နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှာ နေထိုင်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို တွေ့ရစဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ် သာလမ်းက ခြံအမှတ် (၅၄) မှာ နေထိုင်သူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က RFA ကို အတည်ပြုပြောပါတယ်။

ပိုးတွေ့ရှိသူဟာ အသက် ၅၀ ဝန်းကျင်အမျိုးသားဖြစ်ပြီး ခြံအမှတ်(၅၄)မှာ အမြဲတမ်းတာဝန် ချထားခံရသူလို့ သိရပါတယ်။ ပိုးတွေ့ရှိသူကို ဆေးကုသပေးဖို့ ဖောင်းကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဖွင့်လှစ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးမယ့်နေရာကို ခေါ်သွားပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့တဲ့ ခြံနံပါတ် ၅၄ က ခြောက်ဦးကို ဟိုတယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ ခေါ်သွားတယ်လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာပဲ ရှိနေတာပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက်  ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၆၆ ဦးတွေ့ရှိခဲ့ရာမှာ ရန်ကုန်တိုင်းက ၄၃ ဦးရှိပါတယ်။ အဲဒီထဲက ဗဟန်းမြို့နယ်မှာ နေထိုင်သူ နှစ်ဦးတွေ့ရှိခဲ့ရာမှာ ခြံအမှတ် ၅၄ မှာ နေထိုင်သူ ပါဝင်လာတာဖြစ်ပါတယ်။

ကျန်တဲ့ ပိုးတွေ့လူနာတွေက မန္တလေးတိုင်းက ၁၇ ဦး၊ ရခိုင်ပြည်နယ်က သုံးဦး၊ ဧရာဝတီတိုင်းက နှစ်ဦးနဲ့ ကရင်ပြည်နယ်က တစ်ဦး ပါဝင်ပါတယ်။

ဒီနေ့မနက်အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ စုစုပေါင်းဟာ ၁၃၁၉  ဦး ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲက ၃၇၁ ဦးက ရောဂါပိုး ကင်းစင်သွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-corona-in-dassk-house-09062020024341.html

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှာ နေထိုင်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှာ နေထိုင်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.