ကော့မှူးမြို့နယ်အတွင်း ပိုးတွေ့လူနာတွေရှိလာ

ကော့မှူးမြို့ကို တွေ့ရစဉ်


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာတွေ့ခဲ့တဲ့ ပိုးတွေ့လူနာနဲ့ ဆက်စပ်ခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရာကနေ ကော့မှူးမြို့နယ်မှာ ပိုးတွေ့လူနာ သုံးဦးခန့် ရှိလာပါတယ်။

အသက် ၆၄ နှစ်အရွယ် ကော့မှူးမြို့နယ်၊ NLD ပါတီဥက္ကဋ္ဌ တစ်ဦး၊ အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ် NLD ပါတီဝင် နှစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိတာဖြစ်တယ်လို့ ကော့မှူးမြို့ခံတစ်ဦးဖြစ်တဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဒေါ်စုစုနွေးက RFA ကို ပြောပါတယ်။

လက်ရှိမှာ ကော့မှူးမြို့နယ်၊ မြို့မရပ်ကွက်က အထကကျောင်းမှာ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်ခဲ့သူတွေကို သီးသန့်ထား စောင့်ကြည့်နေတာ အယောက် ၃၀ ခန့်ရှိနေပါပြီ။

ဒီနေ့မနက်ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာသစ်တွေထဲမှာ ဟင်္သာတမြို့နယ်က လူနာအမှတ် (၁၄၂၀) ဟာဆိုရင် ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်းထဲ ဝင်ရောက်လာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို လုံခြုံရေး တာဝန်ယူ ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဧရာဝတီတိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာဆိုရင်လည်း ပိုးတွေ့လူနာတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လာပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မင်္ဂလာတောင်ညွန့် မြို့နယ် ဒုရဲမှူးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နေ တယ်လို့ ပြောပါတယ်။

ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ ဒုရဲမှူးဟာ စက်တင်ဘာ ၁ ရက်နေ့မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ရောက်ရှိလာတာ ဖြစ်ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဝန်ထမ်း ရှစ်ဦး ရှိကြောင်းနဲ့ သူတို့ကိုလည်း စောင့်ကြည့်နေကြောင်း ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်က ရေကြောင်းရဲတပ်ဖွဲ့ အမှတ် ၃ ရေကြောင်း ရဲကွပ်ကဲမှု၊ အဖွဲ့ခွဲမှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲအရာရှိ နှစ်ဦးကို သံသယလူနာတွေအဖြစ် စောင့်ကြည့်ခဲ့ပြီး တစ်ဦးမှာပိုးတွေ့လို့ ဒီနေ့မနက်မှာ အဲဒီရုံးကို အသွားအလာကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-corona-in-kawhmu-09072020044005.html

ကော့မှူးမြို့နယ်အတွင်း ပိုးတွေ့လူနာတွေရှိလာ ကော့မှူးမြို့နယ်အတွင်း ပိုးတွေ့လူနာတွေရှိလာ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.