ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲထိခိုက်မှာ စိုးရိမ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုရဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)


မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကပ်ရောဂါနဲ့ လုံခြုံရေးပြဿနာတွေက ရွေးကောက်ပွဲ စီစဉ်သူတွေ အတွက်သာမက မဲဆန္ဒရှင်တွေ အတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တခုဖြစ်တဲ့ New Myanmar Foundation အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒသင်းက ပြောပါတယ်။

“အခု COVID-19 ဖြစ်နေတဲ့ အခြေအနေရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် တချို့သော နေရာတွေမှာ ဒီပြည်တွင်းစစ်ကိစ္စတွေ ရှိတယ်ဆိုတော့ ဒီဟာက အကြီးကျယ် သက်ရောက်နိုင်တာကတော့ မဲဆန္ဒရှင်ပေါ့နော်၊ မဲဆန္ဒရှင်ကျတော့ သူတို့ရဲ့နယ်မြေကျတော့ သူတို့လုံခြုံရေးတွေ သူတို့ ကျန်းမာရေးကိစ္စတွေပေါ့နော်၊ ဒါတွေကို သူတို့ အဓိကထားပြီးတော့ စဉ်းစားလိမ်မယ်ပေ့ါနော်၊ အဲ့ဒီခါကျတော့ ခုနလို ကိုယ့်ရဲ့နယ်မြေမှာ ကိုယ်မဲပေးမယ့်နေရာမှာ ဒီငြိမ်ချမ်းမှု မရှိဘူးဆိုရင် မဲထွက်မပေးတာဆိုတာမျိုးတွေ ရွေးကောက်ပွဲကို သူတို့အလေးမထားတော့တဲ့ဟာမျိုးတွေပေါ့နော်။ အဲ့လိုမျိုး အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက အားလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့နော်။”

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်သာ လိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားတာတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပါတယ်။ ကပ်ဘေးဒဏ်သင့်နေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိနေဆဲဖြစ်တာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ထိခိုက်နိုင်တာတွေ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

“ဒါနယ်မြေတွေ ကြေညာတဲ့အခါကျရင် ရွေးကောက်ပွဲလုပ်လို့ရမယ့်နေရာ မလုပ်လို့ရတဲ့နေရာတွေ ရှိရင်လည်းရှိလာနိုင်တယ်ပေါ့နော်၊ ဒါတော့ အန်တီတို့လည်း ကြိုပြောလို့မရဘူး၊ ဘယ်သူမှ ကြိုပြောလို့မရဘူး၊ ဒီအချိန်ကလေး ဆိုတော့ ပြည်နယ် ကော်ခွဲအနေနဲ့ကတော့ လုပ်မယ်ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်သွားမယ်ပေါ့လေ။”

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရင်ရွေးကောက်ပွဲတွေမှာတုန်းက အခက်အခဲတွေ ကြုံခဲ့ရတဲ့ ရှမ်းပြည်နယ်မှာတော့ ဒီနှစ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ပါးနေတာတွေ့ရပေမဲ့ ကပ်ရောဂါအန္တရာယ် ခြိမ်းခြောက်မှုတွေ ကြံုနေရတာပါ။ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ ကြံုရနိုင်တယ်လို့လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးကပြောပါတယ်။

“စစ်ပွဲကတော့ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ကျနော်တို့ ထူးထူးခြင်းဟိုဟာလေး ထူးခြားပြောင်းလဲတဲ့ ဥစ္စာအရင်တွေ ၂၀၁၀၊ ၂၀၁၅ တွေလို သိပ်ပြီးထူးခြားတဲ့ အခက်အခဲ ကျနော်တို့ ရွေးကောက်ပွဲပေါ်မှာ လွှမ်းမိုးမှုသိပ်တော့ မရှိသေးဘူးပေါ့၊ အဲ့အခုချိန်ထိတော့ အဓိကတော့ လက်ရှိကတော့ COVID-19 ကြောင့် ကျနော်တို့ စံအနေနဲ့ ကျာနော်တို့ COVID-19 ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တဲ့အချိန်မှာ တစ်ရက်ကို မဲဆန္ဒရှင် လူဦးရေက မနက် ၆ နာရီကနေ ၄ နာရီခွဲ မဲရုံပိတ်ချိန်ထိကို လူ ၈၅၀ ဆိုတော့ ၁,၀၀၀ ဝန်းကျင်မှာ မဲပေးဖို့အတွက်ကို အချိန်ရတယ်ပေါ့ အဲ့ဝန်းကျင်ကို တခြားဒီတိုက်ပွဲတွေကြောင့်တော့ အခက်အခဲမရှိပါဘူးခင်ဗျာ။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကျေးသီး၊ မိုင်းရှူး အပါအဝင် မြို့နယ် ၅ ခုမှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ဒေသခံ ၂၀၀,၀၀၀ လောက်လည်း မဲပေးခွင့် ဆုံးရှုံးခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ AA အဖွဲ့နဲ့ ရှမ်းပြည်နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကတော့ တဘက်သတ်အပစ်အခတ် ရပ်စဲရေးကို နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။ ဒီမတိုင်ခင်မှာပဲ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားရာ နယ်မြေကလွဲလို့ ကျန်ဒေသတွေမှာ အပစ်အခတ်ရပ်စဲထားတာကို သက်တမ်းတိုးကြောင်း ကြေညာထားပါတယ်။ New Myanmar Foundation အဖွဲ့က မမြနန္ဒသင်း ကတော့ ရွေးကောက်ပွဲ ကာလမှာ အပစ်ရပ်ကြေညာချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့လိုတယ်လို့ မြင်ပါတယ်။

“ဒီလိုအပစ်အခတ်ရပ်စဲထားတယ်ဆိုတဲ့ အခြေအနေကို သူတို့ရဲ့ တပ်ရင်းတွေမှာရှိတဲ့ တပ်ခွဲတွေမှာရှိတဲ့ တပ်သားတွေကိုလည်း ဒါကို သိဖို့လိုအပ်တယ်ပေ့ါနော်၊ သူတို့က ဒီအပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ အခြေအနေတွေ အားလုံးပေါ့နော်။ ကိုယ့်ရဲ့ တပ်ရင်းအသီးသီးမှာ

သိအောင်ပြောရမယ်။ အထူးသဖြင့်ကတော့ တပ်သားတွေကို ဘာကိုရှင်းပြဖို့လိုလည်းဆိုတော့ ဒီကာလက ရွေးကောက်ပွဲလုပ်တဲ့ကာလဖြစ်တယ်၊ ရွေးကောက်ပွဲလုပ်တဲ့ကာလမှာ မဲဆန္ဒရှင်က အေးအေးချမ်းချမ်းနဲ့ သူတို့ မဲထွက်ပေးနိုင်တဲ့ အခြေအနေတစ်ခုလိုတယ်။"

တဘက်သတ် အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးကြောင်း ကြေညာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ သူတို့အပေါ် တိုက်ခိုက်လာမယ်ဆိုရင် ခုခံစစ်အနေနဲ့ တုံ့ပြန်မှာဖြစ်ကြောင်း ပြောဆိုထားသလို၊ တပ်မတော်ကလည်း အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားရာနယ်မြေတွေ မပါဘူးလို့ ပြောထားတာကြောင့် စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။


အဂ္ဂနွန်/VOA (Burmese)

https://burmese.voanews.com/a/myanmar-election-and-covid-cases/5567616.html

ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲထိခိုက်မှာ စိုးရိမ် ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲထိခိုက်မှာ စိုးရိမ် Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.