ပြန်ပေးဆွဲသတင်းနဲ့အတူ အိန္ဒိယ - တရုတ်ကြားတင်းမာမှုမြင့်

အိန္ဒိယနဲ့တရုတ်အကြား နယ်စပ်အငြင်းပွားမှုက နှစ်ပေါင်းများစွာ ရှိနေ

နယ်စပ်နဲ့ကပ်နေတဲ့ ပြည်နယ်တစ်ခုအတွင်းက အိန္ဒိယအရပ်သား ၅ ယောက်ကို တရုတ်တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားကြတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထွက်လာခဲ့ပြီးတဲ့နောက် ဒေလီနဲ့ ဘေဂျင်းအကြား တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

အာရုနာချာ ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်က လွှတ်တော်အမတ် တစ်ယောက်က စက်တင်ဘာ ၅ ရက်နေ့က ပထမဆုံး ဒီစွပ်စွဲချက်ကို သူ့တွစ်တာကနေ ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယ အစိုးရဝန်ကြီး တစ်ယောက်ကလည်း တရုတ်စစ်တပ်ဆီကို "အရေးပေါ် သတင်းစကား" ပို့ထားပြီးပြီလို့ ပြောပါတယ်။

တရုတ်နိုင်ငံက အခုထိတော့ ဘာမှတုံ့ပြန်တာမျိုးမရှိသေးပေမဲ့ ထွက်လာတဲ့ စွပ်စွဲချက်တွေက နှစ်နိုင်ငံကြား နောက်ထပ် တင်းမာမှုတွေ တိုးလာပုံကို ပြနေပါတယ်။

တွစ်တာကနေ သတင်းပါးရာမှာ အမတ် တာပါဂေါင်က နယ်စပ်နားမှာ အဲဒီ ပြန်ပေးဆွဲမှု ဖြစ်ခဲ့တာက စက်တင်ဘာ ၃ရက်နေ့ကလို့ ဆိုပါတယ်၊ တခြားအသေးစိတ်တွေ ကိုတော့ ဘာမှ သူမပြောပါဘူး။

သတင်းထောက်တစ်ယောက်က အစိုးရဝန်ကြီး ကီရန် ရီဂျိဂျုကို အဲဒီ တွစ်တာသတင်းနဲ့ ပတ်သက်ပြီးမေးရမှာ အိန္ဒိယစစ်တပ်က တရုတ်စစ်တပ်ဆီက ဘာသတင်းပြန်မလဲဆိုတာကို စောင့်နေတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေချိန်မှာ အခုလို ပြန်ပေးဆွဲတယ်ဆိုတဲ့ စွပ်စွဲချက် သတင်းထွက်လာတာပါ။

အိန္ဒိယက တရုတ်ဟာ ဩဂုတ်လအတွင်းက သီတင်းပတ်တစ်ပတ်ကြာတဲ့ ကာလအတောအတွင်း မှာပဲ နယ်စပ်မှာ စစ်ရေးအရ တင်းမာမှုဖြစ်အောင် ရန်စတာ နှစ်ကြိမ်လုပ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဘေဂျင်းဘက်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရတ်ချ်နား ဆင်းဟာ စက်တင်ဘာ ၅ ရက်နေ့က တရုတ်ပြည်ထဲရေး ဝန်ကြီးနဲ့ မော်စကိုမှာတွေ့ဆုံခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုက ဆက်ဆံရေးတွေ တစ်စုံတစ်ရာပြန်ကောင်းလာဖို့ ရည်ရွယ်ပုံရခဲ့ပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အငြင်းအခုံဖြစ်တာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

တရုတ်က နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက် ဆိုင်နေရပြီး မပြေမလည်ဖြစ်နေရတာက အိန္ဒိယရဲ့ အမှားကြောင့်ပဲ ဖြစ်နေတာလို့ ဆိုပြီး သူတို့မြေကို တစ်လက်မမှ အဆုံးခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

အိန္ဒိယကလည်း တရုတ်ဟာ တပ်တွေအများအပြားတိုးချလာခဲ့တယ်၊ ရန်စလာပြီး နဂိုမူလရှိနေမြဲ အခြေအနေကို ပြောင်းသွားအောင် တစ်ဖက်သတ်လုပ်နေတယ်လို့ စွပ်စွဲပါတယ်။

ဇွန်လနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်တာမျိုး အသစ်ဖြစ်လာတာမရှိပေမဲ့ ရန်ပွဲအငယ်လေးတွေက ကြိုကြားကြိုကြား ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့သလို နယ်စပ်အခြေအနေက အချိန်မရွေးပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဇွန်လအတွင်းက နှစ်ဖက်တပ်တွေ သေနတ်ပစ်ခတ်တာမပါတဲ့ ရန်သတ်တိုက်ခိုက်ကြတဲ့ပွဲတွေမှာ အိန္ဒိယ စစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်၊ အတည်မပြုနိုင်ပေမဲ့ တရုတ်ဘက်က အထိအခိုက် အသေအပျောက် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

လူသူ အခြေချနေထိုင်ဖို့မဖြစ်နိုင်သေးတဲ့ တောင်တန်းတစ်လျှောက် နယ်စပ်စည်းမျဉ်း အတိအကျမရှိသေးတဲ့ ဟိမဝန္တာတောင်တန်းပေါ်က လာဒါ့ခ်အရပ်မှာ တစ်ဖက်ကနေ သူတို့ကို ရန်စတယ်လို့ နှစ်နိုင်ငံလုံးက အပြန်အလှန်စွပ်စွဲလာနေကြတာပါ။

စစ်ဘက်ဆိုင်ရာ တပ်မှူးတွေ၊ သံတမန်တွေ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပေမဲ့ နျူကလီးယား လက်နက်တွေ ကိုယ်စီကိုင်ထားကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် အငြင်းပွားတဲ့အရေးကို ပြေလည်အောင် မရှင်းနိုင်ကြသေးပါဘူး။

နယ်စပ်ကို အိန္ဒိယက တပ်အင်အားတွေ ထပ်ဖြည့်စေလွှတ်

ဇွန်လအတွင်းက ဘာတွေဖြစ်ခဲ့လဲ

ပေပေါင်း ၁၄,၀၀၀ မြင့်မားပြီး မတ်စောက်တဲ့ တောင်တန်းတွေရဲ့ထိပ်က တောင်စောင်းနေရာ ကျဉ်းကျဉ်းလေးတွေပေါ်မှာ နှစ်ဖက် စစ်တပ်တွေ ရန်သတ်တိုက်ခိုက်ပွဲတွေဖြစ်ခဲ့ပြီး အိန္ဒိယ စစ်သားတချို့ တောင်အောက်မှာ ဖြတ်စီးနေတဲ့ ရေခဲမှတ်ထက်အောက်ရောက်အောင် အေးနေတဲ့ ဂယ်ဝမ်မြစ်ထဲကို ထိုးကျခဲ့တဲ့ အကြောင်း သတင်းတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီရန်သတ်ပွဲတွေကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့တဲ့အပြင် အနည်းဆုံး နောက်ထပ် စစ်သား ၇၆ ယောက်လည်း ဒဏ်ရာတွေရခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။ တရုတ်ကတော့ သူတို့ဘက်က အထိအခိုက် အကျအဆုံးစာရင်းကိုမထုတ်ပြန်ပါဘူး။

အဲဒီ ဧရိယာတစ်ဝိုက် သေနတ်တွေ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကို တားမြစ်ထားတဲ့ ၁၉၉၆ သဘောတူညီချက် အရ သေနတ် လက်နက် မပါဘဲ နှစ်ဖက်တပ်ဖွဲ့တွေ ချခဲ့ကြတာပါ။

နှစ်ဖက်တပ်တွေ ဘာလို့ ရန်သတ်ပွဲဖြစ်ခဲ့တာလဲ

နှစ်နိုင်ငံကြား အငြင်းပွားနေကြတဲ့ နယ်စပ်တစ်ကြောမှာ သတ်မှတ်ထားတဲ့ နယ်ခြား ထိန်းချုပ်ရေး စည်းကလည်း အသေအချာကို ပိုင်းခြား သတ်မှတ်ထားတာမဟုတ်ပါဘူး။ မြစ်တွေ၊ ကန်တွေ၊ နှင်းဖုံးတဲ့ အရပ်တွေ ရှိနေတာကြောင့်လည်း အဲဒီစည်းက ရွှေ့ပြောင်းနေတဲ့ သဘောရှိပါတယ်။

ကမ္ဘာက အကြီးဆုံးစစ်တပ်တွေထဲက နှစ်တပ်ကို ကိုယ်စားပြုနေတဲ့ စစ်သားတွေဟာ စည်းတစ်ဖက်ခြမ်းစီကနေ နေရာပေါင်းများစွာမှာ မျက်နှာချင်းဆိုင် နေနေကြတာပါ။ အိန္ဒိယက တရုတ်ဟာ လာဒါ့ခ်ရဲ့ ဂယ်ဝမ် တောင်ကြားဒေသကို ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားတယ်၊ ၁၄,၇၀၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ သူတို့ပိုင်နက် ဧရိယာကို သိမ်းပိုက်ထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စု အတွင်း ဆွေးနွေးခဲ့ကြတာ အကြိမ်များစွာရှိခဲ့ပေမဲ့ နယ်စပ်အငြင်းပွားတဲ့အရေးကို မဖြေရှင်းနိုင်ခဲ့ကြပါဘူး။

၁၉၆၂ နှစ်မှာ နှစ် နိုင်ငံကြား စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အိန္ဒိယက မရှုမလှ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

အဲဒီ နယ်စပ်ဒေသတစ်လျှောက် ကားလမ်းတွေ အမြန်ဖောက်နိုင်ဖို့ အိန္ဒိယက ကြိုးပမ်းနေ

တင်းမာမှုတွေ အခုတလောမှာ မြင့်တက်နေရတဲ့ အကြောင်းရင်းတွေက အများအပြားရှိပါလိမ့်မယ်၊ ဒါပေမဲ့ နှစ်နိုင်ငံကြား သေနင်္ဂဗျူဟာကျကျ ပြိုင်ဆိုင်နေကြတာက အခြေခံပါ။

လူသူကင်းဝေးတဲ့ အဲဒီ လာဒါ့ခ် နယ်စပ်တစ်ကြောမှာ အိန္ဒိယက လမ်းသစ်တွေဖောက်နေတဲ့ ကိစ္စက တကယ်လို့ ပဋိပက္ခဖြစ်လာရင် လူတွေ၊ ရုပ်ဝတ္တုပစ္စည်းတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့န်နိုင်ဖို့ ရည်ရွယ်တာလို့ ကျွမ်းကျင်သူ ပညာရှင်တွေကပြောပါတယ်။

အဲဒီဒေသမှာ အခြေခံအဆောက်အအုံတွေ တိုးလုပ်ဖို့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်အပေါ် ဘေဂျင်းကအစိုးရက အမျက်ထွက်သွားပုံရတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54058206

ပြန်ပေးဆွဲသတင်းနဲ့အတူ အိန္ဒိယ - တရုတ်ကြားတင်းမာမှုမြင့်  ပြန်ပေးဆွဲသတင်းနဲ့အတူ အိန္ဒိယ - တရုတ်ကြားတင်းမာမှုမြင့် Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.