မန္တလေးတိုင်းကို ရခိုင်နဲ့ ရန်ကုန်ကလာသူတွေ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည်

မန္တလေးမြို့အလယ် တစ်နေရာကို တွေ့ရစဉ်

ဓာတ်ပုံ - ခေမဏီဝင်း/ RFA

မန္တလေးတိုင်းကို လာရောက်သူတွေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ပြန်လည်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ လုပ်သွားမယ့်အပြင် ဆေးစစ်ဖို့ ကုန်ကျစရိတ်ကိုလည်း ကာယကံရှင်က ကျခံရမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မည်သူမဆို ဓာတ်ခွဲစစ်ဆေးဖို့အတွက် ကုန်ကျမယ့်စရိတ်နဲ့ စောင့်ကြည့် ကာလဝင်နေချိန်မှာ ကုန်ကျမယ့်စရိတ်တွေကို ကျခံရမယ့်အပြင် လိုက်နာရမယ့် တခြားအချက်အလက်တွေကိုလည်း မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့ ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေကနေ မန္တလေးတိုင်းအတွင်း ပြန်လာတဲ့သူ၊ လာရောက်တဲ့သူတွေဟာ နေထိုင်ရာမြို့နယ်တွေမှာ နေထိုင်ကြောင်း ထောက်ခံစာလိုအပ်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူရဲ့ ခွင့်ပြုချက်မရှိဘဲ လာမယ်ဆိုရင် ၁၄ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမှာဖြစ်ပြီး အဲ့ဒီကာလအတွင်းမှာ နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခံရမှာပါ။ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ သံတမန်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေကတော့ ၇ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ခံရမှာဖြစ်ပြီး ငါးရက်မြောက်နေ့မှာ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာတွေ ယူသွားမယ်လို့ ပြောပါတယ်။

နေအိမ်တွေမှာနေထိုင်ရေး အစီစဉ်တွေမှာ အကျုံးမဝင်တဲ့မြို့နယ်ကလာသူတွေကိုလည်း တာဝန်ရှိသူတွေက စစ်ဆေးသွားမှာဖြစ်ပြီး သံသယဖြစ်စရာတွေ့ရင် လိုအပ်တဲ့ ဆေးကုသမှု ခံယူရမယ်လို့ ပါဝင်ပါတယ်။

နေအိမ်မှာနေထိုင်ရေးအစီစဉ်မှာ ပါဝင်တဲ့မြို့ကလာပြီး မန္တလေးမြို့ကို ဖြတ်သန်းသွားမယ့်သူတွေဟာ ညအိပ်ရပ်နားတာ မလုပ်ဖို့လည်း ပြောထားပါတယ်။

အဲဒီထုတ်ပြန်ချက်တွေဟာ စက်တင်ဘာ (၇) ရက်နေ့ကစပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုက်နာမှုမရှိရင်၊ မေးမြန်းတာတွေကို မမှန်မကန်ဖြေကြားရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) အရ အရေးယူဆောင်ရွက်မယ်လို့လည်း သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလအတွင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေမလိုက်နာတာကြောင့် မန္တလေးတိုင်းအတွင်းမှာ လူဦးရေ ၄၃၀ ကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/people-from-rakhine-and-rakhine-will-be-restricted-in-mandalay-09062020061412.html

မန္တလေးတိုင်းကို ရခိုင်နဲ့ ရန်ကုန်ကလာသူတွေ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည် မန္တလေးတိုင်းကို ရခိုင်နဲ့ ရန်ကုန်ကလာသူတွေ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည် Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.