ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့ပြီး ဆေးရုံမှာကိုဗစ် လူနာတွေနဲ့ပြည့်

ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့

ရခိုင်ပြည်နယ် စစ်တွေမြို အရှေ့မြောက်ဘက် ၁၅မိုင် ခန့်အကွာ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ ပေါက်တောမြို့မှာ စက်တင်ဘာလ ၆ ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၅ ဦးထပ်တိုးလာတဲ့အတွက် ဆေးရုံမှာ လူနာတွေပြည့်နေပြီလို့ ဒေသခံတွေဆီကနေ တစ်ဆင့် သိရပါတယ် ။

ပေါက်တော ဆေးရုံဟာ ခုတင် ၂၅ ခုတင်ဆန့်ဖြစ်ပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့ ထပ်တိုးလူနာ တွေကြောင့် ကိုဗစ်လူနာ ၃၅ ဦးအထိရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်မှုတွေ စတင် ဖြစ်ပွားနေတာ သီတင်းပတ် ၃ ပတ် ကျော်ပြီဖြစ်ပြီးတော့ အဲဒီမှာ ရမ်းဗြဲမြို့နယ်က လွဲပြီး မြို့နယ်တိုင်းလိုလို ပိုးတွေ့ လူနာ တွေ့ရှိထားရာမှာ အများဆုံးကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ ပေါက်တော မြို့တွေ ဖြစ်ပါတယ်။

အဲဒီထဲက ခုတင်၂၅ ခုတင်ဆန့် ဆေးရုံပဲ ရှိတဲ့ ပေါက်တောမှာ ပိုးတွေ့လူနာတွေ ထပ် တိုးလာရင် မနိုင်မနင်း ဖြစ်လာနိုင်လို့ ဒေသခံတွေကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။

ကူးစက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုဗစ် ရောဂါပိုး အတည်ပြုလူနာ တွေ့ရှိမှုက ရခိုင်ပြည်နယ်မှာ သိသိသာသာ လျော့ကျ နေခဲ့ရာကနေ စက်တင်ဘာ ၇ ရက်မှာ ပိုးတွေ့ နှုန်း ပြန်လည် မြင့်တက်လာတာ တွေ့ရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ စစ်တွေမှာ ပိုးတွေ့ လူနာ အသစ် ၁၆ ဦး ရှိပြီး ပေါက်တောမြို့နယ်မှာတော့ ၁၅ ဦးရှိနေပါတယ်။

ပေါက်တောက ပိုးတွေ့သူ အားလုံးက ဒေသတွင်း ကူးစက်မှုတွေ ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ အထိ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ သတင်းအချက်အလက်တွေရ စစ်တွေမှာ ကိုဗစ်အတည်ပြု လူနာ ၂၉၀ ခန့်၊ ကျောက်ဖြူ မှာ ၆၆ ဦးခန့်နဲ့ ၊ပေါက်တောမှာ ၃၅ ဦး ခန့် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ပေါက်တောမြို့နယ်အတွင်း ပိုးတွေ့လူနာတွေ ပြန်လည်မြင့်တက်လာတာက လက်ရှိ ရခိုင်မှာ ပိုးတွေ့ လူနာ အများဆုံးဖြစ်နေတဲ့ စစ်တွေမြို့နဲ့ နီးစပ်တဲ့ဒေသတစ်ခု ဖြစ်တာကြောင့် လို့ ဒေသခံ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Aung Kyaw Htwee

၂၅ ခုတင်ဆံ့ ပေါက်တောဆေးရုံမှာ လက်ရှိ ဆေးကုသမှုပေးနေရတဲ့ ပိုးတွေ့ လူနာပေါင်း က ၃၅ ဦးအထိ ရှိလာနေပါတယ်။ အဲဒီမှာ ဆရာဝန်ကြီး ၁ ဦး၊ လက်ထောက်ဆရာဝန် ၁ ဦး၊ အကူဆရာဝန် ၂ ဦးနဲ့ သူနာပြု ၁၂ ဦးပဲ ရှိတယ်လို့ ပေါက်တောဆေးရုံ ဆရာဝန်ကြီး ဒေါက်တာကိုကိုအောင်က ပြောပါတယ်။

ပိုးတွေ့လူနာတွေ အခုထက် ပိုမိုများပြားလာခဲ့လို့ရှိရင် အပြင်မှာလည်း ကုသဆောင်တွေ ဖွင့်လှစ်ဖို့နဲ့ ကွာရန်တင်း စင်တာတွေ တိုးချဲ့ဖို့အတွက် နေရာအခက်အခဲ ရှိနေတယ်လို့ လည်းဆိုပါတယ်။

" ကျန်းမာရေးဝန်ထမ်းတွေနဲ့ ၂၅ ခုတင်ဆံ့ ဆေးရုံဝန်ထမ်းအင်အားနဲ့ ဘယ်လိုမှ လုံလောက်တဲ့ အနေအထားက မရှိဘူးဗျ။ အခု ထပ်တိုး လူနာပါဆိုရင် ၃၀ ကျော်ဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ ပေါက်တော ကျန်းမာရေးဝန်ထမ်းတွေရော လူထုအတွက်ပါ အခက်တွေ့နိုင်တယ်။ စိုးရိမ်စရာဖြစ်နိုင်တဲ့ အနေအထားပဲ၊ပေါက်တောက ကိုဗစ် အတည်ပြု လူနာ အသစ်တွေကို စစ်တွေ မြို့ကို ပို့ဖို့ ကလည်း အဲဒီမှာ ပိုးတွေ့ လူနာတွေ များနေလို့ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ " လွှတ်တော် အမတ် ဦးအောင်ကျော်ထွီးက ဆိုပါတယ်။

စစ်တွေမှာတော့ စစ်တွေ ဆေးရုံ အပြင် သူနာပြုသင်တန်းကျောင်းနဲ့ တိုင်းရင်းဆေးရုံတွေ မှာ လူနာတွေ ခွဲထားနေရပြီး ထပ်တိုး လာရင် စစ်တွေတက္ကသိုလ်မှာ တိုးချဲ့ ထားရှိဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။

ပေါက်တော ဆေးရုံဟာ ခုတင် ၂၅ ခုတင်ဆန့် ဆေးရုံဖြစ်

ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လ ၁၆ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် ၁၉ ပြည်တွင်း ပိုးကူးစက်မှု အခြေအနေဟာ သီတင်း၃ ပတ်ကျော် အတွင်းမှာ မြို့နယ်ပေါင်း ၁၆ ခု အထိ ပျံ့နှံ့ သွားပြီး ပိုးတွေ့လူနာ ၅၀၀ ကျော် မြင့်တက်ခဲ့ပါတယ်။

အဲဒီထဲမှာ မြို့တော် စစ်တွေနဲ့ ရခိုင် တောင်ပိုင်းက ကျောက်ဖြူ ပြီးရင် ပေါက်တောမြို့နယ်က တတိယ အများဆုံးနေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုးက လူထုထဲမှာ ဘယ်လောက်ထိ ကူးစက်မှုတွေ ရှိနေပြီလဲဆိုတာကို မသိနိုင်တဲ့အတွက် ကျန်းမာရေးဌာနအနေနဲ့ မူဝါဒတွေပြောင်းပြီးတော့ ပြန်လည် သုံးသပ်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့ လွှတ်တော် အမတ် ဦးအောင်ကျော်ထွီးက ဆိုပါတယ်။

ပေါက်တော တစ်ဖက်ကမ်း စစ်တွေမြို့နယ်အတွင်းမှာတော့ ပိုးတွေ့လူနာပေါင်း ၃၀၀ နီးပါး အထိ ရှိ နေပြီး အဲ့ဒီထဲက ပိုးကင်းစင်သွားလို့ နေပြန်ကောင်းလာသူတွေကို စက်တင်ဘာ ၅ ရက်နေ့မှာ ၁၀ ဦးနဲ့ ၆ ရက်နေ့မှာ ၃ ဦး ဆေးရုံက ဆင်းခွင့်ရရှိထားကြတယ်လို့သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54058205

ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့ပြီး ဆေးရုံမှာကိုဗစ် လူနာတွေနဲ့ပြည့်  ပေါက်တောမှာ ၁၅ ဦး ပိုးထပ်တွေ့ပြီး ဆေးရုံမှာကိုဗစ် လူနာတွေနဲ့ပြည့် Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.