျိုးပေါ့ အဲဒီမှာ အနည်းဆုံး ၃၀၀ လောက်အထိ အဲဒီနေရာတွေကိုလည်း ပြည်နယ်အစိုးရအဖွဲ့ကနေမှ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်နေတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီနေရာမှာ ရောဂါပိုးအသစ်ကလည်း ကူးတာ မြန်လွန်းအားကြီးတယ်ပေါ့နော်၊ တွေ့ထားတာက၊ ပြင်းထန်မှုကတော့ နည်းနေသေးတယ်။ ဒါပေမယ့် တခြားအိမ်နီးချင်းနိုင်ငံတွေမှာ အထူးသဖြင့် အိန္ဒိယ လိုမျိုးပေါ့နော် ပိုးတွေက ထပ်ပြီးတော့ မျိုးရိုးဗီဇပြောင်းပြောင်းပြီးတော့ သေနှုန်းပါ များလာတာ တွေ့ရတယ်။ အဲဒီအနေအထားမျိုးရော စစ်တွေမှာဖြစ်လာမှာ စိုးရိမ်ရသလား။

ဒေါက်တာဇော်လွင်။ ။ အခုကျနော်တို့က ပထမ Case (ပိုးတွေ့လူနာ) တွေဆို ဒါ (အခု) Second Week (ဒုတိယအပတ်) ပေါ့နော်၊ အနည်းဆုံးတော့ Third Week (တတိယအပတ်) အတွင်းပေါ့၊ ကျနော်တို့ နောက်တပတ်အတွင်းပေါ့ နည်းနည်းစောင့်ကြည့်ရဦးမှာပေါ့နော်။ ဒီမှာကတော့ အတတ်နိုင်ဆုံးတော့ ကျနော်တို့ကတော့ အသက်ရှုစက်တွေ ၄ လုံးကနေ ၆ လုံးအထိ တပ်လို့ရအောင် ကျနော်တို့ ပြင်ထားတာပေါ့။ တကယ်တမ်းကျတော့ အထူးသဖြင့် Ventilator (အသက်ရှုစက်) တင်ရတဲ့ Rate (နှုန်း)ကလည်း အင်မတန်မှ နည်းပါတယ်။ အရင်တုံးက Central (ဗဟို) မှာပေါ့၊ ရန်ကုန်တို့မှာ ဖြစ်တဲ့ဟာတွေဆိုရင်တော့ Ventilator (အသက်ရှုစက်) တင်ရတဲ့ rate (နှှုန်း) က တအားနည်းတယ်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ကျောက်ဖြူကိုတော်တော်များများ ပို့ထားတယ်လို့ ကြားပါတယ်ဆရာ။ ဝန်ထမ်းအင်အားရော အသုံးပြုဖို့ လုံလောက်ပါတယ်နော် ဒီစက်တွေသုံးဖို့အတွက်။

ဒေါက်တာဇော်လွင်။ ။ ဝန်ထမ်းအင်အားလက်ရှိ ကျနော်တို့ဆေးရုံမှာလည်း ရှိတယ် ။ Volunteer (စေတနာ့ဝန်ထမ်း) တွေလည်း ၈၆ ယောက်ဆိုတော့ အဲဒီမှာ အလွှာအသီးသီးပါပါတယ်။ အထူးကုရော၊ လက်ထောက်ဆရာဝန်တွေ၊ ဆရာမ၊ ကျွမ်းကျင်ပညာရှင်တွေရော အကုန်ပါတဲ့အတွက် လက်ရှိ အနေအထားကတော့ အဆင်ပြေလာမယ့် အနေအထားတော့ ရှိပါသေးတယ်။

ကိုဝင်းမင်း။ ။ နောက်တခု ဆရာ ကျနော်အထူးစိုးရိမ်တာက ဆေးရုံဝန်ထမ်းတွေ စထိတာကို၊ အဲဒီအခါကျတော့ ဆေးရုံဝန်ထမ်းတွေကလည်း နီးစပ်တဲ့လူက ဆေးရုံဝန်ထမ်းတွေကို။ အိန္ဒိယမှာဆိုရင် တော်တော်လေးကို ဆေးရုံဝန်ထမ်းတွေထိတာကို။ အဲဒီအခါကျတော့ အခုစစ်တွေဆေးရုံကို အခုဒီ ခွဲပြီးတော့ လုပ်တဲ့အနေအထား ပေါ့နော် COVID မဟုတ်တဲ့လူနာရယ် ၊ နောက် COVID လူနာရယ်ပေါ့နော် ။ အဲဒီအနေအထားက ရေရှည်မှာ ဆက်ထိန်းနိုင်ပါ့မလား ။ ရန်ကုန် ဝေဘာဂီမှာလို ပြင်ဆင်တဲ့အနေအထားရှိလား၊ သီးသန့်ပေါ့။

ဒေါက်တာဇော်လွင်။ ။ လက်ရှိမှာတော့ ကျနော်တို့အားသာတာကတော့ ရန်ကုန်ဆေးရုံထက်စာရင်တော့ ကျနော်တို့ မြေနေရာကျယ်တာပေါ့။ အဆောင်လိုက် သီးခြားရှိတယ်ပေါ့နော်။ အဆောင်ကူးတဲ့ လျှောက်လမ်းတွေမှာ ပိတ်လိုက်တာပေါ့နော်။ COVID က သပ်သပ်၊ COVID ကျတော့ ဆေးရံရဲ့ လမ်းနဲ့ သီးခြားဖြစ်တဲ့နေရာမှာ ကျနော်တို့က ဆောင်ရွက်တာပေါ့နော်။ ဒီအတွင်းပိုင်းတွေမှာတော့ Non-COVID တွေကို ကုတာပေါ့နော်။ နောက်ပိုင်းများလာရင်တော့ ခုနပြောတဲ့ လူအများဆုံးဆန့်တဲ့နေရာ စစ်တွေသက္ကသိုလ် နေရာတို့ ဒီ အားကစားရုံ နေရာမျိုးတို့ ရာပေါင်းများစွာချီပြီးတော့ ကုသနိုင်တဲ့နေရာမျိုးတွေ လိုအပ်မယ်ဆိုရင် ပြင်ဆင်နိုင်အောင်လို့ ဒါကြိုတင်ပြီးတော့ စဉ်းစားဆောင်ရွက်ထားတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ စစ်တွေဆေးရုံကို ဝေဘာဂီလိုပြောင်းမယ့်အစား ခုနကစစ်တွေတက္ကသိုလ်နဲ့ နောက်ပိုင်း အားကစားရုံအထိပါပေါ့နော် အဲဒီမှာ သီးသန့်လုပ်ဖို့ စဉ်းစားတဲ့သဘောပေါ့နော်။

ဒေါက်တာဇော်လွင်။ ။ ဟုတ်

ကိုဝင်းမင်း။ ။ ဆရာ ဆေးရုံပစ္စည်းတွေရော ပို့ဖို့လိုမလား ပြင်းပြင်းထန်ထန်ဖြစ်လာရင်။

ဒေါက်တာဇော်လွင်။ ။ လက်ရှိမှာတော့ တအားပြင်းထန်တာမရှိဘူးပေါ့နော်။ COVID လူနာ ရောဂါဆိုးတယ် ဆိုရင် ဆေးရုံမှာ ကုမယ် ၊ သက်သာတဲ့လူတွေဆိုရင် အဲလိုမျိုး အပြင် အပြင် Center(နေရာ) တွေမှာ ကုမယ်ပေါ့နော်။ နောက်ပိုင်းများလာရင်တော့ အဲလိုဆောင်ရွက်ရမှာပေါ့နော်။ အကောင်းဆုံးဖြစ်အောင်ကျနော် လူကြီးတွေလည်း ဒီမှာလိုအပ်ရင် ဆေးရုံလိုမျိုးများထပ်ပြီးတော့ ဆောက်ပေးရမလားဆိုတဲ့သဘောအထိ စဉ်းစားနေတာပေါ့နော်။ တကယ့် နိုင်ငံတော်အဆင့်အထိ စဉ်းစားနေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက်တခုက ဒီ ပိုးတွေ့လူနာတွေကို ရန်ကုန်ကို ပို့မယ့်အစီအစဉ်တွေဘာတွေရော စဉ်းစားထားတာ ရှိသေးသလား။

ဒေါက်တာဇော်လွင်။ ။ အဲဒါကတော့ လူကြီးတွေကတော့ အကြမ်းဖျဉ်း စဉ်းစားနေပါတယ်။ ခုနဆရာပြောသလိုပေါ့၊ ဒီမှာများသွားလိမ့်မယ်၊ တခုခုဆို။ ဟိုမှာ (ရန်ကုန်) မှာက ပြင်ပြီးသားအရံသင့်ရှိတာကို၊ ရှိတော့ သူတို့လည်းဒါကို ချိန်ဆနေတဲ့ အနေအထားမျိုးပေါ့။ နောက်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ လူကြီးတွေက စဉ်းစားပြီးတော့ ဆောင်ရွက်မယ်လို့ဆိုတာမျိုး ကျနော်တို့ဒါ သိရှိပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ အားလုံးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။


၀င်းမင်း/VOA (Burmese)

https://burmese.voanews.com/a/sittwe-covid-patients-likely-to-move-yangon-/5565404.html

စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ် စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ် Reviewed by THITHTOOLWIN on 18:18 Rating: 5

No comments:

Powered by Blogger.