တာချီလိတ်နယ်စပ် မယ်ဆိုင်ဘက်ခြမ်း ထိုင်းစစ်ဦးစီးချုပ် စစ်ဆေးကြည့်ရှု

ထိုင်းနယ်ခြားစောင့်တပ်တွေ စစ်ဆေးကြည်ရှုနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၀၄၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နေတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်အကြီးအကဲ ကိုယ်တိုင် အခြေအနေတွေကို သွားရောက် စစ်ဆေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နယ်စပ်တွေမှာ တရားမဝင် ဖြတ်ကျော် ဝင်ရောက်သူတွေ ရှိနေတာကြောင့် ရောဂါပျံ့နှံ့မှာ စိုးရိမ်တာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံက နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးနေတာ ဖြစ်ပါတယ်။ နယ်စပ်အဝင်အထွက် တော်တော်များများကို ကန့်သတ်ထားပြီး နယ်စပ်ဒေသက စာသင်ကျောင်းတချို့ကိုပါ ပိတ်ထားတဲ့အထိရှိခဲ့တာပါ။ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုယ်မြို့ကိုလည်း ထိုင်းစစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Apirat Kongsompong မနေ့ကပဲ ရဟတ်ယာဉ်နဲ့ သွားရောက် စစ်ဆေးခဲ့တာပါ။

ထိုင်းစစ်တပ်အကြီးအကဲက တာချီလိတ်မဲဆိုယ် နယ်ကြားက မယ်ဆိုင်မြစ်တလျှောက် လှည့်လည် စစ်ဆေးခဲ့သလို ကပ်ရောဂါ မပြန့်ပွားအောင် မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို သတိထားစောင့်ကြည့်ဖို့လည်း ဒေသခံအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကပ်ရောဂါ ကာလမှာပဲ နယ်စပ်တွေမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ထွက်သွားလာမှုတွေ ရှိနေတာကြောင့် ထိုင်းနိုင်ငံက စိုးရိမ်နေတာလို့လည်း မြန်မာအလုပ်သမားရေး လှုပ်ရှားနေတဲ့ ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက ဦးမင်းဦးက ပြောပါတယ်။

"မြန်မာပြည်ကို အရေးပေါ်ပြန်သွားတယ်။ အထွက်တုံး မထုသွားဘူး။ ပြီးတဲ့အခါကျတော့ သူတို့က ဒီထဲကိုပဲ ပြန်ပြီးတော့ တရားမဝင် အဲ့ဒီလိုပဲ ပြန်တော့ ပြန်လိုက်တယ်။ ပြီးတဲ့အခါမှာ သူတို့က တရားဝင်အထောက်အထားက ရှိနေတဲ့အခါကျတော့ သူတို့က အသာလေး ဒီတိုင်းပဲ ပြန်နေလိုက်တယ်။ အဲ့ဒါက ပိုစိုးတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က တရားဝင်နေလို့ရတဲ့အတွက်ကြောင့် သူတို့ကို စစ်လို့ ဆေးလို့ မရဘူးလေ။ ဆိုတော့ အဲဒီလူတွေထဲက ဘယ်နှစ်ယောက်လောက် ဝင်ထွက်လာနေလဲဆိုတာ မသိဘူး။ အဲဒါကပြဿနာရှိတာ။ ကျနော်က အဲဒါကိုစိုးရိမ်နေရတာ။"

နယ်စပ်ဒေသတွေမှာ ထိုင်းနိုင်ငံက လုံခြုံရေးတိုးမြှင့်ထားတဲ့ကြားကပဲ မြန်မာနိုင်ငံဘက်ကနေ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေတာ ရာဂဏန်း ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်ဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေက တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးမိတယ်ဆိုရင် ချက်ခြင်းပြန်မောင်းထုတ်တာတွေလည်း ရှိနေပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသ ၁၀ ခုမှာ အဝင်အထွက်တွေကိုလည်း ထိုင်းနိုင်ငံက မကြာသေးခင်ကပဲ ပိတ်ထားလိုက်ပါတယ်။ 


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-border-tachileik/5570729.html

တာချီလိတ်နယ်စပ် မယ်ဆိုင်ဘက်ခြမ်း ထိုင်းစစ်ဦးစီးချုပ် စစ်ဆေးကြည့်ရှု တာချီလိတ်နယ်စပ် မယ်ဆိုင်ဘက်ခြမ်း ထိုင်းစစ်ဦးစီးချုပ် စစ်ဆေးကြည့်ရှု Reviewed by THITHTOOLWIN on 19:05 Rating: 5

No comments:

Powered by Blogger.