ကိုဗစ်ကာကွယ်ရေး တရုတ်-မြန်မာနယ်စပ် တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက်

ကုန်တင်ကားတချို့ကို တရုတ် မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့အနီးမှာ တွေ့ရ။ (ဧပြီ ၂၀၊ ၂၀၁၉)

တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ပြီးနောက် နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်တာကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြံုနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ရောဂါပိုးစစ်ဆေးမှုတွေ၊ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလို၊ နယ်စပ်အဝင်အထွက်တွေကိုလည်း ထိန်းချုပ်လိုက်တာကြောင့် ကုန်သွယ်မှုတွေမှာပါ ရိုက်ခတ်လာခဲ့တာပါ။ ရွှေလီမြို့မှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ ပြန်လည် အသက်ဝင်လာတာကြောင့် မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ကုန်တင်ဖို့အတွက် ခက်ခဲကုန်တယ်လို့ မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

“ကျနော်တို့ အပေါက်ကြီးကို လုံးဝတော့ မပိတ်ဘူး၊ ဒါပေမဲ့ ကားအဝင်အထွက်လည်း နည်းသွားတာပေါ့ဗျာ၊ ကျယ်ဂေါင်နဲ့ ရွှေလီမှာ ကျနော်တို့ ဒီ ရွှေလီလည်း သွားလို့မရဘူး ကုန်သွားချလို့လည်းမရဘူး၊ ပြီးတော့ အလုပ်သမားတွေ စုစု၊ စုစုနဲ့ ကုန်တင်လို့လည်း မရဘူးဆိုတော့ ကျနော်တို့ ဒီရက်ပိုင်းကတော့ နည်းတာပေါ့ဗျာ၊ မရှိသလောက်ကို နည်းတာ။”

လူဦးရေ ၂၀၀,၀၀၀ ကျော် ရှိတဲ့ ရွှေလီမြို့ကို တပတ်လောက် ပိတ်ထားမယ်လို့လည်း ယူနန်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပြီးနောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်တွေ ကုန်ကားအဝင်အထွက် မရှိသလောက်ဖြစ်သွားတာပါ။ ပြည်တွင်းမှာ ရောဂါကူးစက်မှုတွေ တိုးလာနိုင်ခြေရှိလို့ နယ်စပ်မှာ ရောဂါထိန်းချုပ်ရေးတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်သံရုံးတာဝန်ရှိသူကတွေက မြန်မာအစိုးရ ကျန်းမာရေးဌာနနဲ့ တနင်္လာနေ့မှာ တွေ့ဆုံပြီး ပြောခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေဘက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီဆုံးဖြတ်ချက်နဲ့ ဒီနေ့ စက်တင်ဘာ ၁၈ ရက်ကစပြီး ပိတ်လိုက်ပါတယ်။ မြန်မာကားတွေကို ကိုးကန့်ဒေသဘက် အလာမခံတော့ပေမဲ့ တရုတ်ကားတွေကိုတော့ အဝင်ခံနေတဲ့အပေါ် ကုန်သည်တွေက ဝေဖန်နေကြပါတယ်။

ဒါတွေမျှမျှတတရှိအောင် အစိုးရနယ်စပ်ကုန်သွယ်ရေးက ဖြေရှင်းပေးသင့်တယ်လို့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအသင်း အတွင်းရေးမှူး ဒေါ်ကြူကြူကပြောပါတယ်။

“အဆင်မပြေဘူးလေ၊ ကုန်သွယ်ရေး ဘယ်လိုအဆင်ပြေမလဲ သူတို့က သံတံတားကနေ တရုတ်ဘက်ကို ပေးဝင်တယ်တဲ့၊ တရုတ်ပြည်က ကားတွေက ဝင်လာရော မြန်မာပြည်ကားကျ မပေးဝင်ဘူးတဲ့၊ ပေးထွက်တယ် မပေးဝင်ဘူးဆိုရင် ဘာထူးမှာတုန်း။ သူတို့ အကြောင်းပြချက်က လူဝင်လူထွက်များတယ် ကားဆရာတွေ ပြောစကားနားမထောင်ဘူး၊ လူစုလူဝေး လုပ်တယ်ဆိုရင် သူတို့လောင်းကစားဝိုင်းကျ ဘာလို့မပြောတုန်း။”

ရောဂါထိန်းချုပ်ရေးလုပ်နေလို့ မူဆယ်- ရွှေလီဂိတ်တွေကို ပိတ်ထားရပေမဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်နယ်စပ်ဂိတ်တွေ အကြောင်းပြချက် မခိုင်လုံဘဲ ပိတ်တာက ပြည်တွင်းက ရေထွက်ကုန်နဲ့ စိုက်ပျိုးရေးကုန်စည်တွေအတွက် အခက်အခဲဖြစ်သွားတယ်လို့ လားရှိုးစက်မှုကုန်သည်အသင်းရဲ့ အတွင်းရေးမှူး နန်းအေးစိန်က ပြောပါတယ်။

“ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အစိုးရအဖွဲ့ပေါ့နော်၊ သူတို့ကနေပြီး အဝင်အထွက်မလုပ်ရဘူး သူတို့ချင်းရွှေဟော်မြို့ကို lockdown ချလိုက်တဲ့သဘော ဖြစ်တာပေါ့နော်။ အပြင်မှာတော့ သူတို့ရဲ့ဒေသ ကျန်းမာရေး လုံခြုံမှုအတွက်လို့တော့ ပြောကြတယ် အချင်းချင်း။ ဒီတော့ ကျမက အကြံပေးတယ်၊ လက်ရှိကျမတို့ ရွှေလီအပေါက်လည်း ပိတ်ထားတယ် ဆိုတော့လေ။ ကုန်သည်တွေကလည်း ဒီအပေါက်ကလေး တခုပဲကျန်တော့တာပေါ့၊export ရော၊ import ရောပေါ့။ တော်တော်များများက ဒီအပေါက်ကလေးပဲ အားကိုးပြီး သွားနေကြတယ်ဆိုတော့ ကျမတို့ရဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ရှိမယ်၊ စားသုံးကုန်တွေ ရှိမယ်၊ ကသီလင်တတော့ ဖြစ်ကုန်တာပေါ့နော်။ ကျမတို့ ချင်းရွှေဟော် မြို့အဝင်ကိုလည်း ဒါရိုင်ဘာ ချိန်းပြီးသွားရင်ကော အဆင်ပြေမလား။ သူတို့ ကိုးကန့်ဒေသအတွက်လည်း အဆင်ပြေမယ် အဲလိုတော့ အကြံပေးထားပါတယ်ရှင့်။”

ကုန်သည်တွေကတော့ တရုတ်ဘက်အခြမ်းရော၊ မြန်မာဘက်အခြမ်းပါ လိုတာထက်ပိုပြီး ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်မှုတွေလုပ်လာမှာ စိုးရိမ်ကြလို့ ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်- မယ်ဆိုင်နယ်စပ်ဂိတ်မှာတော့ တရက်ကို ကုန်ကား ခြောက် စီးပဲ အပြန်အလှန်ခွင့်ပြုဖို့ စက်တင်ဘာ ၁၇ ရက်ကစပြီး ညှိနှိုင်းထားကြပါတယ်။

မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းအရဆိုရင် ၂၀၁၉ ကနေ ၂၀၂၀ ဇူလိုင်လအထိ မူဆယ်နယ်စပ်ဂိတ် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ သန်း ၄,၁၀၀ ကျော်ရှိပြီး၊ ချင်းရွှေဟော်ဂိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်ရှိနေပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/myanmar-china-border-covid/5588570.html

ကိုဗစ်ကာကွယ်ရေး တရုတ်-မြန်မာနယ်စပ် တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက် ကိုဗစ်ကာကွယ်ရေး တရုတ်-မြန်မာနယ်စပ် တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက် Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.