ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ကို ၂၀၂၀၊ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - စိုးစိုးထက်/ RFA |
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲပြစ်တင်မှုနဲ့ ဝန်ကြီးချုပ် ရာထူးကနေ ရပ်ဆိုင်းဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်တယ်ဆိုပြီး စွပ်စွဲပြစ်တင်ခံနေရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို ထောက်ခံသင့်၊ မသင့် ဒီနေ့ ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် ၁၆ ယောက်က ထောက်ခံခဲ့တာကြောင့် စွပ်စွဲပြစ်တင်မှုအောင်ပြီး ဝန်ကြီးချုပ်ဟာ ရာထူးကနေ ရပ်ဆိုင်းခံရမှာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေက ပထမဆုံး စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖြုတ်ချလိုက်တာလည်း ဖြစ်ပါတယ်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ယောက် နဲ့ တပ်မတော်သားကိုယ်စားလှယ် ၅ယောက်၊ စုစုစုပေါင်း အယောက် ၂၀ ရှိတဲ့ ကယားပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုအပေါ် ကန့်ကွက်သူ ၄ ယောက်၊ ထောက်ခံသူ ၁၆ ယောက် ရှိတာကြောင့် ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးပုံ နှစ်ပုံကျော်က ထောက်ခံခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြပြီးတဲ့အခါ ဝန်ကြီးချုပ်ကို ရာထူးကနေ ရပ်ဆိုင်းကြောင်း ကြေညာရမှာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ စွပ်စွဲပြစ်တင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။
“ဒီအစီရင်ခံစာ အောင်သွားတာဖြစ်တဲ့အတွက်ပေါ့နော်။ ဥက္ကဋ္ဌကနေတဆင့် နိုင်ငံတော်သမ္မတဆီ တင်ပြီးတော့မှ ဒီဝန်ကြီးချုပ်ရာထူးကနေ နားဖို့အတွက်ကိုပဲ ဒါကျနော်တို့က ဒါပထမတစ်ဆင့်ပေါ့နော်။ ဒါမဖြစ်မနေ ဝန်ကြီးချုပ် တာဝန်ကနေ နားရမှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေ နားရမယ် မနားရဘူးဆိုတာကတော့ ဒါက နောက်တစ်ပိုင်းပေါ့။”
ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ထားတဲ့ အချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တွေကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ စက်ယန္တရားငှားရမ်းခအတွက် ရရှိတဲ့ ငွေတွေကို ပြည်သူ့ဘဏ္ဍာငွေထဲ မထည့်သွင်းတဲ့ကိစ္စနဲ့ အများပြည်သူပိုင် ပြည်နယ်နေ့ အထိမ်းအမှတ်ကွင်းကို ကုမ္ပဏီဆီ ငှားရမ်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ကျပ်သိန်းပေါင်း လေးထောင်နီးပါး ကွာဟနေတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတာပါ။ ဒီစွပ်စွဲပြစ်တင်မှုဟာ မှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဦးအယ်လ်ဖောင်းရှိုကတော့ ဒီစွပ်စွဲပြစ်တင်ချက်တွေက ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း ဖြေရှင်းပြီးတဲ့အကြောင်း၊ ပြည်ထောင်စု အစိုးရရဲ့ ညွန်ကြားချက်အတိုင်း ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း ဥပဒေအကိုးအကားနဲ့ လွှတ်တော်မှာ ချေပခဲ့ပါတယ်။
“ယာဉ်ယန္တရားများကို လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာငွေအဖြစ် ထည့်သွင်းပေးရန် အဆိုကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်အရ နိုင်ငံတော် သမ္မတရုံးရဲ့ ၁/၂၀၁၇ ညွန်ကြားချက်နဲ့ အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ပြီး ရောင်းချရငွေအား ပြည်နယ် ရန်ပုံငွေသို့ ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပြီးပြတ်တဲ့ကိစ္စဆိုတာကိုလည်း ပြောကြားလိုပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ မြို့မြေနဲ့ အခြေခံ မြေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဇယား ၁ ထဲမှာပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခုလို လွဲမှားတဲ့ အဆိုတွေ ပါဝင်ခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးများမှာသာမက သက်ဆိုင်ရာ ဌာနများမှာလည်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းလင်း တင်ပြထားပြီးသားဖြစ်ပါတယ်။”
အဲဒီကိစ္စကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦး ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် နှစ်ဦး၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် တစ်ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက် ကျုးလွန်တဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ထံကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးပုံ တစ်ပုံဖြစ်တဲ့ ငါးဦးက လက်မှတ်ရေးထိုး တင်ပြခဲ့တာဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်မှုမှာ ပါဝင်ခဲ့သူ ငါးယောက်ထဲက တစ်ယောက်ကတော့ သူ့ရဲ့လက်မှတ်တင်ပြမှုကို ရုပ်သိမ်းခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ စွပ်စွဲပြစ်တင်သူတွေထဲက သုံးဦး ပြန်ပါနေတာဖြစ်ပါတယ်။
ပုဒ်မ ၂၆၃ (က)မှာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်တာ၊ အခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာ၊ အကျင့်သိက္ခာပျက်ပြားတာ၊ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးရဲ့ အရည်အချင်း ပျက်ယွင်းတာ၊ ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်တာ စတာတွေနဲ့ စွပ်စွဲပြစ်တင်နိုင်တယ်လို့ ဖော်ပြထားတာပါ။
လွှတ်တော်ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်နဲ့ သမ္မတက ဆက်လက် ဆောင်ရွက်ရမယ့် ဥပဒေပါ လုပ်ထုံး လုပ်နည်းတွေအရ ရာထူးကနေ ရပ်ဆိုင်းကြောင်း ကြေညာဖို့ နောက်ထပ် အချိန် တစ်လလောက် ကြာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ စောခူးတလေ (ခ) ခူးပိုးရယ်က သုံးသပ်ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ မှာက (င) မှာ ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲ ပြစ်တင်မှုနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး သုံးပုံ နှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက် ထမ်းဆောင်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတအား တင်ပြ အစီရင်ခံရမည်။ အဲ့ (င) ၂ မှာပဲ နိုင်ငံတော် သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်။
စုံစမ်းစစ်ဆေးလို့ တွေ့ရှိရတဲ့အဖြေကို လွှတ်တော်မှာပြန်ပြီးတော့ တင်ပြမယ်။ ပြီးရင်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ပြန်ရယူရမှာပေါ့နော်။ အဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံက ထောက်ခံချက်ရှိလို့ရှိရင် ဒီစွပ်စွဲပြစ်တင်ချက်က ခိုင်လုံတယ်။ သုံးပုံ နှစ်ပုံက ထောက်ခံတယ်ဆိုရင် နိုင်ငံတော် သမ္မတဆီကို တင်ပြပြီးတော့မှ နိုင်ငံတော် သမ္မတကနေပြီးတော့မှ ဒီစွပ်စွဲခံရတဲ့ ဝန်ကြီး သို့မဟုတ်ရင် တစ်ဦးဦးပေါ့နော်။ အဲ့ဒီ တစ်ဦးဦးကို သူကဖြုတ်ချပြစ်ရမယ်ဆိုတဲ့ဟာ ရှိတယ်ပေါ့။ တကယ်လို့ စုံစမ်းစစ်ဆေးပြီးတော့မှ ရလာတဲ့ ရလဒ်အပေါ်မှာ သုံးပုံ နှစ်ပုံက မထောက်ခံဘူးဆိုရင်တော့ ဖြုတ်လို့မရဘူးဆိုတဲ့ဟာကိုလည်း လွှတ်တော်ဥက္ကဋ္ဌက သမ္မတဆီကို ပြန်ကြားမယ်၊ ဆိုတော့ သက်တမ်း ဘယ်လောက်ထိရှိလဲ ဆိုတာကတော့ အဲဒီလုပ်သွားတဲ့ ဒီဖြစ်စဉ်အပေါ်မှာ မူတည်ပြီးတော့မှ တစ်လ၊ နှစ်လ ကြာကောင်းကြာနိုင်တာပေါ့။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်ကတော့ ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရတာနဲ့ ပတ်သက်လို့ ပါတီဘက်က လေ့လာနေဆဲဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
“စွပ်စွဲပြစ်တင်တဲ့အဆို တင်တယ်၊ မဲခွဲဆုံးဖြတ်တယ်၊ ဝန်ကြီးချုပ်ဘက်ကလည်း ခုခံချေပတာတွေပဲ သိပါတယ်။ မဲခွဲ ဆုံးဖြတ်တာမှာတော့ သူ့အနေနဲ့ ရှုံးသွားတာပေါ့။ နောက်ဆက်တွဲ အခြေအနေကတော့ ကျနော်လည်း စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။ ပါတီဘက်ကလည်း သူနဲ့ပတ်သက်လို့ လေ့လာနေဆဲဖြစ်ပါတယ်။”
ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်တာနဲ့ပတ်သက်လို့ တွေ့ရှိချက်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့ ကယား(ကရင်နီ) အရပ်ဘက်အဖွဲ့အစည်း ၂၃ ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနနဲ့ လွှတ်တော်အမတ်တွေကို သြဂုတ်လ ၃၁ရက် မနေ့က ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေကို အများသိနိုင်အောင် စနစ်တကျထုတ်ပြန်သင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၂၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက တိုက်တွန်းပါတယ်။
“စနစ်တကျ ချပြပေးဖို့အတွက် ချပြပေးတဲ့နေရာမှာ အဲဒီကော်မတီက ရရှိလာတဲ့ အချက်အလက်တွေ ကျနော်တို့ နားလည်ထားတာက ကျနော်တို့လက်ထဲကို ရောက်နေပြီ အချက်အလက်တွေလည်း ရှိနေပြီ။ ဒါပေမဲ့ အချက်အလက်တွေကို လွှတ်တော်မှာပဲ ထားမယ် ကော်မတီမှာပဲ ထားမယ့်မဟုတ်ဘဲနဲ့ လွှတ်တော်ဆိုလည်း သူ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တင်ပြတာတွေ ပြည်နယ်အစိုးရကလည်း ဝက်ဆိုဒ်ကနေ လူမှုကွန်ရက်ကနေ စနစ်တကျ ထုတ်ပြန်တာတွေ တွေ့ချင်ပါတယ်။”
စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးသဲရယ် ပြောတာက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ နောက်ပိုင်းမှာ စစ်ဆေးရေးအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာပါ။
“CSO တွေကနေပြီး ဒီလို အိတ်ဖွင့်ပေးစာ တင်ပြလာတဲ့အပေါ်မှာလည်း နောက်ပိုင်း ကျနော်တို့ လုပ်လို့ရတယ်။ ဆိုတာလည်း ဆက်လုပ်မှာပါ။ ဒါတွေကတော့ တချို့လူထုကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ကိစ္စတွေရှိနေတဲ့အခါကျတော့ ဒါကလည်း ကျနော်တို့ လုပ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ အဲဒါဆိုတော့ ဒါတွေက ဒီအချိန်မှာ ကျနော်တို့ ချက်ချင်း ထပြီး လုပ်လို့မရသေးပေမယ့်လည်း ဒါက နောက်ပိုင်းကျရင် ကျနော်တို့ လုပ်ရမည့်ကိစ္စ ဖြစ်တယ်။”
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ နောက်ထပ် အကြောင်းအရာ တချို့ကိုလည်း စုံးစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုမရှိတဲ့ သတ္တုသန့်စင်စက်ရုံ တည်ဆောက်တာနဲ့ စက်မှုဇုံ စီမံခန့်ခွဲလုပ်ဆောင်တာ၊ ပန်းဥယျာဉ်မြေယာရှုခင်းလုပ်ငန်း၊ ဘာသာရေးဆိုင်ရာ အလှူအတန်း ပြုလုပ်တာနဲ့ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု အသင်းအဖွဲ့တွေကို ထောက်ပံ့ငွေပေးအပ်တာ၊ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်တိုင်းမှာ ပေးဝေတဲ့ ငွေကြေးဆိုင်ရာကိစ္စ၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောင်တာနဲ့ ပန်းအလှဆင်တာ စတဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးပြီး ပွင့်လင်းမြင်သာစွာ ချပြ ရှင်းလင်းပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် ( ၂ ) ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး လာမယ့် အထွေထွေရွေးကောက်ပွဲမှာလည်း လက်ရှိ မဲဆန္ဒနယ်ကနေပဲ ပြန်လည်ယှဉ်ပြိုင်ဖို့ NLD ပါတီက ရွေးချယ်ထားတာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/parliament-kayah-pm-accuse-success-09012020024733.html
No comments:
Post a Comment