မြန်မာအများစုပါ မလေးရှားပြန်ပေးဂိုဏ်း မလေးရဲတပ်ဖွဲ့နှိမ်နင်း

မလေးရှားရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၃၊ ၂၀၂၀)

မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲ ရာဇဝတ်ဂိုဏ်းတဂိုဏ်းကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရာမှာ အဓိကသံသယရှိသူ မြန်မာနိုင်ငံသားကို အသေပစ်ခတ် ဖမ်းဆီးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲ ငွေတောင်းနေတဲ့ ပြန်ပေးဂိုဏ်းဝင်တွေအဖြစ် သံသယရှိသူတွေကို မလေးရှားနိုင်ငံပီနန်မြို့အနီး Kepala Batas အရပ်က ဆီအုန်းစိုက်ခင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ အင်္ဂါနေ့က စီးနင်းမှုအတွင်း အသက် ၃၀ ကျော်အရွယ် မြန်မာနိုင်ငံသားက ရဲဒင်းတလက်နဲ့ ခုခံဖို့ ကြိုးစားခဲ့တာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းလည်း ပြည်နယ် ရဲတပ်ဖွဲ့မှူး Datuk Sahabudin Abdul Manan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြန်ပေးဂိုဏ်းမှာ အဓိက ကြိုးကိုင်ဦးဆောင်နေသူတွေရှိရာ နေရာကို သွားရောက် ဖမ်းဆီးချိန်မှာ အဖမ်းမခံဘဲ လက်နက်နဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတဲ့အကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက မလေးရှားဘာသာနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အများစုပါဝင်တဲ့ ပြန်ပေးဂိုဏ်းဟာ မကြာသေးခင်အချိန်အထိ လူ ၂၅ ဦးထက် မနည်းကို ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုတွေဆီမှာ ငွေညှစ်တောင်းခံခဲ့ကြတဲ့ မှုခင်းမှတ်တမ်းရှိသူတွေ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့က Jalan Changkat ဂျလန်ချန်ကက် ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ပြန်ပေးဂိုဏ်းဝင်တွေက ရာဘာခြံတစ်ခုမှာ ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ထားပြီး ဇနီးဖြစ်သူကို ငွေညှစ်တောင်းခံနေတဲ့အချိန် ရဲတပ်ဖွဲ့က ဟန့်တားဖမ်းဆီးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ မသင်္ကာသူတွေကို ခြေရာခံလိုက်နိုင်ခဲ့တာလို့လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

ပြန်ပေးဂိုဏ်းနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသား ၆ ဦးနဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ဖမ်းဆီးထားပြီး ၁၉၆၁ ခုနှစ် ပြန်ပေးဆွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၃) နဲ့ အရေးယူမှာဖြစ်တယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကတော့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့သူနဲ့ ပတ်သက်လို့ အခုအချိန်အထိ တရားဝင် အကြောင်းကြားတာ ရှိမရှိ မသိရသေးဘူးလို့ ပြောပါတယ်။

"သူက ဆေးရုံမှာ အလောင်းက ဆေးရုံကို ရောက်နေတာ ယူအန်ကဒ်အတု ကိုင်ထားတယ်လို့တော့ သိရပါတယ်။ ဒီတော့ ဘာလူမျိုးဘာနိုင်ငံသားလည်းတော့ မသိဘူး။ မြန်မာသံရုံးကိုတော့ဒီ မလေးရှားနိုင်ငံကအစိုးရက ဆက်သွယ်သလား၊ မဆက်သွယ်ဘူးလားတော့ကျနော်မသိထားသေးပါဘူး။"

Selangor ပြည်နယ်က နေရာတချို့မှာ လုယက်မှုနဲ့ဖေါက်ထွင်းမှုပေါင်း ၄၅ မှုထက် မနည်း ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ သူတွေကို မနေ့တုန်းက ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်းလည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ သံသယရှိသူ တချို့ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဖမ်းဆီးမိသူတွေထဲမှာတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ ဒုက္ခသည်ကဒ်ပြား ကိုင်ဆောင်ထားသူတွေ ပါဝင်နေပြီး၊ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ 


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/myanmar-crimal-gang/5569061.html

မြန်မာအများစုပါ မလေးရှားပြန်ပေးဂိုဏ်း မလေးရဲတပ်ဖွဲ့နှိမ်နင်း မြန်မာအများစုပါ မလေးရှားပြန်ပေးဂိုဏ်း မလေးရဲတပ်ဖွဲ့နှိမ်နင်း Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.